Wednesday, December 28, 2016

ညီညွတ်စွာမျှော်မှန်း လွတ်လပ်ရေးအောင်ပန်း



မြန်မာနိုင်ငံလွတ်လပ်ရေး မရမီကာလ၊ ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးမီ ကာလမှာ မြန်မာနိုင်ငံ၏ ကံဇာတာတက်သော ကာလဟုဆိုရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုဖြင့် တစ်နိုင်ငံလုံးစည်းရုံးပြီး မြန်မာ့လွတ်လပ်ရေးသည် လက်တစ်ကမ်းအကွာသို့ ရောက်နေသောကြောင့်ဖြစ်သည်။
စစ်အတွင်းကာလက ''လွတ်လပ်ရေး''အမြည်းသဘောရခဲ့သော မြန်မာပြည်သူတို့သည် အပြည့်အဝလွတ်လပ်ရေးကိုသာ ခံစားလိုကြသည်။ ကျွန်ဘဝသို့ မရောက်လိုတော့ပြီ။ တစ်တိုင်းပြည်လုံးစည်းလုံးပြီး အမျိုးသား ခေါင်းဆောင်ကြီးတစ်ဦးကိုရရှိပြီးသော မြန်မာတို့သည် အနိုင်မခံ၊ အရှုံး မပေးသော ဇွဲသတ္တိများ ပြည့်ဝနေသည်။
ထိုစဉ်ကာလက မြန်မာဟု ခြုံ၍ခေါ်ဝေါ်သော မြန်မာတိုင်းရင်းသား အပေါင်းတို့သည် ရာဇဝင်တွင် မကြုံဖူးလောက်အောင် စည်းလုံးညီညွတ်ခဲ့သည်။ ရှမ်းတို့သည်လည်းကောင်း၊ ကရင်၊ ကချင်၊ ချင်းတို့သည်လည်းကောင်း၊ ကယားတို့သည်လည်းကောင်း၊ မွန်၊ ရခိုင်တို့သည်လည်းကောင်း ကျဉ်းမြောင်းသောလူမျိုးရေးကိုမေ့၍ ကျယ်ပြန့်သော မြန်မာအမျိုးသားရေး ကိုသာလျှင် အဓိကထားခဲ့ကြသည်။
တစ်နိုင်ငံလုံးသော တိုင်းရင်းသားပြည်သူလူထုအပေါင်းတို့၏ စိတ်နှလုံးတွင် မြန်မာပြည်လွတ်လပ်ရေးကိုသာ မျှော်မှန်း၍ ညီညာစွာ ချီတက်ခဲ့ကြသည်။ စစ်အတွင်း၌ အိန္ဒိယတွင် ခိုအောင်းခဲ့သော စစ်ပြေး ဘုရင်ခံဆာဒေါ်မန်စမစ်က စစ်ပြီးလျှင် မြန်မာပြည်သို့ပြန်လာပြီး ရှေးဟောင်းအောက်မေ့ဖွယ် ဥဒါန်းကျူးရင့်သည်။ စစ်ပြီးပြာပုံဘဝ ဖြစ်နေ သော မြန်မာပြည်ကို ပြန်လည်ထူထောင်မည်။ သည်းခံပြီး စောင့်ကြကုန် လော့။ ဖြူစင်သောစေတနာကို ယုံကြည်ကိုးစားကုန်လော့ဟူ၍ ဆိုခဲ့သည်။
သို့ရာတွင် မြန်မာတို့ကား တစ်ပါးသူတို့ကို ယုံကြည်ကိုးစားခြင်းမပြုလို။ မိမိတို့ကိုယ်သာ ယုံကြည်ကိုးစားလိုကြသည်။ တို့ပြည်ကို တို့ပြန်လည် ထူထောင်မည်။ တို့လွတ်လပ်ရေးကို တို့အရယူမည်။ တို့ထိန်းသိမ်းကာကွယ် မည်။ သူတစ်ပါးတို့၏ အစိုးမိုးခံဘဝတွင် တို့အမျိုးဘာသာ သာသနာကို ထိန်းသိမ်းကာကွယ်ခြင်းမပြုနိုင်။ စစ်အန္တရာယ်များ ကွယ်ပျောက်သောအခါ တို့မြတ်နိုးသောလွတ်လပ်ရေးကို ထူထောင်ထိန်းသိမ်းနိုင်စွမ်း မရှိစရာ အကြောင်းမရှိ။ သူတစ်ပါးကို မျှော်တလင့်လင့်နှင့်အသနားခံစရာမလို ဟုပြတ်ပြတ်သားသားကြွေးကြော်ခဲ့ကြသည်။
မြန်မာတစ်မျိုးသားလုံး၏ စိတ်ဓာတ်များမှာ အံ့မခန်းဖွယ်ရာတည်း။ ညီညွတ်သော၊ တက်ကြွသော အမျိုးသားရေးအားမာန်များမှာ တစ်နှစ်အတွင်း လွတ်လပ်ရေးရရမည်ဟု သံပြိုင်ဟစ်ကြွေး ကြွေးကြော်ချီတက် ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာအမျိုးသားတို့၏ ဇွဲ၊ သတ္တိ၊ ဆန္ဒတို့ကို စုပေါင်း၍ လွတ်လပ်ရေးကို အသက်သွင်းပေးသော ပုဂ္ဂိုလ်ဖြစ်သည်။
တစ်မျိုးသားလုံး ညီညာစွာ ဆန္ဒပြုကြသောကြောင့် အာဏာမတည် တော့သော ဘုရင်ခံဆာဒေါ်မန်စမစ်သည် ဝမ်းနာရောဂါစွဲကပ်ပြီး ဘိလပ်သို့ ပြန်ရတော့သည်။ မြန်မာတို့သည်လည်း တစ်နှစ်အတွင်းပင် တောင့်တသော လွတ်လပ်ရေးကို လက်ဝယ်ပိုင်ပိုင် ရရှိတော့သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည်လည်း လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ကမ္ဘာ့လွတ်လပ်သော နိုင်ငံစုတွင် ပေါ်ထွက်လာသည်။
ဤသည်မှာ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် မြန်မာတစ်မျိုးသားလုံး ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုအောက်တွင် ဇွဲ၊ လုံ့လ၊ သတ္တိ အပြည့်ဖြင့် ညီညီညွတ်ညွတ် အရယူနိုင်ခဲ့သော လွတ်လပ်ရေးအောင်ပန်းပင် ဖြစ်သည်။ မျက်မှောက်ကာလတွင် အမျိုးသားခေါင်းဆောင်ကြီးများနှင့် ရှေးဘိုးဘေးဘီဘင်များ စွန့်စားအားထုတ်ကြိုးပမ်းရယူခဲ့သော လွတ်လပ်ရေး ကို ကမ္ဘာတည်သရွေ့ အစဉ်ထာဝရတည်တံ့စေရန် ရှေးအစဉ်အလာကဲ့သို့ ညီညီညွတ်ညွတ် တစ်စိတ်တစ်ဝမ်းတည်း လက်တွဲကာကွယ်စောင့်ရှောက် ကြရမည်ဖြစ်သည်။
လူမျိုးစွဲ၊ ဝါဒစွဲ၊ စိတ်ဝမ်းမကွဲဘဲ သမိုင်းကြောင်းအစဉ်အလာကို ဆက်လက်ထိန်းသိမ်းရင်း တို့နိုင်ငံ၊ တို့အချုပ်အခြာအာဏာကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။ ။

No comments:

Post a Comment