Tuesday, November 1, 2016

ကမ်းနှစ်ဖက်မှ အသံများ

 
 
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတားဟုခေါ်သော ရန်ကုန်မြစ်ကူးတံတား ကြီး တည်ဆောက်မည့်ကိစ္စနှင့်ပတ်သက်၍ ဝေဖန်ကန့်ကွက်သံများ ပေါ်ထွက်လာသည်။ ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ထွက်သွားလာလျက် ရှိသည့် မြစ်ပြင်ကျယ်ကြီးပေါ်ကို ဖြတ်သန်းကာ တံတားတည်ဆောက်ရမှာ ဖြစ်သည့်အတွက် တံတားကြီးမှာ ရေမျက်နှာပြင်အထက် မြင့်မားစွာ တည်ဆောက်ရမည်။ တံတားကြီး၏ ဟိုဘက်ဒီဘက်မှာရှိနေသော မြို့နှစ်မြို့ တို့၏ အခြေအနေမှာ စီးပွားရေး၊ လူမှုရေး အဘက်ဘက်ကပင် ကွာခြားလှ သည်။

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ဆောက်ခဲ့သည့် ရန်ကုန်မြို့နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိနေသော ဒလမြို့နေ ပြည်သူ လူထုက ရန်ကုန်မြစ်ကူးတံတားကြီးတစ်စင်း ပေါ်ပေါက်လာရေး အိပ်မက် မက်ခဲ့ကြသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။
ဒလသည် ရန်ကုန်မြို့နှင့် အနီးဆုံးမြို့နယ်တစ်ခုဖြစ်ပြီး ၁ဝ မိနစ်ခန့်မျှ ဖြင့် မြို့လယ်သို့ တိုက်ရိုက်ရောက်ရှိသွားနိုင်သည့် ဒေသဖြစ်သည်။ အဓိက အတားအဆီးမှာ ရန်ကုန်မြစ်ကြီးပင်ဖြစ်ပြီး နေ့စဉ်နှင့်အမျှ ကူးသန်းသွားလာ နေရသူများမှာ အသက်နှင့်ရင်းနေကြရသည်ဟုလည်း ဆိုနိုင်သည်။ ထို့ကြောင့်ပင် ဒလသူ ဒလသားတို့က ရန်ကုန်မြစ်ကူးတံတားကြီးကို မျှော်လင့်ကြခြင်းဖြစ်သည်။ တံတားကြီးစီမံကိန်းနှင့်ပတ်သက်၍ ကန့်ကွက် သံများမှာ ရန်ကုန်ဘက်ကမ်းမှ ပေါ်ထွက်လာခြင်းဖြစ်ပြီး ကန့်ကွက်သူ များက တံတားကြီး မတည်ဆောက်စေလိုသည့်သဘောထက် မိမိတို့၏တည်ရှိနေမှုအပေါ် မထိခိုက်စေလိုသည့်သဘောများကို အဓိက တွေ့ရှိရ သည်။

လက်ရှိအခြေအနေတွင် တံတားအူကြောင်းလျာထားမှု သုံးနေရာ ရှိသည့်အနက် ဖြစ်နိုင်ခြေအများဆုံးရှိနေသော ရန်ကုန်ဘက်ကမ်းမှ ဘုန်းကြီးလမ်းနေပြည်သူများက ကန့်ကွက်နေကြခြင်း ဖြစ်သည်။
တံတားစီမံကိန်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့ဘုန်းကြီးလမ်းနေ ပြည်သူ များ၏ စိုးရိမ်ပူပန်မှုများမှာ တံတားစီမံကိန်းလုပ်ငန်းခွင်များမှ ပေါ်ထွက် လာမည့် တုန်ခါမှု၊ ဆူညံမှု၊ အခိုး အငွေ့ ဖုန်မှုန့်နှင့် အမှိုက်သရိုက်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများကြောင့် မိမိတို့၏ နေ့စဉ်လူနေမှုအပေါ်တွင် ထိခိုက်လာနိုင်ဖွယ်ရှိသော ကိစ္စများအပေါ် စိုးရိမ်ပူပန်မှုများရှိနေကြသည် ဟု သိရသည်။ ဤသို့သိရခြင်းမှာလည်း တံတားစီမံကိန်းနှင့်ပတ်သက်၍ ''စီမံကိန်းဆိုင်ရာ ပတ်ဝန်းကျင်နှင့် လူမှုရေး ထိခိုက်မှုဆန်းစစ်ခြင်း''ကို ပွင့်လင်းမြင်သာစွာ ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ESIA ခေါ် ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝ ထိခိုက်မှုဆန်းစစ်ချက် များပြုလုပ်ရာတွင် ဒေသတွင်းပေါက်ပင်နှင့် ဒေသမျိုးရင်းတိရ္ဆာန်များ၊ မြေဆီလွှာ၊ ရေအရင်းအမြစ်၊ လေထု၊ ဆူညံမှု၊ မြေခင်းအလှနှင့် မြေမျက်နှာ အသွင်အပြင် စသည့်ပတ်ဝန်းကျင် အခြေအနေများ ထိခိုက်နိုင်မှု ရှိ မရှိ၊ ဒေသနေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ အိမ်နေရာ ဖယ်ရှားရမည့် ပမာဏ၊ ဗိသုကာတန်ဖိုး၊ သမိုင်းတန်ဖိုးမြင့်မားသည့် အမွေ အနှစ်များ၊ ပြည်သူအများ အပန်းဖြေသည့်နေရာများ စသည်တို့အပေါ်တွင် ထိခိုက်နိုင်မှု ရှိ မရှိ စသည်တို့ကို လေ့လာဆန်းစစ်မှုများ ပြုကြရသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၁ဝ ရာခိုင်နှုန်းကျော်ကျော် မှီတင်းနေထိုင်လျက် ရှိသော ရန်ကုန်မြို့ကြီးမှာ နိုင်ငံ၏စီးပွားရေးမြို့တော်ကြီးအဖြစ် ရပ်တည် နေပြီး မြို့နေလူဦးရေမှာလည်း လျင်မြန်စွာတိုးတက်လျက်ရှိသည်။ အစိုးရ အဆက်ဆက်တို့က မြို့ကြီးကို တိုးချဲ့ တည်ဆောက်ခဲ့ရာတွင် အထူးသဖြင့် ရန်ကုန်မြစ်၏ တစ်ဖက်ကမ်းကို မစဉ်းစားနိုင်ခဲ့ကြသည့်အလျောက် ဒလ မြို့နေ ပြည်သူများမှာ ရန်ကုန်မြို့တော်ကြီးနှင့် နီးလျက်ကပင် ဝေးနေခဲ့ကြ ရသည်။ ရာသီဥတုဆိုးရွားသည့် အခြေအနေများတွင် ရန်ကုန်ဘက်သို့ ကူးသန်းသွားလာရန် အခက်တွေ့ခဲ့ကြရသည်။

ရန်ကုန်မြစ်ကြီးကို ဖြတ်ကျော်ကာ မြို့လယ်ဒေသသို့ တိုက်ရိုက်ရောက်ရှိနိုင်မည့် ရန်ကုန်မြစ်ကူး တံတားကြီးသည် ၄င်းတို့၏ ရွှေရောင်အိပ်မက်ဖြစ်သကဲ့သို့ ဒလမြို့၏ကျောထောက်နောက်ခံဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မဟာ မျှော်လင့်ချက်ကြီးတစ်ခုပင် ဖြစ်သည်။

ဒလမြို့နေပြည်သူများ၏ မျှော်လင့်ချက်ဆန္ဒများနှင့် လမ်းမတော် မြို့နယ် ဘုန်းကြီးလမ်းနေပြည်သူများ၏ စိုးရိမ်ပူပန်မှုများအပေါ် မှန်မှန် ကန်ကန် ဆန်းစစ်ကာ ခေတ်မီဆန်းသစ်သော နည်းပညာများဖြင့် အခက် အခဲများကို ကျော်လွှားနိုင်ပြီး ဒလနှင့် ရန်ကုန်မြေတစ်ကြောတည်းအဖြစ် မဝေးတော့သည့်ကာလတွင် ဖန်တီးဖော်ဆောင်နိုင်မည်ဟု ယုံကြည်မိပါ ကြောင်း။ ။

No comments:

Post a Comment