Saturday, December 3, 2016

မောင်တောကုန်သွယ်ရေးဇုန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအလားအလာ



The Mirror Daily's photo.
သတင်းဆောင်းပါး- မြင့်မောင်စိုး 
ဓာတ်ပုံ- အေဝမ်းစိုး

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ရေရှည်တည်ငြိမ် အေးချမ်းမှုရရှိရန် ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိသည်။ မောင်တောမြို့သည် နယ်စပ် မြို့ဖြစ်သည့်အလျောက် နယ်စပ်ကုန်သွယ်ရေးကို အရှိန်အဟုန်မြှင့်တင်သွားခြင်းဖြင့် ဒေသ၏ဖွံ့ဖြိုးတိုးတက်မှုကို သာမက နိုင်ငံတော်အတွက် နိုင်ငံခြားငွေရှာဖွေပေးနိုင် မည့် အနေအထားတွင်ရှိနေသည်။
ယခုအခါ မောင်တောမြို့မြောက်ဘက် ရွှေဇားကျေးရွာအနီး ကညင်ချောင်းပေါ်တွင် ကညင်ချောင်း နယ်စပ်ကုန်သွယ်ရေးဇုန်ကို ၂ဝ၁၅ ခုနှစ်မှစ၍ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ပထမအဆင့်အနေဖြင့် အဓိကအဆောက်အအုံနှင့် ဆိပ်ခံတံတားနှစ်စင်း၊ ဂိုဒေါင်၊ ဈေးဆိုင်ခန်း ၂ဝ ပြီးစီးနေပြီဖြစ်ကြောင်း၊ ဒုတိယအဆင့် အနေဖြင့် ဧက ၅ဝ ကျယ်ဝန်းသော ကုန်သွယ်ရေးဇုန်ကို မြေသားအမြင့် ငါးပေ မြှင့်တင်ရန်နှင့် ခြံစည်းရိုးခတ်ခြင်း လုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
''ကျွန်တော်တို့ မြန်မာတစ်နိုင်ငံလုံးမှာ နယ်စပ်ဂိတ် ကိုးပေါက်ရှိပါတယ်။ အဲဒီနယ်စပ်ကုန်သွယ်ရေး ကိုးပေါက်ထဲမှာ ပို့ကုန် ၉ဝ ရာခိုင်နှုန်း၊ သွင်းကုန် ၁ဝ ရာခိုင်နှုန်းနဲ့ ပို့ကုန်အသာစီးရနေတဲ့ နယ်စပ်ကုန်သွယ်ရေးဟာ မောင်တောနယ်စပ်ကုန်သွယ်ရေးဖြစ်ပါတယ်။ ကုန်သွယ်မှုပမာဏအနေနဲ့ ကြည့်မယ်ဆိုရင်တော့ မူဆယ်တို့၊ မြဝတီတို့ နယ်စပ်ကုန်သွယ်ရေးကို မမီပါဘူး။ ဒါပေမယ့် ပို့ကုန်ဆိုတာ သူများနိုင်ငံက ဒေါ်လာရတာပါ။ သွင်းကုန်က ကိုယ့်နိုင်ငံက ဒေါ်လာကို သူများနိုင်ငံကို ပေးလိုက်ရတာပါ။ ဒါကြောင့် ပို့ကုန်အသာစီးရနေတဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေးကို တိုးတက်စေချင်တဲ့အတွက် အခုလို ကညင်ချောင်း နယ်စပ်ကုန်သွယ်ရေးဇုန်ကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်''ဟု မောင်တောနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ဆိုသည်။
လက်ရှိ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ထားသည့် မောင်တောချောင်းမှာ တိမ်ကောလာ ပြီဖြစ်သည့်အတွက် သင်္ဘောကြီးများ ဝင်ထွက်သွားလာ နိုင်သည့် ကညင်ချောင်းကုန်သွယ်ရေးဇုန်ကို အကောင် အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မကြာမီ မောင်တောခရိုင်သို့ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားရရှိလာပါက ကညင်ချောင်းကုန်သွယ်ရေးဇုန်တွင် အအေးခန်းများနှင့် ဟိုတယ်စီမံကိန်းများ ပေါ်ပေါက်လာနိုင်ကြောင်း၊ လက်ရှိအချိန်တွင် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ရေချိုရေငန်ငါးအမျိုးမျိုး၊ ပုစွန်နှင့် ငါးခြောက်များ၊ ကြိမ်နှင့်ဝါးများ အများဆုံးတင်ပို့လျက်ရှိ ကြောင်း၊ မောင်တောဒေသတွင် လက်ရှိ ပုစွန်ကန်ဧက ၁၅ဝဝဝ ခန့်ရှိသည့်အပြင် ငါးကန်များစွာလည်း ရှိနေသေးကြောင်း သိရသည်။
ပထဝီစီးပွားရေးအရ ကြည့်မည်ဆိုလျှင်လည်း တစ်ဖက်နိုင်ငံတွင် လူဦးရေသန်း ၁၆ဝခန့် ရှိနေပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်ရန် မြေအလုံအလောက် မရှိသကဲ့သို့ နိုင်ငံ၏အရွယ်အစားမှာလည်း လူဦးရေနှင့် နှိုင်းယှဉ်လျှင် သေးငယ်နေသည့်အနေအထားတွင် ရှိနေသည်။ ဤအခြေအနေတွင် မောင်တောခရိုင်အတွင်း ပုစွန်ကန်များ၊ ငါမွေးမြူရေးကန်များကို အရှိန်အဟုန်ဖြင့် မြှင့်တင်ဖော်ထုတ်ပြီး တစ်ဖက်နိုင်ငံသို့ ရေထွက်ပစ္စည်းပို့ကုန်များ တင်ပို့သွားနိုင်မည်ဆိုလျှင် မောင်တောဒေသမှ ပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိလာမည့်အပြင် နိုင်ငံတော်အတွက်လည်း နိုင်ငံခြားငွေ ရှာဖွေပေးနိုင်မည့် အနေအထားရရှိလာမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကညင်ချောင်းကုန်သွယ်ရေး ဇုန် ပေါ်ပေါက်လာပါက ငါး၊ ပုစွန် အအေးခန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ အထည်ချုပ်ကဲ့သို့ လုပ်ငန်းများ တစ်ဆက်တစ်စပ်တည်း ပေါ်ပေါက်လာနိုင်ပါသည်။ မောင်တောခရိုင်တွင် လမ်းပန်းဆက်သွယ်ရေး ၊ လျှပ်စစ် မီးရရှိရေး၊ ငါး၊ပုစွန်ကန်များ စနစ်တကျဖော်ထုတ်ရေး၊ စိုက်ပျိုးရေးအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ရေး စသည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင် မည်ဆိုပါက ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။
မောင်တောခရိုင်အတွင်းရှိ ကညင်ချောင်း ကုန်သွယ်ရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့်အတူ ကဏ္ဍစုံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဟန်ချက် ညီဆောင်ရွက်နိုင်ပါက လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာ ပြီး ရေရှည်တည်ငြိမ်အေးချမ်းမှုလည်း ရရှိလာမည်ဖြစ်ပါကြောင်း။

No comments:

Post a Comment