Wednesday, December 28, 2016

တောင်သူလယ်သမားတို့၏ ဝင်ငွေနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု

 
 
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


တိုင်းပြည်၏စီးပွားရေးကို မြှင့်တင်ရာ၌ တောင်သူလယ်သမားတို့၏ဝင်ငွေ မြင့်မားရေးသည် အဓိကလိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။ တောင်သူ လယ်သမားတို့ ဝင်ငွေမြင့်မားမှသာ တိုင်းပြည်လူဦးရေ၏ သုံးပုံနှစ်ပုံခန့် ရှိသော ကျေးလက်ပြည်သူတို့၏ ဝယ်နိုင်စွမ်းအားတိုးတက်လာပြီး တိုင်းပြည်၏ အခြားသော ကုန်ထုတ်လုပ်ငန်းတို့ကို ဆွဲတင်ပေးနိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနှင့် တောင်သူ လယ်သမားတို့၏ ဝင်ငွေမြင့်မားရေးသည် ခွဲခြား၍မရနိုင်အောင် တစ်သား တည်း ဆက်စပ်နေသောကိစ္စရပ်များ ဖြစ်ပါသည်။

တောင်သူလယ်သမားတို့ ဝင်ငွေမြင့်မားရေးကို ဆောင်ရွက်ရာ၌ အဓိကရင်ဆိုင်နေရသည့် အဟန့်အတားမှာ ငွေကြေးအရင်းအနှီး မပြည့်စုံခြင်းဖြစ်ပါသည်။ နိုင်ငံတော်က စိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးလျက်ရှိသော်လည်း လုံလောက်မှုမရှိသဖြင့် တောင်သူလယ်သမား အများစုသည် ပြင်ပမှ အနိမ့်ဆုံးတစ်လငါးကျပ်တိုးဖြင့် ချေးငှားနေရ၍ ချေးငွေစရိတ်ဖိစီးမှုဒဏ်ကို ခံနေရပါသည်။ ဥပဒေအရ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ - ၇) ရှိပါက ချေးငွေထုတ်ချေးရမည်ဖြစ် သော်လည်း ဘဏ်များက ထိုကဲ့သို့ထုတ်ချေးခြင်းမပြုကြသည့် အကြောင်းရင်း ကိုလည်း စိစစ်သုံးသပ်ရန်လိုအပ်မည်ဟု ယူဆပါသည်။

ဤသို့သော နောက်ခံအခြေအနေ၌ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း အတွက် ချေးငွေများထုတ်ချေးမည်ဟူသော သတင်းသည် အားတက်စရာ ထွက်ပေါ်လာခဲ့ပါသည်။ ဤအားတက်စရာသတင်းကို အသေအချာလေ့လာ သောအခါ လယ်သမားတစ်ဦးချင်းအတွက် ဧက ၅ဝ ပိုင် လယ်သမားအား အများဆုံး ကျပ်သိန်း ၅ဝ ထုတ်ချေးမည်ဟု သတ်မှတ်ထားပါသည်။ သို့သော် ပကတိအခြေအနေ၌ ဧက ၅ဝ ပိုင်သော လယ်သမားဆိုသည်မှာ မရှိသလောက် ရှားပါးပါသည်။ လယ်သမားအများစုသည် ၁ဝ ဧက ဝန်းကျင်သာ ပိုင်ဆိုင်ကြပါသည်။ အနည်းစုဖြစ်သော ပြည့်စုံသည့် လယ်သမားများသာ ဧက ၂ဝ ဝန်းကျင်ပိုင်ဆိုင်ကြပါသည်။ ဤသို့သော အခြေအနေ၌ ၁ဝ ဧက နှင့် ဧက ၂ဝ ဝန်းကျင်ပိုင်ဆိုင်သော လယ်သမားများ အတွက် အဆိုပါချေးငွေအစီအစဉ်က အကျုံးဝင်မှုရှိ/မရှိသည်မှာ မရှင်းလင်းသကဲ့သို့ အကျုံးဝင်ပါကလည်း မည်သို့မည်ပုံထုတ်ချေးမည် ဆိုသည့် အချက်မှာလည်း မရေမရာဖြစ်နေပါသည်။ အဆိုပါ ချေးငွေ အစီအစဉ်က တောင်သူလယ်သမားအများစုအား ဖယ်ထုတ်ထားသကဲ့သို့ ဖြစ်နေပါက တောင်သူလယ်သမားထု၏ ဝင်ငွေမြင့်မားရေးကို ဟန့်တား ထားသကဲ့သို့ ဖြစ်နေပါသည်။

သို့ဖြစ်ပါ၍ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်း များအနေဖြင့် ဤကိစ္စရပ်အပေါ် ရှင်းလင်းတင်ပြပေးပါရန် လေးစားစွာ အကြံပြုတင်ပြ အပ်ပါသည်။
အဆိုပါ ချေးငွေအစီအစဉ်၌ ပါဝင်နေသော လယ်ယာစီးပွားရေး လုပ်ငန်းများအား ငွေထုတ်ချေးမှုကိုလည်း ပြန်လည်သုံးသပ်ပေးပါရန် အကြံပြုတင်ပြလိုပါသည်။ လယ်ယာကုန်ထုတ်လုပ်မှုလုပ်ငန်း (အလုပ်သမားဝန်ထမ်း ၃ဝဝ)အတွက် ကျပ်သန်းတစ်ထောင်၊ လုပ်သား အခြေခံကုန်ထုတ်လုပ်ငန်း (အလုပ်သမားဝန်ထမ်း ၆ဝဝ)အတွက် ကျပ်သန်းတစ်ထောင်၊ လယ်ယာစီးပွားရေးလုပ်ငန်း (အလုပ်သမား ၆ဝ) အတွက် ကျပ်သန်းတစ်ရာနှင့် ဝန်ဆောင်မှုဆိုင်ရာ စီးပွားရေးလုပ်ငန်း (အလုပ်သမား ၁ဝဝ)အတွက် ကျပ်သန်းနှစ်ရာဆိုသည့် လယ်ယာစီးပွားရေး လုပ်ငန်းများအတွက် ထုတ်ချေးငွေသည် တောင်သူလယ်သမားတို့အတွက် အထောက်အပံ့မဖြစ်သည်ကို တွေ့ရှိရပါသည်။ တောင်သူလယ်သမားတို့ ဝင်ငွေမြင့်မားမှသာ လယ်ယာစိုက်ပျိုးရေးကဏ္ဍအပါအဝင် တိုင်းပြည် စီးပွားဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ ဤချေးငွေ အစီအစဉ်အား ပြန်လည်သုံးသပ်ပေးပါရန် ထပ်ဆင့်လေးစားစွာ အကြံပြုတင်ပြအပ် ပါသည်။ ။



No comments:

Post a Comment