Saturday, January 28, 2017

ရန်ကုန်မြို့၌ ခေတ်မီအမှိုက်လှည်း၊ အမှိုက်သိမ်းယာဉ်များအသုံးပြုမည်

Image may contain: 2 people, outdoor
ရန်ကုန် ဇန်နဝါရီ ၂၇
ရန်ကုန်မြို့တော်သန့်ရှင်းရေးလုပ်ငန်း များအား ပြောင်းလဲလာသော စနစ် နှင့်အညီ အမှိုက်လှည်း၊ အမှိုက်သိမ်း စနစ် အဆင့်မြှင့်တင်နိုင်ရန် လိုအပ် လာသည့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနသည် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံမှ ဝယ်ယူရောက်ရှိလာသော ခေတ်မီ အမှိုက်သိမ်းယာဉ်၊ အမှိုက်လှည်းယာဉ် နှင့် အမှိုက်သိမ်းယန္တရား ၄၂ စီးအား မြို့နယ်များအတွင်း အသုံးပြုသွားမည့် အခြေအနေများနှင့်ပတ်သက်၍ မီဒီယာရှင်းလင်းပွဲကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့တော်ခန်းမ ရှေ့မျက်နှာစာ မဟာဗန္ဓုလလမ်း၌ ကျင်းပရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ စည်ပင် သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် ဝန် ဦးမောင်မောင်စိုး တက်ရောက်ပြီး ပြည်ပမှ ရောက်ရှိလာသော ခေတ်မီ အမှိုက်သိမ်းယာဉ် အမျိုးမျိုးအား ကြည့်ရှုစစ်ဆေးကာ ဌာနအတွင်း သိမ်းဆည်းထားသည့် ပုံစံစနစ် မဟုတ်ဘဲ မြို့တော်သန့်ရှင်းရေး အတွက် အချိန်နှင့်တစ်ပြေးညီ သုံးစွဲသွားရန် တာဝန်ရှိသူအဆင့်ဆင့်ကို မှာကြားသည်။
ယနေ့ ရန်ကုန်မြို့တော်အတွင်းလာရောက်အခြေပြုမှီတင်းနေထိုင်မှုသည် အချိန်နှင့်အမျှ တိုးပွားလျက် ရှိနေသလို မှီတင်းနေထိုင်သော မြို့တော်သူ မြို့တော်သားများ၏ နေထိုင်မှု အဆင့်အတန်းကလည်း အမြဲ ပြောင်းလဲနေသည့်အတွက် ပြောင်းလဲမှုနှင့်အတူ သန့်ရှင်းရေး သုံးစက်ပစ္စည်း ယာဉ်ယန္တရားများကို လည်း ခေတ်စနစ်နှင့်အညီ ဖြည့်ဆည်း သုံးစွဲခြင်းဖြစ်ကြောင်း၊ မြို့တော်တစ်ခု လုံး အမြဲထာဝရ သန့်ရှင်းအောင် ဆောင်ရွက်ရန်အတွက် မြို့တော်နေ ပြည်သူများအနေဖြင့် ပါဝင်ပူးပေါင်း ဆောင်ရွက်ပေးမှသာ မြို့တော်ကြီး သန့်ရှင်းရေးလုပ်ငန်းများ အောင်မြင် လာမည်ဖြစ်ကြောင်း မီဒီယာများ မေးမြန်းမှုကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၏ ဖြေကြားချက်အရ သိရသည်။
ရန်ကုန်မြို့တော် သန့်ရှင်းရေး လုပ်ငန်းသုံး အမှိုက်သိမ်းယာဉ်၊ အမှိုက်လှည်းယာဉ်၊ ယန္တရားယာဉ် အမျိုးမျိုးကို ပြည်ပနိုင်ငံမှ မှာယူ ဖြည့်တင်းရာ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ်အတွင်း စုစုပေါင်းမြန်မာကျပ်ငွေ ၆ ဒသမ ၁၁ ဘီလီယံကျော်ရှိပြီး ယခု ရောက်ရှိသည့် အမှိုက်လှည်းယာဉ် လေးစီး၊ အမှိုက်သိမ်းယာဉ်ငယ် အစီး ၃ဝ၊ ယန္တရားရှစ်စီး စုစုပေါင်း ၄၂ စီးကို ပြသရှင်းလင်းခြင်းဖြစ်သည်။
ပြည်ပတွင်မှာယူထားသည့် အစီး ၁၁၄ စီးအနက် ၄၂ စီးကို ပြသခြင်း ဖြစ်သည်။ စုစုပေါင်းမှာယူထားသည့် ယာဉ်များအနက် ယခုလက်တွေ့ပြသ သော အမှိုက်လှည်းယာဉ်သည် ဂျာမနီနိုင်ငံမှ ဝယ်ယူခြင်းဖြစ်သည်။၎င်းယာဉ်သည် INDOOR တွင် သာမက OUTDOOR တွင်လည်း အမှိုက်များ၊ ဖုန်များကို သွက်လက် မြန်ဆန်စွာ သိမ်းဆည်းပေးနိုင်ခြင်း၊ လမ်းပေါ်တွင် ထင်ကျန်ရစ်သော ဆီကွက်များ၊ အညစ်အကြေးများကိုလည်း ရေဖြင့်ပွတ်တိုက်ဆေးကြော ပေးနိုင်ခြင်း၊ စိမ်းလန်းသော ပန်းခြံ မြက်ခင်းများတွင် မြက်ရိတ်စက်ဖြင့် အသုံးပြုနိုင်ခြင်း၊ လမ်းလယ်ကျွန်း မြက်ခင်းပေါ်တွင်ကျသော အမှိုက် များကိုလည်း သိမ်းဆည်းနိုင်ခြင်း၊ အမှိုက်လှည်း ယာဉ်ငယ်ဖြစ်သည့် အတွက် ယာဉ်သွားလာမှုကို အနှောင့် အယှက်မဖြစ်ဘဲ အချိန်တိုအတွင်း သန့်ရှင်းရေးလုပ်ငန်းများကို လျင်မြန် စွာ ဆောင်ရွက်နိုင်သော စက်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနမှ ဦးသန်း ဌေး၏ ရှင်းပြမှုအရသိရသည်။
လက်ရှိအသုံးပြုနေသော လက်တွန်း လှည်းသုံး အမှိုက်သိမ်းလှည်းနေရာ များတွင် ခေတ်မီအမှိုက်သိမ်းစက် တပ်ယာဉ်ငယ်များ အစားထိုး အသုံးပြုနိုင်ရန် သုံးဘီးမော်တော်ဆိုင်ကယ် နှင့် ချိတ်ဆက်ထားသော အမှိုက်သိမ်း ယာဉ်ငယ်များကိုလည်း ပြည်ပတွင် အစီး ၁ဝဝ ကျော် မှာယူထားကြောင်း သိရသည်။
(စောသိန်းဝင်း)

No comments:

Post a Comment