Wednesday, November 30, 2016

မန်ယူအသင်းနည်းပြမော်ရင်ဟိုအား အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က တရားစွဲ

Image may contain: 1 person
မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် အိမ်ကွင်း အိုးထရက်ဖို့ဒ်တွင် ဝက်စ်ဟမ်းအသင်းနှင့် တစ်ဖက် တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ်တွင် ဒေါသတကြီးဖြင့် ပုလင်းဘူးအား ကန်ခဲ့ခြင်းကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့၏ တရားစွဲခြင်းကို ခံခဲ့ရကြောင်း သိရသည်။
အသက်(၅၃)နှစ်အရွယ်ရှိ နည်းပြမော်ရင်ဟိုသည် အဆိုပါပွဲစဉ်တွင် ကွင်းလယ်ဒိုင် ဂျွန်မို့စ်၏ ပွဲကြီးကြပ်ခွင့်ကို ပိတ်ပင်ခံခဲ့ရသည်။
ယခုတစ်ကြိမ်သည် မော်ရင်ဟိုအတွက် ဒုတိယအကြိမ်တရားစွဲခံခဲ့ရခြင်းဖြစ်ပြီး အောက်တိုဘာ ၂၉ ရက် က ဘန်လေအသင်းနှင့် ကစားခဲ့စဉ်ကလည်း ပထမအကြိမ်အဖြစ် တရားစွဲခံခဲ့ရသည်။
ယင်းအပြုအမူကြောင့် ပွဲကြီးကြပ်ခွင့်တစ်ပွဲ ပိတ်ပင် ခံခဲ့ရသည့်အပြင် ဒဏ်ကြေးငွေအဖြစ် ပေါင် ၈ဝဝဝဝ ဒဏ်ရိုက်ခံခဲ့ရကြောင်းလည်း သိရသည်။
ချယ်လ်ဆီးအသင်း၊ အင်တာမီလန်အသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့၏ နည်းပြဟောင်းတစ်ဦးဖြစ်သူ မော်ရင်ဟိုသည် အောက်တိုဘာ ၁၇ ရက်ကလည်း လီဗာပူးအသင်းနှင့်မကစားမီ ကွင်းလယ်ဒိုင် အန်တိုနီတေ လာအား ဝေဖန်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ဒဏ်ကြေးငွေ ပေါင် ၅ဝဝဝဝ ဒဏ်ရိုက်ခံခဲ့ရသည်။
ဝက်စ်ဟမ်းအသင်းနှင့် ကစားခဲ့သည့် ပွဲစဉ်တွင် ဝက်စ်ဟမ်းအသင်းခေါင်းဆောင် မာ့ခ်နိုဘယ်နှင့် မန်ယူ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာတို့ ဘောလုံးယှဉ် လုစဉ် ပေါ့ဘာလဲကျခဲ့မှုအပေါ် နည်းပြမော်ရင်ဟိုအနေဖြင့် စောဒကတက်ခဲ့သည်။
ဗီဒီယိုအနှေးပြကွက်များအရ မာ့ခ်နိုဘယ်၏ ကြမ်းတမ်းစွာကစားခဲ့ခြင်းကြောင့် ပေါ့ဘာလဲကျခဲ့ခြင်း မဟုတ်ဘဲ ဟန်ဆောင်လှဲချခဲ့ခြင်းပင်ဖြစ်သည်။
သို့ရာတွင် မန်ယူအသင်းနည်းပြ မော်ရင်ဟိုမှာမူ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်၏ တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။
(ငွေကြယ်)

No comments:

Post a Comment