Wednesday, November 30, 2016

လမ်းပေါ်က ရမ်းကားမှုများ ထိထိရောက်ရောက် အရေးယူသင့်ပြီ



No automatic alt text available.
လှမင်းအောင်
ပြည်သူ့သဘောထားစင်မြင့်
--------------------------------

တိုင်းပြည်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့နှင့်စပ်လျဉ်း၍ ရှုထောင့်စုံမှ သဘောထားအမြင်စုံတို့ကို အများပြည်သူသို့ တင်ပြပေးနိုင်ရန် ဤကဏ္ဍကို ဖွင့်လှစ်ခြင်းဖြစ်၍ စိတ်ဝင်စားသူ မည်သူမဆို ပါဝင်ရေးသားရန် ဖိတ်ခေါ်ပါသည်။ သို့သော် ကြမ်းတမ်းပြင်းထန်သော အယူအဆ၊ အရေးအသားများကိုမူ သတင်းစာ၏မူဝါဒအရ ဖော်ပြပေးနိုင်မည်မဟုတ်ကြောင်းနှင့် ဤကဏ္ဍတွင်ပါရှိသမျှတို့သည် သက်ဆိုင်ရာဆောင်းပါးရှင်အသီးသီး၏ အာဘော်များသာဖြစ်ပါကြောင်း အစီရင်ခံအပ်ပါသည်။ (စာတည်းအဖွဲ့)
လမ်းပေါ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သည့်အသံများ အော်ဟစ်ဆူညံသံများ ကြားရ၍ လိုက်ကြည့်မိသည်။ (၃၆) လမ်း အလယ်လမ်းထဲမှာဖြစ်သည်။ အော်ဟစ် ပြောဆိုကာ ရန်တွေ့နေသူတို့က ဈေးရောင်းနေကြသူ များ ဖြစ်ပုံရပြီး အမျိုးသမီးငယ်တစ်ဦးမှာ မျက်ရည်များ လည်ကာ ပြိုတော့မည့် မိုးလို။
မဟာဗန္ဓုလလမ်းမှ အနော်ရထာလမ်းဘက်ကို သွားရန် သည်လမ်းကိုဖြတ်ကာ အသွားလမ်းမှာ ရန်ပွဲနှင့် တိုးနေပြီး ထိုရန်ပွဲက အမျိုးသမီးငယ်တစ်ဦးကို အုပ်စု တစ်စုက ဝိုင်းဝန်းရန်တွေ့နေသည့်ပွဲ ဖြစ်၏။ ဈေးရောင်း နေသည့် အမျိုးသမီးကြီးတစ်ဦးက လမ်းလယ်ကောင်မှာပဲ လုံချည်ကိုကိုင်ကာ မဖွယ်မရာပြုမူပြသည်ကိုပါ တွေ့ရသည်။ ဈေးရောင်းသည်မှာ ထားတော့။ လမ်းပေါ်မှာ စကားများ ကတောက်ကဆတ်ဖြစ်ရသည်ကို လူလယ်ကောင် သည်လိုမဖွယ်မရာ ပြုသည်ကတော့ အလွန်ရှက်စရာပါပဲ။ အမျိုးသမီးငယ်မှာ ယိုသူမရှက် မြင်သူရှက်ဖြစ်ကာ ငိုချလိုက်တော့သည်။ ဒါနှင့်ပဲ ခေတ္တ ရပ်ကာ တစ်ဦးတည်းဖြစ်နေသည့် အမျိုးသမီးငယ်ကို မေးမိသည်။
ရန်ကုန်မြို့မှာ ဖြစ်နေကျဟု ဆိုရမည့် ဇာတ်လမ်းပါပဲ။ အမျိုးသမီးငယ် ရပ်ထားသည့် ကားပေါ်မှာသူတို့ ဈေးဆိုင်၏ ဝါးလုံးတန်းများတင်ကာ ဆိုင်ဖွင့်သည်။ သည်တန်းတွေ ယခုလို ရပ်ထားသော ကားပေါ်မှာ တင်ကာ ဈေးဆိုင်ခင်းဖွင့်လှစ်သည့်အတွက် အမျိုးသမီး က ပြောတော့ ချေချေငံငံမပြော ရန်တွေ့ကြသည်။ သည်တော့ အမျိုးသမီးငယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ကို သွားတိုင်သည်။ ရုံးမှာရှိသူက ရုံးက ညမှ ဖွင့်သည့် အကြောင်းပြော၍ ရုံးနှင့် မရ၊ ရဲစခန်းတိုင်မှ ဖြစ်မည် ဟုဆိုကာ ယင်းဆိုင်နှင့် ကားကို ဓာတ်ပုံရိုက်ယူသည်။ ဒါကို ဝိုင်းဝန်းရန်တွေ့ကြ၊ မဖွယ်မရာပြုကြတာပဲဖြစ်သည်။ သည်မှာ ဆက်နေလျှင် သည့်ထက်ရန်လုပ်တော့ မည်၊ ဓား နှင့် ခုတ်မည်လား၊ တုတ်နှင့် ရိုက်မည်လား ဟူ၍ အစိုးရိမ်ကြီးကာ အတင်းထွက်လာခဲ့တာဟု ဆိုသည်။
ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ အထင်ကရ စီးပွားရေး မြို့တော်တစ်ခုအဖြစ် တည်ရှိနေ၏။ နေပြည်တော်ကို မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်ထားသော်လည်း ရန်ကုန်မြို့သည် နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားများ၊ လွှတ်တော်များအပါအဝင် နိုင်ငံရေးအရ အထင်ကရများ မရှိသော်လည်း ယခုထက်တိုင် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အထွေထွေအားဖြင့် အထင်ကရ မြို့ကြီးတစ်ခုအဖြစ် တည်ရှိနေခြင်း ဖြစ်ပါသည်။
ဤကဲ့သို့သော ယနေ့ ရန်ကုန်မြို့တော်အတွင်း ထွက်ပေါ်နေသည့် သတင်းများမှာ မယုံကြည်နိုင်လောက်အောင် ရမ်းကားရိုင်းပျမှုများဖြစ်နေသည်ကို တွေ့ရပါသည်။
လမ်းမပေါ်မှာ ကားချင်း ယှဉ်မောင်းရင်း အချေ အတင်ဖြစ်ရာမှအစ ကားမောင်းသမား၊ ယာဉ် နောက်လိုက်နှင့် အပေါင်းအပါများက တုတ်များကိုင်ကာ တစ်ဖက်မှ ယာဉ်မောင်းသူကို ဝိုင်းဝန်းရိုက်နှက်ကြသည် ဟူ၏။ လမ်းဘေးမှာပင် တရားရုံးတစ်ခု အမြန်ဖွင့်လှစ် ပြီး ဒရိုင်ဘာ၊ စပယ်ယာတို့က ကိုယ်တိုင် တရားလိုလုပ်၊ ကိုယ်တိုင် သက်သေထိုင်ခုံမှာထိုင်ကာ ကိုယ်တိုင် တရားသူကြီးအဖြစ် တာဝန်ယူ၍ စီရင်ချက်ချပြီးနောက် ကိုယ်တိုင် ပါးကွက်အာဏာသားအဖြစ် ရိုက်နှက်နေ တော့သည်။
ဘတ်စ်ကားနှင့် နေ့တိုင်း ရုံးလာနေရသော လူငယ် တစ်ဦးက တာဝန်ရှိတဲ့ လူကြီးတွေ တစ်နေ့လောက် (တစ်နေ့လောက်ပါပဲ) ကျွန်တော်တို့လို ပြည်သူတို့နှင့်အတူ ဘတ်စ်ကား လိုက်စီးစေချင်သည်တဲ့။ မနက် ရုံးလာချိန်၊ ညနေ ရုံးပြန်ချိန် မဟာဗန္ဓုလလမ်း တစ်လျှောက်မှသည် တံတားဟိုဘက်၊ သည်ဘက် ဆင်းသည်အထိ အပြိုင်အဆိုင်မောင်းနေကြသော ဘတ်စ်ကားကြီးများ၊ အသည်းထိတ်စရာကောင်း လောက်အောင် ဇွတ်ဝင် ဇွတ်တိုး၊ ဇွတ်ဖြတ် ဇွတ် ကျော်နှင့် လမ်းပေါ်မှ လူများရောအနှီ ဘတ်စ်ကားပေါ်မှ လူများပါ ဘုရားတကာ နေကြရသည့်ဘဝများကို စာနာနိုင်အောင်ပါတဲ့။
ပြည်သူလူထုအတွက် စိတ်လုံခြုံရာနေရာကား ရှားပါးသည်ထက် ရှားပါးလာနေပြီလားဟု မေးခွန်း ထုတ်စရာဖြစ်နေသည်။
ဥပဒေမဲ့ ရမ်းကားသော ဘတ်စ်ကားများကို ထိထိရောက်ရောက် အရေးယူတော့မည်ဟူသော သတင်းများ ထွက်ပေါ်လာသည်မှာ ကြာမြင့်လှ၍ မေ့ပင်မေ့လောက် ပြီ။ ယခုထိ ဒုံရင်း ဒုံရင်း။
လမ်းဘေးမှာ နေရာယူရောင်းချနေသော ဈေးသည်များက လမ်းပေါ်မှာတင် ၎င်းတို့၏ အမှိုက်သရိုက် အညစ်အကြေးများကို ဆေးကြော စွန့်ပစ်နေကြသည်။ ယခုအခါ သည်လိုလမ်းဘေးဈေးသည်များကို နေရာ ရွှေ့တော့မည်ဟု သတင်းများ ထွက်ပေါ်လာပြီး ကမ်းနားလမ်းတစ်လျှောက် ဈေးတန်းများဖွင့်လှစ်ရန် နေရာပေးရောင်းချနေသည်တို့ကိုလည်း တွေ့မြင်ရ သည့်အတွက် ပြည်သူလူထုက ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည်ကိုလည်း ကြားသိနေရပါသည်။
ယင်းကဲ့သို့ လမ်းမတန်းများပေါ်မှ ဆိုင်များကို ရှင်းလင်းနေသည်တို့ကို တွေ့မြင်ရချိန်နှင့် တစ်ပြိုင်တည်းမှာ လမ်းသွယ် လမ်းကျဉ်းများအတွင်းမှ လမ်းဘေး ဈေးသည်များက ပိုမိုနေရာယူကာ စီးပွားရေး အကွက် အကွင်း တိုးချဲ့လာကြသည်ကို တွေ့နေကြရပြန်ပါသည်။
ရန်ကုန်မြို့တော်တွင်းမှာ မြို့နေ လက်လုပ်လက်စား လူတန်းစားများအတွက် ဈေးသည်များက လိုအပ်ချက် အရ ရှိနေကြသည်မှာ မှန်သော်လည်း အများပြည်သူတို့အတွက် အလွန်တရာ အခက်အခဲအကျပ်အတည်းဖြစ်စေ သည့် အနေအထားများကိုမူ ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူသင့်ပြီဟု ယူဆမိပါသည်။ ။

No comments:

Post a Comment