Saturday, December 31, 2016

အားကစားလောကတွင်း အကောင်းနဲ့ အဆိုးနှစ်ရပ်လုံးကို ခြယ်မှုန်းခဲ့တဲ့ ၂ဝ၁၆


Image may contain: 6 people, outdoor
၂ဝ၁၆ ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အချို့သော အားကစားလောက အဖြစ်အပျက်တွေဟာ တကယ့်ကို လွမ်းမောဖွယ်ရာ၊ ကြည်နူးဖွယ်ရာတွေဖြစ်ခဲ့ပြီး ဒီလို အနိမ့်အမြင့်ကြုံတွေ့ရတာကပဲ လူ့လောကနဲ့ နီးစပ်တာကြောင့် လူသားတွေ အားကစားကို သဘောကျနှစ်ခြိုက်ကြတာလို့လည်း ယေဘုယျကျကျ ယူဆလို့ရပါတယ်။ နှစ်တစ်နှစ်အတွင်း မြောက်မြားစွာသော အဖြစ်အပျက်တွေအများကြီးဖြစ်ခဲ့တာကြောင့် ထူးခြားမှုတွေအများကြီးလည်း တွေ့ရပေမယ့် မြန်မာ့ စာဖတ်ပရိသတ်တွေ ပိုပြီး မှတ်မှတ်ထင်ထင်ရှိခဲ့တဲ့ အကြောင်းအရာအချို့ကိုသာ ၂ဝ၁၆ ခုနှစ် တစ်နှစ်တာမှတ်တမ်းအဖြစ် ထုတ်နုတ်တင်ဆက်လိုက်ရပါတယ်။
ဆူဇူကီးဖလားပြိုင်ပွဲကြောင့် အသက်ဝင်ခဲ့တဲ့ မြန်မာ့ဘောလုံးလောက
မြန်မာနိုင်ငံက အရှေ့တောင်အာရှ အမြင့်ဆုံးပြိုင်ပွဲတစ်ရပ်ဖြစ်တဲ့ ဆူဇူကီး ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခြင်းနဲ့အတူ မြန်မာ့ဘောလုံး လောကက မြန်မာပရိသတ်တွေရဲ့ စိတ်ဝင်စားမှု အာရုံကိုလည်း ပိုမိုလှုပ်နိုး နိုင်ခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းက ပွဲဦးထွက်မှာ ဗီယက်နမ်ကို ရှုံးနိမ့် ခဲ့ပေမယ့် ကမ္ဘောဒီးယား၊ မလေးရှားအသင်းတွေကို အနိုင်ကစားပြီး အုပ်စု ဒုတိယနဲ့ အကြိုဗိုလ်လုပွဲအဆင့်ကို ၂ဝဝ၄ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။ မြန်မာအသင်းက ထိုင်းအသင်းကို နှစ်ကျော့ပေါင်း ခြောက်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခြင်းမရှိပေမယ့် ပရိသတ် တွေရဲ့ ချစ်ခင်မှုကိုတော့ အပြည့်အဝရယူနိုင်ခဲ့ပါတယ်။
မြန်မာတိုက်စစ်မှူး အောင်သူရဲ့ ခြေစွမ်းက အရှေ့တောင်အာရှက ပြိုင်ဘက်တွေကို သတိပေးနိုင်ခဲ့သလို မောင်မောင်လွင်၊ မျိုးကိုထွန်း၊ သန်းပိုင်၊ ဇော်လင်းထွန်းတို့ရဲ့ ခြေစွမ်းတွေကလည်း အသိအမှတ်ပြုဖို့ ကောင်းခဲ့ပါတယ်။ အောင်သူဆိုရင် ပရိသတ်တွေ ကိုယ်တိုင်မဲပေးရွေးချယ်တဲ့ ဆူဇူကီးဖလားရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် မြန်မာအသင်းအနေနဲ့ ဒီတစ်ကြိမ်မှာ အကြိုဗိုလ်လုပွဲအဆင့်နဲ့သာ ကျေနပ်ခဲ့ရ ပေမယ့် နောက်လာမယ့် ပြိုင်ပွဲတွေမှာတော့ အခုထက်ပိုမိုမြင့်မားတဲ့ ရပ်တည် ချက်တစ်ခုရရှိလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
အလှည့်အပြောင်းများတဲ့ စီရိုနယ်လ်ဒိုနဲ့မက်ဆီကြားက ကံကြမ္မာ
၂ဝ၁၆ ခုနှစ်အတွင်း စီရိုနယ်လ်ဒိုနဲ့ မက်ဆီရဲ့ ကံအလှည့်အပြောင်းကတော့ ဆန့်ကျင်ဘက်လို့ဆိုရမယ့် အနေအထားပါပဲ။ ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်လတွေ အတွင်းက ဥရောပမှာ ယူရိုဖလား၊ အမေရိကန်ပြည်ထောင်စုမှာ ကိုပါအမေရိက ဖလား ကျင်းပခဲ့တာကြောင့် မက်ဆီရော စီရိုနယ်လ်ဒိုရော ကလပ်အသင်း တွေအတွက်သာမက နိုင်ငံအသင်းအတွက်ပါ ပြိုင်ပွဲကြီးတွေ နွှဲခဲ့ရပါတယ်။ အာဂျင်တီးနားအသင်း နိုင်ပွဲတွေဆက်ပြီး ဂိုးတွေ တဒိုင်းဒိုင်းသွင်းနေတဲ့ မက်ဆီကို မီဒီယာတွေက ဂုဏ်ပြုရေးသားနေတဲ့ အချိန်မှာ ပေါ်တူဂီအသင်း ယူရိုပြိုင်ပွဲ သုံးပွဲဆက်သရေရလဒ်ကြောင့် စီရိုနယ်လ်ဒိုကတော့ ဝေဖန်မှုတွေ ကြုံတွေ့နေရချိန်ဖြစ်ပါတယ်။
မက်ဆီရဲ့ အာဂျင်တီးနားအသင်းက ဗိုလ်လုပွဲမှာ ချီလီကို ရှုံးနိမ့်ပြီး ဒုတိယဆုနဲ့ ကျေနပ်ခဲ့ရပေမယ့် စီရိုနယ်လ်ဒိုရဲ့ ပေါ်တူဂီက ဗိုလ်စွဲဖို့ ထိပ်ဆုံး မှာ ရေပန်းစားနေတဲ့ ပြင်သစ်ကို နောက်ကောက်ချပြီး ပေါ်တူဂီနိုင်ငံ အသင်းအတွက် ဥရောပချန်ပီယံဘွဲ့ကို ပထမဦးဆုံးအကြိမ် ဆွတ်ခူးစေခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ အုပ်စုပွဲစဉ်သုံးပွဲလုံး သရေရလဒ်သာ ရရှိခဲ့ပြီး အကောင်းဆုံး တတိယအသင်းအဖြစ်သာ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်ကို တက်ရောက်လာခဲ့တာဖြစ်သလို ဝေလအသင်းနဲ့ အကြိုဗိုလ်လုပွဲစဉ်ကလွဲရင် ကျန်ပွဲစဉ်တွေ အကုန်လုံး မိနစ် ၉ဝ အတွင်း အနိုင်ရရှိအောင် မကစားနိုင်ဘဲ ပင်နယ်တီအဆုံးအဖြတ်၊ အချိန်ပိုသွင်းဂိုးတွေ စသဖြင့် တစ်လိမ့်လိမ့် အနေ အထားနဲ့ ဗိုလ်လုပွဲအထိ တက်ရောက်လာနိုင်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ပြင်သစ် အသင်းကို အနိုင်ယူဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ မက်ဆီနဲ့ စီရိုနယ်လ်ဒိုတို့ဟာ နိုင်ငံအသင်းသာမက ကလပ်အသင်းမှာပါ အလားတူ အခြေအနေမျိုး ထပ်တူ ကြုံခဲ့ရတာဖြစ်ပါတယ်။
နည်းပြအပြောင်းအလဲများခဲ့တဲ့ ရီးယဲလ်မက်ဒရစ် အသင်းဟာ ရာသီအစ ရလဒ်မကောင်းခဲ့ဘဲ ဘာစီလိုနာနဲ့ ရလဒ်ပိုင်း ပြတ်ကျန် ခဲ့တဲ့ ရီးယဲလ်ဟာ နည်းပြ ဇီဒန်းရောက်ရှိလာမှုနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီး လာလီဂါပြိုင်ပွဲမှာလည်း ဘာစီလိုနာကို အကောင်းဆုံး ဖိအား ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီနဲ့ စီရိုနယ်လ်ဒိုတို့နှစ်ဦးက တစ်ဦးချင်း စွမ်းဆောင်ရည်ပိုင်းမှာ ကွာခြားမှု သိပ်မရှိပေမယ့် ကံကြမ္မာ အပြောင်းအလဲ ကတော့ မျက်လှည့်ပြသလို မယုံနိုင်လောက်စရာဖြစ်ခဲ့ပြီး အဓိက ဆုဖလား ရယူနိုင်မှုအပိုင်းမှာတော့ စီရိုနယ်လ်ဒိုက အသာရခဲ့တာကြောင့် ဘလွန်း ဒီအောဆုက စီရိုနယ်လ်ဒိုအတွက် ဖြစ်ခဲ့ပြီးဖြစ်သလို ဖီဖာတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ဘယ်သူရမလဲဆိုတာ ကြိုတင်ခန့်မှန်း ချက် ထုတ်လို့ရနေပါပြီ။
ချာပီကိုအန်စီအသင်း လေယာဉ်ပျက်ကျမှု
နိုဝင်ဘာ ၂၈ ရက် ဘရာဇီးဘောလုံးကလပ် ချာပီကို အန်စီအသင်းသား တွေ လိုက်ပါစီးနင်းလာတဲ့ လေယာဉ်က ကိုလံဘီယာနိုင်ငံ မက်ဒယ်လင်းမြို့ ကော်ဒိုဗာလေဆိပ်နဲ့ ၁ဝ မိုင်အကွာမှာ ပျက်ကျခဲ့ပါတယ်။ ချာပီကို အန်စီ အသင်းက တောင်အမေရိကတိုက်ရဲ့ ဒုတိယအမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ကိုပါ စူဒါမာရီကာနာဖလား ဗိုလ်လုပွဲ ပထမအကျော့အဖြစ် ကိုလံဘီယာကလပ် အက်သလက်တီကို နေစီယွန်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ ထွက်ခွာလာရင်း အခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒီလေယာဉ်ပျက်ကျမှုကြောင့် ခရီးသည် ၇၇ ဦးအနက် ခြောက်ဦးသာ အသက်ရှင်ကျန်ခဲ့ပြီး ချာပီကို အန်စီ အသင်းသား ၁၉ ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဒီအဖြစ်ဆိုးက ၁၉၄၉ တိုရီနိုဘောလုံးအသင်း လေယာဉ်ပျက်ကျမှု၊ ၁၉၅၈ မန်ယူအသင်း လေယဉ်ပျက်ကျမှုတွေပြီးနောက် ကမ္ဘာ့အားကစားလောကကို တုန်လှုပ်စေခဲ့တဲ့ အဖြစ်ဆိုးတစ်ခုလည်းဖြစ်ခဲ့ပါတယ်။
ဘောလုံးဈေးကွက်ကို ဖျက်ခဲ့တဲ့ စူပါလိဂ်
တရုတ်စူပါလိဂ်ရဲ့ ငွေကြေးအင်အား တောင့်တင်းမှုနဲ့အတူ ခပ်ကျဲကျဲ လှမ်းလာတဲ့ ခြေလှမ်းတွေက ဥရောပနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ ကလပ် အသင်းကြီးတွေအတွက် ရတက်ပွေစရာ ဖြစ်နေပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဘောလုံးလောကတိုးတက်ရေး စီမံချက်မူဝါဒအောက်မှာ တရုတ် အသင်းတွေ ငွေသုံးကြမ်းချင်တိုင်း ကြမ်းနေတာဖြစ်ပြီး တစ်ပတ်လုပ်ခပေါင် ၁ဝဝဝဝဝ လောက်ရနေတဲ့ ကစားသမားကို ပေါင် ၄ဝဝဝဝဝ လောက် ပေးချေခေါ်ယူဖို့ ဝန်မလေးတတ်တာကြောင့် စူပါလိဂ်က နာမည်ကြီး ဘောလုံး စူပါစတားများရဲ့ နားခိုရာနေရာဖြစ်လာနိုင်ပါတယ်။ အရင်က တရုတ်စူပါလိဂ် ဟာ မထင်မရှားလိဂ်တစ်ခုဖြစ်ခဲ့ပေမယ့် ၂ဝ၁၁ ခုနှစ် အဂတိတိုက်ဖျက်ရေး လှုပ်ရှားမှု နောက်ဆက်တွဲအနေနဲ့ စူပါလိဂ်ပေါ် ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုလုပ်ဆောင်လာပြီး ၂ဝ၁၆ ခုနှစ်အတွင်းမှာတော့ စူပါလိဂ်ရဲ့ အင်အားကို ထင်ထင်ရှားရှား မြင်တွေ့လာရတာဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၉ ရက်က ကားလို့စ်တိဗက်ဇ် ရှန်ဟိုင်းရှန်ဇူးအသင်းကို တစ်ပတ်လုပ်ခ ပေါင် ၆၁၅ဝဝဝ နဲ့ အပြီးသတ်ရောက်ရှိသွားခြင်းနဲ့အတူ ကမ္ဘာ့ လုပ်ခလစာအများဆုံးရရှိတဲ့ ကစားသမားက တိဗက်ဇ်ဖြစ်လာပါတယ်။ တိဗက်ဇ် မတိုင်မီ အော်စကာ၊ ဂျာဗင်ဟို၊ တက်ရှီးယား၊ ပေါ်လင်ဟို၊ ဂျက်ဆန် မာတီနက်ဇ်၊ လာဗက်ဇီ၊ ရာမီရက်ဇ်တို့လို နာမည်ကျော်တွေ စူပါလိဂ်ကို ရောက်ရှိခဲ့ကြပြီ ဖြစ်သလို ဝိန်းရွန်းနီ၊ ဖာနန်ဒိုတောရက်ဇ်တို့ကစလို့ မက်ဆီ၊ စီရိုနယ်လ်ဒိုတို့လို ထိပ်တန်းကစားသမားတွေအဆုံး နာမည်ကျော်မှန်သမျှ ခေါ်ယူဖို့ရည်မှန်းနေတာ ဖြစ်ပါတယ်။ ကစားသမားတွေအပြင် နာမည်ကြီး နည်းပြတွေဖြစ်တဲ့ လစ်ပီ၊ အဲရစ်ဆင်၊ စကိုလာရီ၊ ဘိုအာ့စ်တို့လည်း ရောက်ရှိပြီးဖြစ်တာကြောင့် အနာဂတ် မှာ စူပါလိဂ်ရဲ့ အလားအလာ ယခုထက်များစွာကောင်းလာဦးမယ်လို့ မျှော်လင့်ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။
နာမည်ကျော် ဘောလုံးစူပါစတား ဒေးဗစ်ဘက်ခမ်း ၂ဝဝ၇ ခုနှစ်မှာ အမေရိကန် မေဂျာလိဂ်ကို သွားရောက် ခြေချခဲ့ပြီးနောက် သီယာရီအွန်နရီ၊ ဒေးဗစ်ဗီလာ၊ ကာကာ၊ ပီယာလို၊ လမ်းပတ်၊ ဂျာရတ်တို့လို ခြေကျစပြုနေတဲ့ နာမည်ကျော်တွေလည်း မေဂျာလိဂ်ကို လာရောက်ကစားခဲ့ကြပါတယ်။ ဒါပေမယ့် မေဂျာလိဂ်ရဲ့ ကမ္ဘာတစ်ဝန်း ပရိသတ်တွေ အာရုံစိုက်မှုရရှိအောင် လုပ်တဲ့နည်းနဲ့ တရုတ်စူပါလိဂ်ရဲ့ ပရိသတ်ဆွဲဆောင်မှု ပုံစံခြင်းမတူဘဲ တရုတ်စူပါလိဂ်ဟာ ခြေစွမ်းထက်နေဆဲ ကစားသမားတွေကို ကြေးကြီးကြီးနဲ့လာဖို့ ဖိတ်ခေါ်ခြင်းအားဖြင့် ကမ္ဘာ့ နာမည်ကြီးလိဂ်တွေကို ပေါ်ပေါ်ထင်ထင်ပဲ စိန်ခေါ်ပြလိုက်တာဖြစ်ပါတယ်။
ကပ်ဆိုက်ခဲ့တဲ့ တင်းနစ်လောက
၂ဝ၁၆ ခုနှစ်အတွင်း နာမည်ကျော် တင်းနစ်ကစားသမား အတော်များများ ဒဏ်ရာရရှိခြင်းနဲ့အတူ တင်းနစ်လောက ရသပျက်ခဲ့တယ်လို့ ဆိုရပါမယ်။ အားကစားဆိုတာ တွန်းတွန်းတိုက်တိုက် ကစားရတာကြောင့် ဒဏ်ရာရရှိတာ မဆန်းပေမယ့် ၂ဝ၁၆ ခုနှစ်ဟာ အရင်နှစ်တွေထက် ဒဏ်ရာပြဿနာ ပိုကြုံခဲ့ တာကို တွေ့ရပါတယ်။ နာဒယ်လ်၊ ဖက်ဒဲရာ၊ ဒေးဗစ်ဖာရာ၊ ဒယ်လ်ပေါ်ထရို၊ တီဆွန်ဂါ၊ ဂျိုကိုဗစ်ခ်ျတို့လို ထိပ်တန်းကစားသမားတွေ ဒဏ်ရာပြဿနာ ရှိနေခဲ့သလို ဆရီနာဝီလျံ၊ ကိဗ်တိုဗာ၊ အဇာရန်ကာ၊ အိုင်ဗန်နိုဗစ်တို့လို တင်းနစ်မယ်တွေ ဒဏ်ရာပြဿနာတွေ တောက်လျှောက်ကြုံခဲ့ရပေမယ့် ဗြိတိန်တင်းနစ်ကစားသမား အန်ဒီမာရေး၊ ဂျာမန်တင်းနစ်မယ် အန်ဂျလိခ် ကာဘာတို့ ထိပ်တန်းရောက်ခဲ့ကြတဲ့ နှစ်ဆိုရင်လည်း မမှားပါဘူး။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်မှာတော့ အိုင်ဗန်နိုဗစ်က ဒဏ်ရာအကင်းမသေ တဲ့အတွက် အကောင်းဆုံးပုံစံတစ်ရပ်ပျောက်ဆုံးခြင်းနဲ့အတူ အားကစားလောက ကနေ အနားယူခဲ့ပြီဟု ကြေညာခဲ့ပါတယ်။ ဒီလို ဒဏ်ရာပြဿနာတွေအပြင် နာမည်ကြီးတင်းနစ်မယ် ရှာရာပိုဗာလည်း မယ်လ်ဒိုးနီးယန်း ဆေးသုံးစွဲမှုကြောင့် ကာလကြာရှည် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါသေးတယ်။
(မေလဲ့သင်း)

No comments:

Post a Comment