Tuesday, November 1, 2016

နိုင်ငံတော်စီးပွားရေးတိုးတက်အောင်ဘယ်လိုကြံဆောင်ကြိုးစားကြမလဲ

သန်းဖြိုးနိုင် (ကညင်ကျိုး)
ပြည်သူ့သဘောထားစင်မြင့်
တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့နှင့် စပ်လျဉ်း၍ ရှုထောင့်စုံမှ သဘောထားအမြင်စုံတို့ကို အများပြည်သူသို့ တင်ပြပေးနိုင်ရန် ဤကဏ္ဍကို ဖွင့်လှစ်ခြင်းဖြစ်၍ စိတ်ဝင်စားသူ မည်သူမဆို ပါဝင်ရေးသားရန် ဖိတ်ခေါ်ပါသည်။ သို့သော် ကြမ်းတမ်းပြင်းထန်သော အယူအဆ၊ အရေးအသားများကိုမူ သတင်းစာ၏ မူဝါဒအရ ဖော်ပြပေးနိုင်မည်မဟုတ်ကြောင်းနှင့် ဤကဏ္ဍတွင် ပါရှိသမျှ
တို့သည် သက်ဆိုင်ရာ ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။
(စာတည်းအဖွဲ့ )
အစိုးရသစ်တက်လာပြီး သုံးလအကြာ ဇူလိုင်လ ၂၉ ရက်တွင် စီးပွားရေးမူဝါဒ (၁၂)ချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။ သို့သော်ကြေညာပြီးချိန်မှ ယခု သုံးလတာကာလကြာမြင့်လာခဲ့ချိန်အထိ တစ်စုံတစ်ရာထူးခြားမှုများ ဖြစ်ပေါ်မလာခဲ့သေးကြောင်း စီးပွားရေးဆိုင်ရာအတွက် ထုတ်ပြန်ခဲ့သည့်စစ်တမ်းများက ဆိုနေကြသည်။ ယခင်အစိုးရလက်ထက်တွင်မူ စီးပွားရေးဦးတည်ချက် (၄) ရပ်နှင့်အတူ ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်ကျင့်သုံးခဲ့သော်လည်း နိုင်ငံ၏စီးပွားရေးညွှန်းကိန်း (Economic Indicators) များ တက်မလာခဲ့သလို ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းများကိုလည်း မလျှော့ချနိုင်ခဲ့ကြချေ။ ထို့ပြင်ရင်းနှီးမြှုပ်နှံမှု ဥပဒေ(၂)မျိုးကိုလည်း လွှတ်တော်က အသစ်ပြဋ္ဌာန်းခဲ့သော်လည်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမှု နည်းပါးပြီး စက်မှုလုပ်ငန်းများသည်လည်း တိုးတက်မှုရှိမလာသည့်အပြင် စက်မှုပိုင်းဆိုင်ရာ အင်ဂျင်နီယာပညာရပ်များပင် ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ကြသည်ဟု အင်ဂျင်နီယာပညာရှင်များအသိုင်းအဝိုင်းက ဆိုခဲ့ကြသည်။
အားမလို အားမရ
သည့်အတွက်ပင် ပြည်သူအများစုက စီးပွားရေးအခြေအနေကောင်းပြီး ၄င်းတို့၏ တစ်နေ့တာဝင်ငွေများ များများရရှိအောင် လုပ်ပေးနိုင်သည့် အစိုးရကို မျှော်လင့်ခဲ့ကြသည်။ ထိုမျှော်လင့်ချက်များစွာဖြင့်ပင်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲအသီးသီးပေးခဲ့ကြသည်မှာ ယခုဆိုလျှင် တစ်နှစ်ပင်ပြည့်တော့ မည်ဖြစ်သည်။ သို့သော် အစိုးရသစ်စတင်ခဲ့သည့်အချိန်မှစကာ ယခု ခြောက်လတာကာလအထိ တစ်စုံတစ်ရာတိုးတက်မှုဖြစ်မလာသဖြင့်လည်း ပြည်သူအများ၏ မျှော်
လင့်ချက်များဝေဝါးခဲ့ရသည်။ ဒေါ်လာဈေးများ မြင့်တက်ခဲ့သည်။ ပြည်တွင်းတွင် ကုန်ဈေးနှုန်းများ ကြီးမြင့်ခဲ့ပြီး တောင်သူလယ်သမားများ၏ ထုတ်ကုန်ဖြစ်သည့်
စပါး၊ နှမ်း၊ ပဲဈေးများ ထိုးကျခဲ့သည်။ သို့ဖြင့် စီးပွားရေးနှင့် ပတ်သက်၍ အစိုးရအပေါ် ပြည်သူအများက အားမလို အားမရဖြစ်ကာ သို့လောသို့လောတီးတိုးဝေဖန်သံများ ဟိုတစ်စဒီတစ်စ ကြားနေခဲ့ရသည်။
ဥပဒေသစ်ပြဋ္ဌာန်း
အစိုးရသစ်၏ ခေါင်းဆောင်များအနေဖြင့်မူ ကျွမ်းကျင်ရာ လိမ္မာရာဆိုသကဲ့သို့ ယနေ့လက်ရှိအချိန်တွင်ငြိမ်းချမ်းရေးကိစ္စနှင့် သံခင်းတမန်ခင်းကိစ္စများ အားသာ
မှုများရှိနေသည်။ သို့သော် အခြားတစ်ဖက်တွင်မူ စီးပွားရေးတိုးတက်မှုများအတွက် အဓိကသော့ချက်လိုဖြစ်နေသည့် စီးပွားရေးပိတ်ဆို့မှုများကိုလည်း သံခင်းတမန်ခင်းနည်းလမ်းများဖြင့် ပြည်ပပိတ်ဆို့မှုများကို အပြီးတိုင် ဖယ်ရှားခဲ့ပြီးဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုပိုမိုဖိတ်ခေါ် ဝင်ရောက်လာစေရေးအတွက်လည်း ယခုရက်ပိုင်းတွင် ယခင်အစိုးရအဟောင်း လက်ထက်တွင်အသစ်ရေးဆွဲပြဋ္ဌာန်းခဲ့ဖူးသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေ(၂)ခုကို တစ်ခုတည်းပေါင်းပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်တစ်ရပ်ကို အောက်တိုဘာ ၁၈ ရက်နေ့ က ပြဋ္ဌာန်းခဲ့ကြသည်။မည်သို့ပင်ဆိုစေ အစိုးရသစ်၏ အုပ်ချုပ်ရေးအဖွဲ့ဘက်မှ နိုင်ငံရေးမူဝါဒအသစ်နှင့် စီးပွားရေးမူဝါဒ အသစ်များချမှတ်ကာ အကောင်အထည်ဖော်နေမှုများ
အပေါ်တွင်မူ ပြည်သူများအနေဖြင့် ယနေ့အချိန်တွင်အားမလိုအားမရဖြစ်နေခဲ့ကြသည်မှာ အမှန်ပင်ဖြစ်သည်။ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်ဘက်
အပိုင်းတွင်မူ ပြည်ထောင်စုအဆင့် လွှတ်တော်များဖြစ်သည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့အနေဖြင့်လည်း ပြည်ထောင်စုအဆင့်နှင့် လျော်ညီစွာတစ်မျိုးသားလုံးနှင့်ဆိုင်သည့် ပညာရေး၊ စီးပွားရေး၊ စက်မှုဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ငြိမ်းချမ်းရေးစသည့် တစ်နိုင်ငံလုံးကို လွှမ်းခြုံပြီး အကျိုးစီးပွားဖြစ်ထွန်းစေမည့်ဥပဒေကြီးများ ပေါ်ထွန်းမလာခဲ့ဘဲ လွှတ်တော်ကိုယ်စားလှယ်များမှာ ၄င်းတို့၏ ကိုယ်စီမဲဆန္ဒနယ်များတိုး
တက်ရေးအတွက်သာ မေးခွန်းနှင့် အဆိုများကို သူငှာပြိုင်တူ လုတင်ကြရင်း ဌာနများမှလည်း လာရောက်ဖြေ ကြားကြရင်းပင် လွှတ်တော်သက်တမ်း၏ အချိန်ကာလရှစ်လခန့် ကုန်ဆုံးခဲ့ကြသည်ဟု ပြင်ပလေ့လာသူများက သုံးသပ်ခဲ့ကြသည်။
ရုန်းမထွက်နိုင်ကြ
အုပ်ချုပ်ရေးမဏ္ဍိုင်ဘက်တွင်မူ နိုင်ငံတော်စီးပွားရေးတိုးတက်ရေးအတွက် အကြံပေးလုပ်ဆောင်နေကြရသူများကိုယ်တိုင်ပင် နိယာမနှင့် သဘောတရားများအကြားမှ ရုန်းမထွက်နိုင်ကြသေးဘဲ လက်တွေ့အခြေအနေများနှင့် ကင်းကွာလျက်ရှိနေကြသည်မှာလည်း အမှန်ပင်ဖြစ်ကြောင်း ရေးသားတင်ပြထားကြသည့် စာတမ်းများကိုဖတ်ရှုလေ့လာကြည့်မိစဉ်တွင် တွေ့မြင်ခဲ့ရသည်ဟု လေ့လာသုံးသပ်သူများက ဆိုခဲ့ကြပြန်လေသည်။ ယခင်အစိုးရလက်ထက်တွင်လည်း ထိုနိယာမနှင့် သဘောတရားများအကြားတွင်ပင် စမ်းသပ်ရင်း၊ မူဝါဒများချမှတ်ရင်းပင် အချိန်တွေကုန်လွန်ခဲ့ကြရသည်။ တွန်းကား တွန်း၏ မရွေ့ခဲ့ပေ။ အလုပ်ဆိုသည်မှာ ရွေ့လျားမှုအပေါ် တွက်ချက်တိုင်းတာယူကြရလေ့ရှိရာ ရလဒ်အဖြေကိုသာလျှင် ကြည့်ကြရစမြဲဖြစ်သည်။ ရလဒ်မကောင်းလျှင် အစိုးရမူဝါဒများ မှားနေသည်ဟု အကြမ်းဖျင်းဆိုနိုင်သည်။အစိုးရ၏ မူဝါဒများမှာ ကောင်းမွန်သော်လည်း လိုက်
နာအကောင်အထည်ဖော်ကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် လိုက်ပါဆောင်ရွက်ကြရသည့် ပြည်သူများအပြည့်အဝ ပါဝင်မပူးပေါင်းလျှင်လည်း အောင်မြင်မှုလမ်းစနှင့် ဝေးကွာသွားတတ်သည့် သဘောလည်းရှိသည်။နိုင်ငံတစ်ခု၏ အစိုးရတစ်ရပ်က ရွေးချယ်ကျင့်သုံးသည့် နိုင်ငံရေးနှင့် စီးပွားရေးစနစ်တို့ နှစ်ခုသည် အပြန်ပြန်အလှန်လှန် ထိန်းကျောင်းပြီး သဟဇာတဖြစ်မှသာ ထိုနိုင်ငံသည် တိုးတက်သည်ကို ဂရုပြုကြရမည်ဖြစ်သည်။သည့်အတွက် အစိုးရမှချမှတ်သည့် နိုင်ငံရေးနှင့် စီးပွားရေးမူဝါဒများသည် ကိုယ့်နိုင်ငံနှင့် ကိုက်ညီသည့်စနစ်များဖြစ်ရန်လိုပြီး မှားယွင်းမှုမဖြစ်ရန်၊ စမ်းသပ်မဆောင်ရွက်မိကြစေရန် အထူးလိုအပ်လာသည်။ ထိုစနစ်များကျင့်သုံးမှု မှားယွင်းပါက အများအားဖြင့် ခံစားကြရသည်မှာ ပြည်သူများသာဖြစ်ပြီး မူဝါဒစနစ်လမ်းကြောင်း အမှန်ကိုပြန်ရောက်ဖို့အတွက်ဆိုလျှင်လည်း
အချိန်ကာလ မြောက်မြားစွာ ပြန်လည်ပေးဆပ်ကြရသည်။ နိုင်ငံရေးစနစ်များတွင် ပါတီစုံဒီမိုကရေစီစနစ်၊တစ်ပါတီ အာဏာရှင်စနစ်တို့ရှိပြီး စီးပွားရေးစနစ် တွင်မူ ဈေးကွက်စီးပွားရေးစနစ်၊ ဆိုရှယ်လစ်စီးပွားရေးစနစ်၊ ကွန်မြူနစ်စီးပွားရေးစနစ်စသည်ဖြင့် အမျိုးမျိုးရှိနေသည်။
စီးပွားရေးအောင်မြင်
ဆိုလိုသည်မှာ အစိုးရတစ်ရပ်အနေဖြင့် မည်သည့် နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်များကို မည်သို့ ကျင့်သုံးနေစေကာမူ အဓိကအချက်မှာ တိုင်းပြည်စီးပွားရေးကို
အောင်မြင်အောင် ဦးဆောင်အကောင်အထည်ဖော်ရေးပင်ဖြစ်သည်။ ဤအယူအဆမှာ ယနေ့လက်ရှိစီးပွားရေးထိပ်သီးနိုင်ငံတစ်ခုလည်းဖြစ်၊ အိမ်နီးချင်းနိုင်ငံလည်းဖြစ်သည့် တရုတ်နိုင်ငံ၏ တစ်ချိန်က ခေါင်းဆောင် တိန့်ရှောင်ဖိန်၏ အယူအဆပင်ဖြစ်သည်။ မော်စီတုန်းလက်ထက်က ကွန်မြူနစ်စနစ်ကို ကျင့်သုံးပြီး တံခါးပိတ်ဝါဒကို လက်ကိုင်ပြုခဲ့သဖြင့် တိုင်းပြည်ဆင်းရဲပြီးပြည်သူများ အငတ်ဘေးကြုံခဲ့ရသည်ကို နမူနာယူပြီးတိန့်ရှောင်ဖိန်လက်ထက်တွင် ကွန်မြူနစ်စနစ်ကျင့်သုံးသည့် နိုင်ငံပင်ဖြစ်သော်လည်း စီးပွားရေးမူဝါဒတွင်မူဈေးကွက်စီးပွားရေးမူဝါဒကို ပြောင်းလဲဖော်ဆောင်ခဲ့သဖြင့် စီးပွားရေးတစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်အရောက်တွင် ဂျပန်နိုင်ငံကိုကျော်ပြီး ကမ္ဘာ့စီးပွားရေးပမာဏ ဒုတိယအကြီးဆုံးနိုင်ငံအဖြစ်ကို တက်လှမ်းနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
ဤနေရာတွင် ကမ္ဘာကျော်ခဲ့သည့် တိန့်ရှောင်ဖိန်၏စီးပွားရေးဆိုင်ရာ မူဝါဒစကားတစ်ခွန်းကိုလည်း မှတ်မှတ်ထင်ထင်ရှိနေခဲ့သေးသည်။ ၄င်းမှာ ''ကြောင်ဆိုတာ
မည်းချင်မည်းမယ်၊ ဖြူချင်ဖြူမယ်၊ ကြွက်ခုပ်တတ်ဖို့ အရေးကြီးတယ်'' ဟုဖြစ်သည်။ ဆိုလိုရင်းမှာအထက်တွင် ဖော်ပြခဲ့သလို အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံရေး
စနစ်ကို မည်သည့်စနစ်ကျင့်သုံးသည်ဖြစ်ပါစေ၊ တိုင်းပြည်စီးပွားရေးကို အောင်မြင်အောင်တော့ အကောင်အထည်ဖော်တတ်ရမည်ဟုဖြစ်သည်။
သဟဇာတဖြစ်
နိုင်ငံရေးနှင့် စီးပွားရေးစနစ်ကို သဟဇာတဖြစ်အောင်ကျင့်သုံးဖို့ မည်မျှအရေးကြီးသည်ဆိုသည်ကို အခြားအိမ်နီးချင်း အိန္ဒိယနိုင်ငံကြီး၏ အကြောင်းဖြင့် ဥပမာ
ပေးတင်ပြရဦးမည်။ အိန္ဒိယနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှ ၁၉၉ဝ ပြည့်နှစ်အထိ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သော်လည်း စီးပွားရေးစနစ်မှာမူ ဆိုရှယ်လစ်တံခါးပိတ်ဝါဒဖြစ်ခဲ့သည့်အတွက် တိုင်းပြည်သည်လည်း ဆင်းရဲတွင်းနက်ခဲ့ရသည်။ သည့်အတွက် ၁၉၉ဝပြည့်နှစ်အရောက် ဒေါက်တာမန်မိုဟန်ဆင်း ဝန်ကြီးချုပ်အဖြစ် တက်လာစဉ်တွင် ဈေးကွက်စီးပွားရေးစနစ်ကိုပြောင်းလဲကျင့်သုံးခဲ့သဖြင့် ပြည်သူသန်း ၄ဝဝ ကျော်ကိုဆင်းရဲတွင်းက ကယ်တင်နိုင်ခဲ့သည်ဟု ဆိုပါသည်။ ထို့အတူ ဒေါက်တာမန်မိုဟန်ဆင်းကိုလည်း စီးပွားရေးပြောင်းလဲမှု ဗိသုကာကြီးအဖြစ် ကမ္ဘာကပင် အသိအမှတ်ပြုခဲ့သည်ကိုလည်း သိခဲ့ကြရမည်ဖြစ်သည်။
အမြန်အကောင်အထည်ဖော်
အချုပ်အားဖြင့် နိဂုံးချုပ်တင်ပြရလျှင် အစိုးရသစ်၏နိုင်ငံတော်၏ စီးပွားရေးဦးမော့လာစေရေးအတွက်ချမှတ်ခဲ့သည့် မူဝါဒများမှာ လက်တွေ့မှာ အမှန်တကယ်
အလုပ်ဖြစ်၊ မဖြစ်နှင့် အလုပ်ဖြစ်ရန် အချိန်ကာလအားဖြင့် မည်ရွေ့မည်မျှကြာမြင့်နေဦးမည်၊ ၄င်းအပြင်နိုင်ငံရေးမူဝါဒနှင့်ချမှတ်ခဲ့သည့် စီးပွားရေးမူဝါဒများသဟ
ဇာတဖြစ်၊ မဖြစ်စသည်တို့ကို ဆန်းစစ်ကြရမည် ဖြစ်သည်။ သဟဇာတဖြစ်ပြီး ကိုက်ညီမည်ဆိုပါကလည်းအကျိုးစီးပွားဖြစ်ထွန်းရေး တွန်းအားပေးအကောင်
အထည်ဖော်ကြရတော့မည်။ ဥပဒေပြုရေးကဏ္ဍအပိုင်းမှလည်း အထက်တွင်တင်ပြခဲ့သည့်အတိုင်း ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ခွဲခြားလုပ်ဆောင်ရမည့် လုပ်ငန်းများကို ခွဲခြားနားလည်ကာ တစ်မျိုးသားလုံး စီးပွားရေးဦးမော့လာစေမည့် စီမံကိန်းကြီးများအကြောင်း တင်ပြဆွေးနွေးကြရတော့မည်။ ထိုစီမံကိန်းကြီးများအကြောင်း ဆွေးနွေးပြဋ္ဌာန်းဥပဒေပြုကြရပြီး အမြန်အကောင်အထည်ဖော်ကြမှသာ တိုင်းပြည်သည်လည်း အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်ကာအခြားအိမ်နီးချင်းနိုင်ငံများနှင့် ရင်ပေါင်တန်းလာနိုင် မည်မှာ အမှန်ပင်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

No comments:

Post a Comment