Wednesday, November 30, 2016

ကျောင်းထောက်ပံ့ကြေးရန်ပုံငွေများကိုသုံးစွဲရာတွင် ကိုယ်ကျိုးအတွက် သုံးစွဲခဲ့မည်ဆိုပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်


The Mirror Daily's photo.
နေပြည်တော် နိုဝင်ဘာ ၂၉
အခြေခံပညာကျောင်းများအနေဖြင့် ကျောင်းထောက်ပံ့ကြေး ရန်ပုံငွေများကို သုံးစွဲရာတွင် အဖွဲ့အစည်းနှင့် လုပ်ဆောင်ရန်၊ ပွင့်လင်းမြင်သာ အောင်သုံးစွဲရန်၊ တစ်ဦးတစ်ယောက် အတွက် သုံးစွဲရန်မဟုတ်ဘဲ ကျောင်း အတွက် သုံးစွဲရန်နှင့် ငွေစာရင်း ခေါင်းစဉ်များကို မှန်ကန်စွာသုံးစွဲရန် ဖြစ်ပါကြောင်း၊ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့မည်ဆိုပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဒုတိယဝန်ကြီး ဦးဝင်းမော် ထွန်းက ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ရှင်းလင်းပြောကြားသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုး၏ အခြေခံပညာကဏ္ဍတွင် ကျောင်းထောက်ပံ့ကြေးလုပ်ငန်း အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ တိတိကျကျ လိုက်နာ ဆောင်ရွက်ရေးအတွက် အထူးစီမံ ကြပ်မတ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ကျောင်းထောက်ပံ့ကြေးများအား ကိုယ်ကျိုးရှာ အလွဲသုံးစားပြုနေသော ကော်မတီဝင်များအား စုံစမ်းဖော်ထုတ်၍ ထိထိရောက်ရောက်အရေးယူ အပြစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းများနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အထက်ပါအတိုင်း ပြန်လည်ရှင်းလင်းဖြေကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးက အခြေခံ ပညာဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများတွင် ကျောင်းထောက်ပံ့ကြေး လုပ်ငန်းအစီအစဉ် များကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ တိတိကျကျလိုက်နာ၍ ထိထိရောက်ရောက် ပွင့်လင်းမြင်သာစွာဖြင့် ဆောင်ရွက်ရေးအတွက် အထူးစီမံကြပ်မတ်ပေးလျက်ရှိပါကြောင်း၊ ကျောင်းထောက်ပံ့ကြေးများအား ကိုယ်ကျိုးရှာ အလွဲသုံးစားပြုနေသူ များရှိပါကလည်း တိုင်ကြားမှုများနှင့် မြို့နယ်အဆင့် စုံစမ်းဖော်ထုတ်သိရှိမှုများအရ ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမောင်မောင်အုန်း၏ ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရား လမ်းနှင့် ကံဘဲ့လမ်းထောင့်ရှိ အမှတ် (၆) သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနပိုင် မြေ ၃၅ ဒသမ ၃၈၅ ဧကမှ ၁၇ ဒသမ ၇ဝ ဧကကို ပွင့်လင်းမြင်သာမှုမရှိဘဲ စွန့်လွှတ်မြေ အဖြစ် အချိန်တိုအတွင်း သတ်မှတ်ပြီး ရွှေတိဂုံစေတီတော်အနီးမှ လက်လွှတ်ခဲ့ရသော ဒဂုံစီးတီးအဆင့်မြင့် မြို့ပြ အိမ်ရာစီမံကိန်းနေရာအစား မာဃ ကုမ္ပဏီသို့ နှစ် ၅ဝ စီမံကိန်းဖြင့် ငှားရမ်းခဲ့မှုအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနက ထိုစီမံကိန်းကို ဖျက်သိမ်း၍ ပြည်သူ့ဆန္ဒနှင့်အညီ ဖွံ့ဖြိုးမှု အားနည်းသော တောင်ဒဂုံ၊ မြောက် ဒဂုံ၊ အရှေ့ဒဂုံ၊ ဒလနှင့် တွံတေး စသည့် နေရာများသို့ ရွှေ့ပြောင်းကာ စီမံကိန်းနေရာချထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ရရှိထားသည့် ရွှေတိဂုံ ဘုရား၊ သိဂုင်္တ္တရကုန်းတော်နှင့် ဆက်စပ်နယ်မြေတစ်ဝိုက်ရှိ လုပ်ငန်း စီမံကိန်းများ၏ အစားထိုးမြေနေရာအတွက် ဝန်ကြီးဌာနပိုင် ရန်ကင်းမြို့ နယ် ကမ္ဘာအေးဘုရားလမ်းနှင့် ကံဘဲ့လမ်းထောင့်ရှိ မြေ ၃၅ ဒသမ ၃၈၅ ဧကအနက် ၁၇ ဒသမ ၇ဝ ဧကကို မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီမှ နိုင်ငံတော်သို့ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ပြန် လည်အပ်နှံခဲ့ပြီး မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနက လွှဲပြောင်း လက်ခံခဲ့ပါကြောင်း။
၂ဝ၁၆ ခုနှစ် သြဂုတ် ၂၁ ရက်က ကျင်းပသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့် Marga Landmark ကုမ္ပဏီ တို့ပါဝင်သည့် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာအစည်းအဝေးမှ Marga Landmark ကုမ္ပဏီမှ ရယူထားသည့် မြေ ၁၇ ဒသမ ၇ ဧကအနက် ၉ ဧကအား နိုင်ငံတော်သို့ ပြန်လည် ပေးအပ်ပြီး သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာနမှ ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂)မှ ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက် ၏ ပလက်ဝမြို့နယ် ဆမီးမြို့နှင့် သံထောင်ရွာများရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် ကျောင်းစာသင်ခန်းများ လုံလောက်မှု မရှိသည့်အတွက် ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးခြင်း၊ စာသင်ခန်းများအား မွမ်းမံပေးခြင်းနှင့် ဆမီးမြို့ အခြေခံပညာအထက်တန်း ကျောင်းတွင် လိုအပ်လျက်ရှိသည့် ကျောင်းခန်းမ၊ သိပ္ပံခန်း၊ ကွန်ပျူတာ ခန်းနှင့် စာကြည့်တိုက်တို့ကို ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပလက်ဝမြို့နယ် ဆမီး အခြေခံပညာအထက်တန်းကျောင်း၌ စာသင်ဆောင် ၅ ဆောင်နှင့် စာသင် ခန်း ၂၂ ခန်းရှိပြီး ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၄၇၈ ဦး ပညာသင်ကြားနေပါကြောင်း၊ အဆိုပါ ကျောင်းအတွက် သွပ်မိုး၊ အုတ်ညှပ် တစ်ထပ်စာကြည့်တိုက်ဆောင် တစ်ဆောင်နှင့် KG ဆောင် တစ်ဆောင် ဆောက်လုပ်ရန် ၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာရေးနှစ် ရန်ပုံငွေလျာထားချက်တွင် ထည့်သွင်းထားပြီး ခွင့်ပြုချက် ရရှိပါက ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း။
ပလက်ဝမြို့နယ် သံထောင်ရွာ အခြေခံပညာအထက်တန်းကျောင်း၌ စာသင်ဆောင် ၃ ဆောင်နှင့် စာသင် ခန်း ၁၁ ခန်းရှိပြီး ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅ဝ၄ ဦး ပညာ သင်ကြားနေပါကြောင်း၊ သံထောင်ရွာ အထက်တန်းကျောင်း အတွက် ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ဝက်ချောင်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၏ ၂ဝ၁၆ -၂ဝ၁၇ ဘဏ္ဍာရေးနှစ် ခွဲဝေခွင့်ပြုငွေကျပ် ၂၁ ဒသမ ၆ဝ သန်းဖြင့် ပြောင်းလဲဆောက်လုပ် ပေးသွားမည်ဖြစ်ပါကြောင်း၊ ဝက်ချောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဆောင်သစ်ကို ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက ဆောက်လုပ်လှူဒါန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် သံထောင်ရွာ အထက်တန်းကျောင်းအတွက် သွပ်မိုး၊ အုတ်ညှပ်တစ်ထပ်စာကြည့်တိုက်ဆောင် တစ်ဆောင်နှင့် KG တစ်ထပ်ဆောင် တစ်ဆောင် ဆောက်လုပ်ရန် ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာရေးနှစ် ရန်ပုံငွေလျာထားချက်တွင် ထည့်သွင်းထားပြီး ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်း၊ ချင်း ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁ဝ)မှ ဦးလားလ်မင်းထန်နှင့် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁ဝ) မှ ဦးမိုင်းအုဏ်းခိုင်တို့၏ စက်မှုကဏ္ဍ၊ ပညာရေးကဏ္ဍဆိုင်ရာမေးခွန်းများနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကြမ်းအား လွှတ်တော်မှ လက်ခံရရှိကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့ကို ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
(သူရဇော်-သတင်းစဉ်)

No comments:

Post a Comment