Wednesday, December 28, 2016

ပုလဲဆိပ်ကမ်းသွားရောက်မည့် အာဘေး ဟာဝိုင်ယီသို့ ရောက်ရှိ

Image may contain: 7 people
ဟိုနိုလူလူ ဒီဇင်ဘာ ၂၇
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်းသို့ ရောက်ရှိလာသည်။ အာဘေးသည် ဟာဝိုင်ယီကျွန်းတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၇၅ နှစ်က ပုလဲဆိပ်ကမ်းရှိ အမေရိကန်ရေတပ်စခန်းကို ဂျပန်နိုင်ငံက ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကျဆုံးသွားသူများကို သတိရအောက်မေ့ ဂါရဝပြုသွားမည်ဖြစ်သည်။
အာဘေးသည် တနင်္လာနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် အမေရိကန်လေတပ်စခန်းသို့ ရောက်ရှိ လာသည်။ ခရီးစဉ်ပထမနေ့တွင် အာဘေးသည် ပစိဖိတ် စစ်ပွဲအတွင်း ကျဆုံးခဲ့သည့် အမေရိကန်စစ်သည်များ မြှုပ်နှံထားသည့် အမျိုးသားအထိမ်းအမှတ်ဂူသင်္ချိုင်းသို့ သွားရောက်ခဲ့သည်။ အာဘေးသည် ဟာဝိုင်ယီတွင် ကျဆုံး ခဲ့သည့် ဂျပန်စစ်သည်များမြှုပ်နှံထားသည့် ဂူသင်္ချိုင်းသို့ လည်း သွားရောက်ခဲ့သည်။
အာဘေးသည် နောက်လတွင် သမ္မတတာဝန်မှ အနားယူတော့မည့် အမေရိကန်သမ္မတ ဘာရက်အိုဘားမား နှင့်လည်း တွေ့ဆုံရန်စီစဉ်ထားသည်။ နှစ်နိုင်ငံခေါင်းဆောင် နှစ်ဦးသည် ယူအက်စ်အက် အရီဇိုနား အထိမ်းအမှတ် သင်္ဘောပေါ်တွင် လွမ်းသူ့ပန်းခွေချ အလေးပြုသွားမည် ဖြစ်သည်။
အာဘေးသည် အမေရိကန်စစ်ပြန်များကို အသိအမှတ်ပြု မိန့်ခွန်းပြောကြားသွားမည်ဖြစ်သည်။ အာဘေးက ဘေးဒုက္ခစစ်ပွဲများ ထပ်မံမဖြစ်ပွားစေလိုသည့် ၄င်း၏ ခံယူချက်ကို ထုတ်ဖော်ပြသသွားမည်ဟု မျှော်လင့်ရပြီး စစ်ပွဲကာလအတွင်းက ရန်သူရန်ဘက်နှစ်နိုင်ငံကြား ပြန်လည်ပေါင်းစည်းမှုပြုနိုင်ခဲ့သည့် အကျိုးကျေးဇူးကိုလည်း ဖော်ပြသွားမည်ဖြစ်သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment