Friday, December 2, 2016

၁၉၇၃ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ စာစစ်အဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်၏အဆုံးအဖြတ် ရယူအတည်ပြု


The Mirror Daily's photo.
နေပြည်တော် ဒီဇင်ဘာ ၁
နိုင်ငံတစ်ဝန်း စိုက်ပျိုးရေးလုပ်ကိုင်ရန်အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးနည်းဥပဒေ ပုဒ်မ ၄၅ အရ ခွင့်ပြုခဲ့သည့် သစ်တောမြေများအား အဆိုပါနည်း ဥပဒေနှင့်အညီစိစစ်ပြီး နည်းဥပဒေပါ စည်းကမ်းချက်များနှင့်မညီညွတ်သော လုပ်ကွက်မြေဧရိယာများအား နည်းဥပဒေပုဒ်မ ၅၇ အရ နိုင်ငံတော်မှ စီမံခန့်ခွဲ ပိုင်ခွင့်ရှိသည့်မြေများအဖြစ် ပြန်လည်ရုပ်သိမ်း၍ သဘာဝနည်းလမ်းများဖြင့် သစ်တောပြုစုပျိုးထောင်ခြင်းကို ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လက်ခံဆွေးနွေးရန် သဘောတူကြောင်း ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။
ယင်းအဆိုကို ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးထွန်းဝေက တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်း တင်သွင်းဆွေးနွေးနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့သည်။
အဆိုတင်သွင်းစဉ် ဦးထွန်းဝေက သစ်ကုမ္ပဏီများသည် စိုက်ပျိုးရေးကို အကြောင်းပြ၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို လျှောက်ထားပါကြောင်း၊ လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများသည် ရာနှုန်းပြည့်ပြီးစီးသည်အထိ စိုက်ပျိုး ရေးလုပ်ငန်းများကို လုပ်ကိုင်သွားရမည်ဖြစ်သော်လည်း ကုမ္ပဏီအများစုသည် သစ်များကိုသာ ထုတ်ယူသွားကြပြီး စိုက်ပျိုးရေးလုပ်ငန်းကို အကောင်အထည် ဖော်သွားခြင်းမရှိပါကြောင်း၊ မြေပေါ်သယံဇာတဖြစ်သည့် သစ်တောသစ်ပင်များ ကို ပြန်လည်ပြုစုပျိုးထောင်နိုင်ရေးအတွက် လုပ်ပိုင်ခွင့်ပြုထားခဲ့သော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများအား ဥပဒေ၊ နည်းဥပဒေပါ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ စိစစ်၍ မညီညွတ်သောမြေဧရိယာများအား နိုင်ငံတော်မှ စီမံခန့်ခွဲ ပိုင်ခွင့်ရှိသော မြေများအဖြစ် ပြန်လည်သိမ်းယူပြီး သဘာဝနည်းလမ်းဖြင့် သစ်တောပြုစုပျိုးထောင်ခြင်းကို အလေးအနက်ထားဆောင်ရွက်သင့်ပါကြောင်း ထည့်သွင်းတင်ပြခဲ့သည်။
ထို့ပြင်အစည်းအဝေးတွင် ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောက်လုပ်ထားသော လမ်း၊ တံတားများ အချိန်တိုအတွင်း ပျက်စီးနေပါသဖြင့် တာဝန်ယူဆောက်လုပ်ခဲ့သော ကုမ္ပဏီများအား ပြန်လည်ပြုပြင်စေခြင်း၊ တာဝန်ယူဆောင်ရွက်ခြင်းမရှိပါက တရားစွဲဆိုခြင်း၊ နာမည်ပျက်စာရင်းသွင်းခြင်းများပြုလုပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက တည်ဆောက်ရေးကုမ္ပဏီ၏ အားနည်းမှုကြောင့် စာချုပ်သက်တမ်းမပြည့်မီ ပျက်စီးခဲ့ရသော ကျေးလက် လမ်း၊ တံတားများအား တင်ဒါရရှိခဲ့သည့် ကုမ္ပဏီများကို တာဝန်ယူစေပြီး တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးကြပ်၍ ပြင်ဆင် ထိန်းသိမ်းပေးလျက်ရှိပါကြောင်း၊ တန်ပိုယာဉ်များ စည်းကမ်းမဲ့ ဝင်ရောက်မှု ကြောင့် ပျက်စီးခဲ့သော ပီလခတ်-ဝဲကြီး လမ်းပိုင်းအား ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ကာ သက်ဆိုင်ရာကုမ္ပဏီကို တာဝန်ပေး ၍ ပေ ၄၇၅ဝ အား ပြန်လည်ပြုပြင်ပေးခဲ့ပါကြောင်း။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် တင်ဒါအောင်မြင် သည့်ကုမ္ပဏီမှ ဆောင်ရွက်သော တည်ဆောက်ရေးလုပ်ငန်းများသည် သဘာဝ ဘေးကြောင့်လည်းကောင်း၊ တန်ပိုယာဉ်များကြောင့်လည်းကောင်း ပျက်စီးရ ခြင်းမှလွဲ၍ အာမခံကာလ ၂ နှစ်အတွင်းပျက်စီးပါက အဆိုပါကုမ္ပဏီမှ တာဝန်ယူပြုပြင်ပေးရမည်ဖြစ်ကြောင်းကို စာချုပ်ချုပ်ဆိုရာ၌ ထည့်သွင်းချုပ်ဆို ထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တာဝန်ယူ ဆောက်လုပ်ထားသောကုမ္ပဏီ အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတ်မှတ်ထားသော စံချိန်စံညွှန်းအတိုင်း မဆောင်ရွက်ခြင်း၊ စည်းမျဉ်း၊ စည်းကမ်းများကို မလိုက် နာခြင်းများရှိပါက တည်ဆောက်လုပ်ရေးလုပ်ငန်းများတွင် တင်ဒါဝယ်ခွင့် ပိတ်သိမ်း ခြင်း၊ အမည်ပျက်စာရင်းသွင်းခြင်း၊ တရားစွဲဆိုခြင်းများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်၏ မင်းကင်းမြို့နယ် မြစ်ရိုးအထက်ပိုင်း ကမ်းပြည့်ရွာမှ တရာရွာအထိ ဖောက်လုပ်ထားသောလမ်းနှင့် ကြိုးတံတား(၂)စင်းအား ကျေးလက် လမ်းအဖြစ် လွှဲပြောင်းရယူပြီး ကြံ့ခိုင်အောင်ဆောင်ရွက်ရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကမ်းပြည့်ရွာမှ ရှားတောရွာအထိ ၁၅ မိုင် တစ်ကြောင်း ထိုး မြေသားလမ်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ် ၇၅ ဒသမ ၅၉၁ သန်းဖြင့် ၁၈ ပေ အကျယ်၊ ၂ ပေထု မြေသားလမ်းတာပေါင်တင်ခြင်း လုပ်ငန်း ၄ မိုင် ၃ ဒသမ ၁ ဖာလုံအား ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း။
လမ်းအရှည် ၁၅ မိုင်နှင့် ကြိုးတံတား ၂ စင်းအား လွှဲပြောင်းရယူပြီး ရေရှည်ကြံ့ခိုင်အောင် ဆောင်ရွက်ရန်နှင့်စပ်လျဉ်း၍ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကွင်းဆင်းစစ်ဆေးကြည့်ရှု၍ လမ်း၊ တံတားဆိုင်ရာ အချက်အလက်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြအတည်ပြု ချက်ရယူပြီး အတည်ပြုချက်ရရှိပါက အဆိုပါလမ်းနှင့်တံတားအား ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လွှဲပြောင်းရယူပြီး ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၊ တန့်ယန်းမဲဆန္ဒနယ်မှ ဦးစိုင်းမောင်ပွင့်၊ ပင်လောင်းမဲဆန္ဒနယ်မှ ဦးခွန်မောင်သောင်း၊ မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းတို့၏ မေးမြန်းချက်များကိုလည်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူတို့က ပြန်လည်ဖြေကြားခဲ့ကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော ၁၉၇၃ ခုနှစ် ပြည်ထောင်စုမြန်မာ နိုင်ငံ စာစစ်အဖွဲ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုအား လွှတ်တော်၏အဆုံးအဖြတ်ရယူအတည်ပြုသည်။
(သတင်းစဉ်)

No comments:

Post a Comment