Wednesday, January 4, 2017

(၆၉) နှစ် လွတ်လပ်ရေးနေ့သန္နိဋ္ဌာန်



Image may contain: text
မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ် ပြာသိုလပြည့်ကျော် ၉ ရက် (ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်)တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအဖြစ်သို့ ရောက်ရှိခဲ့သည်။
ဤငါတို့မြန်မာနိုင်ငံတော်ကြီးသည် လိုရာမတ ပြည့်စုံလှ၍ ဘူမိ နက်သန်မှန်သော မြေထူးမြေမြတ်လည်းဖြစ်သည်။ မွန်မြတ်သန့်စင်သော တရားထူးတရားမြတ်တို့တည်ရာ မြေကောင်းမြေမွန်လည်းမှန်သည်။ မြေတွင်းမြေပြင် အထူးထူးသော ရတနာအပေါင်းတို့နှင့်ပြည့်စုံသဖြင့် သတ္တဝါအပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော်လည်း မသုဉ်းမကုန် နိုင်သော ပဒေသာအစစ် အနှစ်သာရကြွယ်ဝပြည့်စုံသောမြေလည်းဖြစ်သည်။
ဘူမိနက်သန်မှန်လှထူးချွန် ဤမြေမွန်မြေမြတ်၌ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းဟူသည့် တစ်သွေးတစ်သားတည်း တစ်မိဖွားဖြစ်ကြကုန်သော ငါတို့သည် နှစ်ပေါင်းထောင်ရာသင်္ချာပွားတက် ရေတွက်ခြင်းငှာ မတတ်နိုင်ရာသော ရာဇဝင်ရှည်ဝေး ရှေးပဝေသဏီမှစ၍ တညီတညွတ်တစုတရုံး လွတ်လပ်သောလူမျိုးအဖြစ် တည်ခဲ့ကြသည်။
တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ထို့နောက် မန္တလေးအထိ ငါတို့၏လွတ်လပ်ရေးသည် နေရောင်လဝါပမာကဲ့သို့ တဖြာဖြာတဝင်းဝင်း ကမ္ဘာချည်းအောင် ထွန်းလင်းခဲ့ပေသည်ဟု လွတ်လပ်သောမြန်မာနိုင်ငံတော်၏ ဂုဏ်ပုဒ်ကို လွတ်လပ်ရေးရရှိသည့်နေ့ လွတ်လပ်ရေးကြေညာစာတမ်း၌ ချီးမွမ်း ဖွဲ့ဆိုထားပေသည်။
ဤမျှအရှိန်အဝါနှင့် ဂုဏ်ကျက်သရေထွန်းလင်းတောက်ပလာခဲ့သော နိုင်ငံတော်ကြီးသည် တစ်ကမ္ဘာလုံး ရစ်ပတ်ဖုံးအုပ်ခဲ့သော နယ်ချဲ့စနစ်နှင့်မရှောင်မကွင်းသာ ကြုံကြိုက်ဆုံတွေ့မိ၍ ပထမအင်္ဂလိပ်-မြန်မာစစ်၌ ရခိုင်နှင့် တနင်္သာရီ၊ ဒုတိယအင်္ဂလိပ်-မြန်မာစစ်၌ ဟံသာဝတီ၊ ပဲခူး၊ တတိယအင်္ဂလိပ်-မြန်မာစစ်၌ မန္တလေးရတနာပုံဟူ၍ နိုင်ငံတော်ကိုသုံးကြိမ်သုံးလီ သုံးပိုင်းပိုင်းကာ နှစ်ပေါင်းထောင်ချီစောင့် ရှောက်ခဲ့သော ကျွန်ုပ်တို့၏လွတ်လပ်ရေးသည် ကျွန်ုပ်တို့လက်မှလွတ်၍ တစ်နိုင်ငံလုံးလက်အောက်ခံဘဝသို့ ကျရောက်ခဲ့ရသည်။
သို့သော် အသူရိန်နေမင်း၊ သူရိယလစန္ဒာတို့ကို ဆီးနှင်းမြူတိမ်တို့ မည်သို့ပင်ဖုံးလွှမ်းစေကာမူ နေ၊ လတို့၏ အရှိန်အတောက်ကိုမခံနိုင်ဘဲ ခေတ္တနှင့်ပင်လွင့်စဉ်ကွယ်ပျောက်၍ နေဝါလရောင်ဖြင့် ပကတိအသရေကို ပြန်ဆောင်ဘိသကဲ့သို့ ငါတို့အပေါ်၌ ဖုံးလွှမ်းသောနယ်ချဲ့စနစ်သည် ငါတို့၏ကမ္ဘာရှည်မြင့်ရင့်မာလှသော လွတ်လပ်ရေးစိတ်ဓာတ်၏ အရှိန်အတောက်ကို မခံနိုင်ရကား ၆၁ နှစ်၊ တစ်လနှင့်တစ်ရက်သော အချိန်ကာလမှာပင် အလိုအလျောက် ကွယ်ပျောက်သွားရသည်။
ဤနေ့ဤအချိန်အခါမှစ၍ ငါတို့သည် အသူရိန်ခံတွင်းမှ ရှင်းရှင်းကြီးလွတ်မြောက်အပ်သော လပြည့်စန်းပမာ သန့်ရှင်းစင်ကြယ်ပြီး ချမ်းမြေ့သာယာစွာဖြင့် လုံးဝလွတ်လပ်သော ဘဝထူးဘဝမြတ်ကို လက်ဆုပ် လက်ကိုင်အပိုင်ရရှိကြပြီဟု ၁၉၄၈ ခုနှစ် ထိုနေ့ထိုရက်၌ လွတ်လပ်ရေး နေ့ထူးမြတ်ပုံကို ဖွဲ့ဆိုခဲ့ပေသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးကို လမ်းစရှာကာအမြန်ဆုံးရရှိအောင် ပို့ဆောင်ပေးခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အကြီးအမှူးခေါင်းဆောင်ကြီးတို့၏ မဆုတ်မနစ်သောလုံ့လ၊ မလျော့သောဝီရိယ၊ စူးရှသောသတ္တိတို့ကြောင့် အခြားလွတ်လပ်သော နိုင်ငံကြီးများနှင့်တန်းတူ အချုပ်အခြာတည်းဟူသော အာဏာပိုင်စိုးမှုကို ရရှိခဲ့သည်။ ယနေ့ ထက်တိုင် မြန်မာနိုင်ငံသားဟူသော တိုင်းရင်းသားအပေါင်းတို့ဇာတိ ချက်ကြွေနေထိုင်ရာ နိုင်ငံတစ်ဝန်းကို တစ်သွေးတစ်သားတည်း၊ တစ်စိတ် တစ်ဝမ်းတည်း၊ သဘာဝအထောက်အပံ့ စေတနာတည်းဟူသော ကြိုးသုံးကြိုးဖြင့် ရစ်ပတ်ချည်နှောင်ထားပေသည်။
(၆၉) နှစ်တိုင်ခဲ့ပြီဖြစ်သော ဤနေ့ဤရက်တွင် ကျွန်ုပ်တို့လွတ်လပ်ရေး၊ ကျွန်ုပ်တို့နိုင်ငံတော်ကြီး၏သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်တံ့ အောင် ဆက်လက်ထိန်းသိမ်းဆောင်ရွက်မည်ဟု ကျွန်ုပ်တို့ထပ်မံသန္နိဋ္ဌာန်ပြုပါသည်။ ။

No comments:

Post a Comment