Tuesday, November 1, 2016

ကျောက်တံခါးဆည် ကျိုးပေါက်မှုမရှိ၊ မိုးရွာသွန်းမှုများ၍ ရေပိုလွှဲမှ ရေလွှဲထုတ်ထားခြင်းသာဖြစ်



Image may contain: sky, ocean, outdoor, water and nature
ကျောက်ပန်းတောင်း အောက်တိုဘာ ၃၁
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အစပ်တွင် တည်ရှိသော ကျောက်တံခါးဆည်ကျိုးပေါက်မှုဖြစ်ပွားကြောင်း အောက်တိုဘာ ၃ဝ ရက်တွင် ကောလာဟလသတင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသော်လည်း အဆိုပါဆည်မှာ လက်ရှိအခြေအနေတွင် စိုးရိမ်စရာမရှိကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါကျောက်တံခါးဆည်မှာ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အစပ်တွင်တည်ရှိသော်လည်း ဆည်ထိန်းသိမ်းမှုလုပ်ငန်းများကို ကျောက်ပန်းတောင်းမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူ ထိန်းသိမ်းခြင်းဖြစ်ကြောင်း သိရသည်။ ကျောက်တံခါးဆည်မှာ ရေပြင်အကျယ် ၁၉၄၁ ပေရှိ၍ ရေလှောင်ပမာဏမှာ ဧက ၄၁၁ဝဝ ပေဖြစ်ကြောင်း သိရသည်။လက်ရှိအခြေအနေတွင် ကျောက်ပန်းတောင်းမြို့နယ်အတွင်း ရွာသွန်းခဲ့သော မိုးရေချိန်အခြေအနေများအရ ရေဝင်ရောက်မှုများခဲ့ကြောင်း သိရသော်လည်း မိုးရွာသွန်းမှုအခြေအနေမှာလည်း သရက်တောရှေ့တန်းစခန်းရှိ မိုးရေချိန် မှတ်တမ်းများအရ အောက်တိုဘာ ၂၆ ရက်တွင် သုည ဒသမ ၇၂ လက်မ၊ အောက်တိုဘာ ၂၇ ရက်တွင် သုည ဒသမ ၂၃ လက်မ ရွာသွန်းခဲ့ပြီး အောက်တိုဘာ ၂၈ ရက်တွင် ရွာသွန်းမှုမရှိခဲ့ဘဲ အောက်တိုဘာ ၂၉ ရက်တွင် သုည ဒသမ ၇၈ လက်မ ရွာသွန်းခဲ့၍ အောက်တိုဘာ ၃ဝ ရက် နံနက် ၉ နာရီအထိ ရွာသွန်းမှုမှာ သုည ဒသမ ၉၃ လက်မ ရွာသွန်းခဲ့ကြောင်း သိရသည်။အဆိုပါ မိုးရွာသွန်းမှုများကြောင့် လက်ရှိဆည်မှာ ရေမှတ် ၁ဝ၁၅ ဒသမ ၅ ပေရှိပြီး ရေပိုလွှဲအမြင့် ၁ဝ၁၅ ပေ ဖြစ်ရာ Spillway ပေအထက် ခြောက်လက်မကျော်ဖြင့် ရေလွှဲထုတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
''အခုလက်ရှိအခြေအနေအရ ဘာမှစိုးရိမ်စရာမရှိပါဘူး။ ဒီကျောက် တံခါးဆည်က တမံအမြင့်ပေ ၈ဝ နဲ့ တမံအလျားပေ ၇၆၁ဝ ရှိပါတယ်။တမံအနေနဲ့လည်း ခိုင်ခံ့ပါတယ်။ ဆည်ကနတ်မောက်နယ်ဘက်မှာရှိပေမယ့် ကျွန်တော်တို့ကျောက်ပန်းတောင်းက ထိန်းသိမ်းရတာပါ။ ကျွန်တော်တို့လည်း မျက်ခြည်မပြတ်စောင့်ကြည့်နေတာပါ။ စိုးရိမ်စရာမရှိပါဘူး။ ဒီရက်ပိုင်းမိုးလေး နည်းနည်းများလို့ ရေပိုလွှဲကရေလွှတ်ပေးထားတာနဲ့စိုးရိမ်ပြီး ကောလာဟလ ဖြစ်တာထင်ပါတယ်။ ဘာမှမဖြစ်ပါဘူး''ဟု ကျောက်ပန်းတောင်းမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းမြင့်ဦးက ပြောသည်။
အဆိုပါကျောက်တံခါးဆည်ကို ၂ဝဝ၂/၂ဝဝ၃ ခုနှစ်က တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ရေကူ ရေပေးဝေရေးအတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆည်ရေထုတ်ပြွန်မှ ထုတ်လွှတ်သောရေများကို နတ်မောက်မြို့နယ်အတွင်းသို့ သွားသည့်ရေလွှဲမြောင်းနှင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်းသို့ သွားသော ရေလွှဲမြောင်းများအတွင်း လွှဲထုတ်ခြင်းဖြစ်ပြီး ကျောက်ပန်းတောင်းမြို့နယ် ဘက်တွင် အဆိုပါဆည်ရေမှာ ယာကြီးဆည်၊ တန်ခွန်တိုင်ဆည်အစရှိသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆည်များသို့ရောက်ရှိပြီး ၎င်းမှတစ်ဆင့် ခပေါင်း ကုန်းကန်၊ ဦးကဝိကန်၊ ဘဲကန် အစရှိသည့် ဆည်ငယ်၊ ကန်ငယ်များသို့ ဝင်ရောက်ကြောင်းနှင့် ၎င်းမှဆက်၍ တယ်ပင်တဲကျေးရွာအနီးရှိ တောင်ရေဆည်မှတစ်ဆင့် ကြက်မောက်တောင်ဆည် ရေကူမြောင်းကြီးသို့ဝင်ရောက်ပြီး ကြက်မောက် တောင်ဆည်သို့ ရောက်ရှိခြင်းဖြစ်ကြောင်း သိရသည်။ သို့ဖြစ်၍ လက်ရှိအခြေအနေတွင် ကျောက်တံခါးဆည်အနေဖြင့် စိုးရိမ်ဖွယ်ရာမရှိကြောင်း စုံစမ်းသိရှိရသည်။
ကိုနေ(ကျောက်ပန်းတောင်း)

No comments:

Post a Comment