Wednesday, January 4, 2017

ဖိလစ်ပိုင်သို့ ရုရှားစစ်ရေယာဉ်နှစ်စင်း ပထမဆုံးအကြိမ်လာရောက် နှစ်နိုင်ငံ ပင်လယ်ရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်ရန် ရုရှားဆန္ဒရှိ



Image may contain: one or more people, people standing and outdoor
မနီလာ ဇန်နဝါရီ ၃
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးသည် အမေရိကန်၏အစဉ်အလာပြိုင်ဘက် ရုရှားနိုင်ငံနှင့် သင့်မြတ်မှုရရှိရန် အလေးပေးလာချိန်တွင် နှစ်နိုင်ငံရေတပ်ဖွဲ့များ ပထမဆုံး အကြိမ်တွေ့ထိဆက်ဆံမှုအဖြစ် မနီလာမြို့သို့ ရုရှားစစ် သင်္ဘောနှစ်စင်းကို စေလွှတ်လိုက်ကြောင်း၊ ရုရှားနိုင်ငံသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ပင်လယ်ဓားပြချေမှုန်းရေးအတွက် ဖိလစ်ပိုင်ရေတပ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်ရန်ဆန္ဒရှိကြောင်း ယနေ့ရိုက်တာသတင်းတွင်ဖော်ပြသည်။
ရုရှားရေတပ်မှ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ် တစ်စင်းဖြစ်သော အက်ဒမီရယ်ထရိုင်ဘတ်နှင့် လောင်စာ ဆီတင်ရေယာဉ် ဘောရစ်ဘူတိုမာတို့သည် ဇန်နဝါရီ ၃ ရက်နှောင်းပိုင်းတွင် လေးရက်ကြာချစ်ကြည်ရေးခရီးစဉ် အဖြစ် မနီလာမြို့သို့ရောက်ရှိလာသည်။ အဆိုပါ စစ်ရေယာဉ်များသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးစွမ်းရည်ဆိုင်ရာသရုပ်ပြပွဲများပြုလုပ်မည်ဟု မျှော်လင့်ရပြီး တွေ့ဆုံးဆွေးနွေးမှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားပစိဖိတ်ဒေသရေယာဉ်စုအကြီးအကဲ အီဒူရစ် မီဟိုင်းလော့ဗ်က ပြောကြားသည်။
မိမိတို့အစိုးရသည် သင့်တော်သောအချိန်တွင် ဖိလစ် ပိုင်နှင့် ပင်လယ်ရေကြောင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရေးအတွက် ဆွေးနွေးမှုများပြုလုပ်သွားဖွယ်ရှိကြောင်း ရုရှားပစိဖိတ်ဒေသ စစ်ရေယာဉ်စုတပ်မှူးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။ ရုရှားရေတပ်သည် အင်ဒိုနီးရှားရေတပ်နှင့် အခါအားလျော်စွာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ရုရှားစစ်ရေယာဉ်များ ဖိလစ်ပိုင်သို့လာရောက်ခြင်းမှာ ရုရှားနှင့် ဖိလစ်ပိုင်ရေတပ်တို့ ပထမဆုံးအကြိမ် တရားဝင် အပြန်အလှန် ဆက်သွယ်မှုဖြစ်ကြောင်း ဖိလစ်ပိုင်စစ်ဘက် ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များအား ပြောကြားသည်။ ဖိလစ်ပိုင်နှင့်အမေရိကန်ရေတပ်တို့သည် နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ကျင်းပမြဲဖြစ်သော်လည်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ၎င်း၏ကာကွယ်ရေးဝန်ကြီးအား ပင်လယ်ရေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုပုံစံ ပြောင်းလဲရန် ညွှန်ကြားခဲ့သည်။
ဆင်ဟွာ။

No comments:

Post a Comment