Wednesday, November 2, 2016

ဖိလစ်ပိုင်သို့ ရိုင်ဖယ်သေနတ်များ ရောင်းချပေးမည့် အစီအစဉ် အမေရိကန်ရပ်ဆိုင်း



ဝါရှင်တန် နိုဝင်ဘာ ၁

ဖိလစ်ပိုင်နိုင်ငံ၏ အမျိုးသားရဲတပ်ဖွဲ့အတွက် ချေမှုန်းရေးရိုင်ဖယ်သေနတ်များ ရောင်းချပေးမှုကို မိမိဆန့်ကျင်သည်ဟု အမေရိကန်အထက်လွှတ်တော်အမတ် တစ်ဦးက ပြောကြားခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဌာနက ဖိလစ်ပိုင် နိုင်ငံသို့ သေနတ်များ ရောင်းချပေးမည့်အစီအစဉ်ကို ရပ်ဆိုင်းထားလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက နိုဝင်ဘာ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖိလစ်ပိုင်နိုင်ငံ၌ လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသဖြင့် ယင်းနိုင်ငံ၏ အမျိုးသားရဲတပ်ဖွဲ့အတွက် ချေမှုန်းရေးရိုင်ဖယ်သေနတ်အလက် ပေါင်း ၂၆ဝဝဝ ခန့် ရောင်းချပေးမည့် အစီအစဉ်ကို ရပ်ဆိုင်းထားလိုက်ခြင်း ဖြစ်ကြောင်း၊ အမေရိကန်အထက်လွှတ်တော်၏ နိုင်ငံခြားဆက်ဆံရေးကော်မတီ မှ ထိပ်တန်းဒီမိုကရက် အမတ်တစ်ဦးဖြစ်သူ ကာဒင်က ဖိလစ်ပိုင်သို့ သေနတ်များ ရောင်းချမှုကို ကန့်ကွက်မည်ဟု ပြောကြားခဲ့ကြောင်း အဆိုပါအမတ်၏ လက်ထောက်များက ပြောကြားကြသည်။

ဖိလစ်ပိုင်နိုင်ငံတွင် သမ္မတ ရိုဒရစ်ဂိုဒူတာတေး၏ အစိုးရအဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို ခပ်ကြမ်းကြမ်း ကိုင်တွယ်ဆောင်ရွက်မှုကို အမေရိကန်အစိုးရက ဝေဖန်ခဲ့ရာမှ အမေရိကန်အစိုးရကို သမ္မတဒူတာတေးက ဒေါသတကြီး ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သဖြင့် နှစ်နိုင်ငံဆက်ဆံရေးတွင် အရှုပ်အထွေးများ ဖြစ်ပေါ်ခဲ့ရသည်။

ဖိလစ်ပိုင်နိုင်ငံထံသို့ ချေမှုန်းရေး ရိုင်ဖယ်သေနတ်များ ရောင်းချပေးမှုကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် မိမိတို့အနေဖြင့် အခြားသော နိုင်ငံများထံမှ လက်နက်ဝယ်ယူရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ၏ ပြန်ကြားရေးအတွင်းဝန် မာတင်အင်ဒါနာက ပြောကြားသည်။ 

ရိုက်တာ။

No comments:

Post a Comment