Tuesday, December 27, 2016

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်း

Image may contain: outdoor
ရန်ကုန် ဒီဇင်ဘာ ၂၆
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်း အဝေး ၂၂ ရက်မြောက်နေ့ကို ဒီဇင်ဘာ ၂၆ ရက်က ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၏ ဖြည့်စွက် ခွင့်ပြုငွေ၊ ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်း ပြင်ဆင်ချက်နှင့် ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာရေးနှစ် ရန်ကုန် တိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာ ငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို တိုင်းဒေသကြီးလွှတ်တော်သို့ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်း ခဲ့သည်။
တိုင်းဒေသကြီး ဖွံ့ဖြိုးရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရန်ရှိသော လုပ်ငန်းများတွင် သုံးစွဲရန် ရေးဆွဲ ထားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ၊ ပြုပြင်ပြီးခန့်မှန်း ခြေငွေစာရင်းနှင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသ ကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအား တိုင်းဒေသကြီးအစိုးရ အဖွဲ့ကိုယ်စား၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ကိုယ်စား၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းက လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ဖြည့်စွက်ခွင့်ပြု ငွေများကို ကျန်ရှိနေသည့် အချိန် သုံးလမျှကာလတွင် ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျ ထိထိမိမိအကျိုးရှိစွာ အသုံးပြုရန် လိုအပ်ကြောင်း တိုက် တွန်းရှင်းလင်းတင်ပြသွားခဲ့သည်။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ မူလ ခန့်မှန်းခြေတွင် ရငွေ၊ ပြည်ထောင်စု မှ ထောက်ပံ့ငွေကျပ် ၄ဝ၈၅၈ သန်း အပါအဝင် ကျပ် ၃၃၆၂၁၈ ဒသမ ၅၇ဝ သန်းဖြစ်ပြီး အသုံးစရိတ် ကျပ် ၃၃၆၂၁၈ ဒသမ ၅၇ဝ သန်းဖြင့်၊ ဖြည့်စွက်ခန့်မှန်းခြေအသုံးစရိတ် ၁၆၈၃၁၂ ဒသမ ၇၂၅ သန်းဖြင့်လည်းကောင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေတွင် ရငွေ၊ ပြည်ထောင်စုထောက်ပံ့ငွေကျပ် ၂၄၅၂၂ ဒသမ ၁၅၈ သန်းအပါအဝင် ကျပ် ၅ဝ၅၆၉၁ ဒသမ ၉၂ဝ သန်းနှင့် အသုံးစရိတ်မှာ ကျပ် ၅ဝ၅၆၉၁ ဒသမ ၉၂ဝ သန်းဖြင့် ရေးဆွဲထားသော ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ရန်ကုန် တိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာ ငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအား အတည်ပြုပေးနိုင်ပါရန် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးသို့ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းက အစိုးရအဖွဲ့ကိုယ်စား တင်သွင်းခဲ့သည်။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း တွင်ပါရှိသော သက်ဆိုင်ရာဌာနများ အလိုက်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာများ၏ အသုံးစရိတ်များကို ဌာနအလိုက် ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး၏ မြို့တော်အင်္ဂါရပ် နှင့်အညီ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တည်ဆောက်ရေး လုပ်ငန်းများ၊ လိုအပ်ချက်များအပေါ် ဦးစားပေး အလိုက် ခွဲဝေရရှိသော ခွင့်ပြုငွေ ဘဏ္ဍာငွေအတွင်း လိုအပ်ချက်များကို အတတ်နိုင်ဆုံး လျာထားရေးဆွဲထား ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ရှင်းလင်းတင်ပြ သွားခဲ့သည်။
အဆိုပါတင်သွင်းခဲ့သော ဥပဒေကြမ်းအပေါ် ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပမည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၃ ရက် မြောက်နေ့တွင် လွှတ်တော်ကိုယ်စား လှယ်များက ဆက်လက်ဆွေးနွေးသွား မည်ဖြစ်ကြောင်း သိရသည်။
(ဆုနှင်းလဲ့)

No comments:

Post a Comment