Wednesday, November 30, 2016

KIA/ TNLA လက်နက်ကိုင်အဖွဲ့က မူဆယ်မြို့အား လက်နက်ကြီးဖြင့် ပစ်ခတ်၊ မိုင်းများဖောက်ခွဲ

Image may contain: plant, outdoor and nature
နေပြည်တော် နိုဝင်ဘာ ၂၉
မူဆယ်မြို့ ဟိုမွန်နှင့် ကောင်းမှုတုံရပ်ကွက်များတွင် KIA/ TNLA လက်နက်ကိုင်အဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီး ဗုံးသီးကျရောက် ပေါက်ကွဲခြင်း၊ မိုင်းများပေါက်ကွဲခြင်းနှင့် အလုပ်ရုံအချို့မှ ဆက်ကြေးကောက်ခံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။
မူဆယ်မြို့ ဟိုမွန်ရပ်ကွက် သစ်တောလမ်းရှိ ထမင်းဆိုင်အနီး လျှိုအတွင်းသို့ နိုဝင်ဘာ ၂၈ ရက် ည ၆နာရီ မိနစ် ၄ဝ ခန့်က KIA/ TNLA လက်နက်ကိုင်အဖွဲ့မှပစ်ခတ်ခဲ့သည့် လက်နက်ကြီး ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ပြီး ယင်းနေရာ အနီးတစ်ဝိုက်တွင် လက်လုပ်မိုင်း နှစ်လုံးလည်း ဖောက်ခွဲထားကြောင်း၊ မူဆယ်မြို့ကောင်းမှုတုံ ရပ်ကွက် ဟိုနားရပ်နှင့် စက်မှုကွက်သစ်ကြားတွင် ည ၉နာရီ မိနစ် ၄ဝ ခန့်နှင့် စက်မှုလမ်းနှင့် မန့်မိုင်ရွာအနီးတွင် ည ၁ဝ နာရီ မိနစ် ၅ဝ ခန့်ကလည်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း၊ ယင်းပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။
KIA/TNLA လက်နက်ကိုင်အဖွဲ့များသည် မူဆယ်မြို့ကောင်းမှုတုံရပ်ကွက် ဟိုနားရပ်နှင့် စက်မှုကွက်သစ်အတွင်းသို့လည်း ဝင်ရောက်ခဲ့ပြီး အလုပ်ရုံအချို့မှ ဆက်ကြေးများကောက်ခံကာ ပြန်လည်ထွက်ခွာသွားကြောင်း သိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်း လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment