Monday, November 28, 2016

စစ်ရာဇဝတ်မှုများဆိုင်ရာ စွပ်စွဲချက်များရုပ်သိမ်းရေး သီရိလင်္ကာသမ္မတက ဒေါ်နယ်ထရန့်ကို တိုက်တွန်း



Image may contain: 3 people
ကိုလံဘို နိုဝင်ဘာ ၂၇
သီရိလင်္ကာပြည်တွင်းစစ်ကာလအတွင်း အစိုးရတပ်ဖွဲ့က စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက်များအား ပြန်လည်ရုပ်သိမ်းပေးနိုင်ရေးအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ဖိအားပေးပါရန် သမ္မတ မိုင်သီရိပါလာ သီရိသေနာက အမေရိကန် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဒေါ်နယ်ထရန့်အား ပြောကြားလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက နိုဝင်ဘာ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။
ပြည်တွင်းစစ်ကာလအတွင်း အစိုးရတပ်ဖွဲ့က ရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့သည်ဆိုသော စွပ်စွဲချက်များကို ပြန်လည်ရုပ်သိမ်းပေးနိုင်ရေး ထရန့်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ဖိအားပေးပါရန် သီရိလင်္ကာ သမ္မတရုံးက ၎င်းထံသို့ အထူးမေတ္တာရပ်ခံလွှာပေးပို့ ခဲ့သည်ဆို၏။
အလားတူ မေတ္တာရပ်ခံလွှာကို ကုလသမဂ္ဂ၏ အတွင်းရေးမှူးချုပ်သစ်ဖြစ်လာမည့် အန်တိုနီယို ဂူတာရီ ထံသို့လည်း ပေးပို့ထားကြောင်းသမ္မတ သီရိသေနာက ပြောကြားသည်။
စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိ စေရေးအတွက် အထူးတရားရုံးများ ထူထောင်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သီရိလင်္ကာအစိုးရက ပြောကြားခဲ့သည်။ သို့ရာတွင် ယင်းသို့ စုံစမ်းနိုင်ရေးအတွက် တရားရေးဆိုင်ရာ စနစ် များကို ယခုအချိန်အထိ ထူထောင်ရခြင်း မရှိသေးပေ။
သီရိလင်္ကာနိုင်ငံ၌ ၂ဝဝ၉ ခုနှစ်က ကျားသူပုန် အဖွဲ့ကို အစိုးရတပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာတွင် လူနည်းစု တိုင်းရင်းသား ပြည်သူများဖြစ်ကြသော တမီလ်မျိုးနွယ်စုဝင် ၄ဝဝဝဝ အထိ သေဆုံးခဲ့ရသည်ဟု စွပ်စွဲမှုများ ပေါ်ထွက်ခဲ့သည်။ ယခင် သမ္မတ မဟိန္ဒြာ ရာဂျာပတ်ဆေးလက်ထက်တွင် အစိုးရတပ်ဖွဲ့က လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများပြုလုပ်ခဲ့သည်ဟု စွပ်စွဲမှုများ ဖြစ်ပေါ်ခဲ့သည်။
ရိုက်တာ။

No comments:

Post a Comment