Sunday, November 27, 2016

မြန်မာနိုင်ငံ၏ လက်ရှိရုပ်သေးအခြေအနေမှာ ရှေးရိုးသမားစဉ်များကို ထိန်းသိမ်းနေရသဖြင့် ခေတ်လူငယ်များ စိတ်ဝင်စားမှုနည်းပါးနေ



Image may contain: 7 people , indoor
မန္တလေး နိုဝင်ဘာ ၂၆
နိုင်ငံတကာတွင် မော်ဒန်ရုပ်သေးဖျော်ဖြေမူများ ခေတ်စားလျက်ရှိနေပြီးဖြစ် သော်လည်း မြန်မာနိုင်ငံတွင် ရှေးရိုးသမားစဉ်ကို အခြေခံထိန်းသိမ်းပြီး မော်ဒန် ရုပ်သေးဖြင့် တွဲဖက်ဖျော်ဖြေမူများ ပြုလုပ်နေရသဖြင့် ခေတ်လူငယ်များ၏ စိတ်ဝင်စားမှုနည်းပါးလျက်ရှိနေသေးကြောင်း ရုပ်သေးပညာရှင် ဒေါ်မမနိုင်က ပြောသည်။
''ဒီလို ရှေးရိုးသမားစဉ်နဲ့ တွဲဖက်ဖျော်ဖြေပေးမှ ပြည်သူလူထုနဲ့ ပရိသတ်ကို ဆွဲဆောင်မှုကောင်းပြီး လက်ရှိမှာလည်း ဒီပုံစံနဲ့က အောင်မြင်လျက် ရှိပါတယ်။ နိုင်ငံတကာမှာ ခေတ်စားနေတဲ့ မော်ဒန်ရုပ်သေးဆိုတာ အကောင်အထည်မပါဘူး။ မိမိပတ်ဝန်းကျင်မှာရှိတဲ့ ပစ္စည်းနဲ့ သရုပ်ဖော်ပြီး ဖျော်ဖြေပေးတာပါ။ မြန်မာ့ရုပ်သေးမှာကျတော့ သမားစဉ်အတိုင်း ဇော်ဂျီတို့၊ မျောက်တို့၊ ဘီလူးတို့ အခြေခံပြသပြီးတော့မှ မော်ဒန်ရုပ်သေးနဲ့ တွဲဖက်ရတာပါ''ဟု ၎င်းက ရှင်းပြသည်။
မြန်မာရုပ်သေးအား ကလေးများ စိတ်ဝင်စားမှုရှိလာစေရန် ကလေးများ ကိုင်တွယ်နိုင်သည့် ရုပ်သေးအရွယ်ကို ဖန်တီးပေးရမည်ဖြစ်ပြီး စာသင်ကျောင်းများသို့ သွားရောက်ကာ ကလေးများကိုယ်တိုင် ဖန်တီးနိုင်မည် အသိပညာ ပေးမှုများလည်း ပြုလုပ်ပေးရန် အစီအစဉ်ရှိကြောင်း သိရသည်။
မြန်မာရုပ်သေးပညာရပ်အား ပိုမိုကျယ်ပြန့်တိုးတက်လာစေရန် ပြည်တွင်း ပြည်ပပညာရှင်များ အပြန်အလှန်ချိတ်ဆက်၍ မတူကွဲပြားသော စိတ်ကူး စိတ်သန်းများ ပိုမိုတီထွင်လာရန်နှင့် နိုင်ငံတကာဖြင့် ယဉ်ကျေးမှုဖလှယ်သော အစီအစဉ်များပေါ်လာပြီး ပိုမိုအသစ်အဆန်းများ တီထွင်ရမည်ဖြစ်ကြောင်း ဂျာမန်မော်ဒန်ရုပ်သေးပညာရှင် Ms.Anne Klatt က ပြောသည်။
''မော်ဒန်ရုပ်သေးအဖြစ် ပတ်ဝန်းကျင်ပစ္စည်းများတွေနဲ့ ပေါင်းစပ် ပုံဖော်ဖန်တီးတင်ဆက်တာပါ။ စက္ကူနဲ့ ရုပ်သေးရုပ် ဘယ်လိုလုပ်မလဲ၊ ဘယ်လို ပေါင်းစပ်ဖန်တီးမလဲဆိုတာတွေကို သူတို့ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းနဲ့ ရုပ်သေး အနုပညာတစ်ခုအဖြစ် တင်ဆက်တာပါ''ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာ့ရုပ်သေးပညာတွင် သမားစဉ်ပိုင်ဆိုင်ရာ စည်းမျဉ်းပုံစံများဖြင့် သတ်မှတ်ထားပြီး အနောက်တိုင်း ရုပ်သေးပညာသည် အစဉ်ဆန်းသစ်သော အတွေးအမြင်များဖြင့် ပေါင်းစပ်ထားသဖြင့် ¤င်းနှစ်ခုမှာ ကွဲပြားခြားနားလျက် ရှိကြောင်း သိရသည်။
(မင်းထက်အောင်)

No comments:

Post a Comment