Monday, October 31, 2016

ပထမတန်းလူငယ်အမှတ်ပေးပြိုင်ပွဲ MFF Youth ဗိုလ်စွဲ



Image may contain: 12 people , shoes
ရန်ကုန် အောက်တိုဘာ ၃ဝ
၂ဝ၁၆ ရာသီ MNL-2 (ပထမတန်း)လူငယ်အမှတ်ပေးပြိုင်ပွဲ နောက်ဆုံးရက်သတ္တပတ် ပွဲစဉ်(၃ဝ) နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ MFF Youth အသင်းက နိုင်ပွဲရယူပြီး ဂိုးကွာခြားချက်အသာဖြင့် ချန်ပီယံဆုရရှိ သွားသည်။
MFF Youth - သုံးဂိုး
အား/ကာသိပံ္ပ(က) - နှစ်ဂိုး

ပွဲစဉ်(၂၉)အပြီးတွင် သုံးမှတ်အသာဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေသည့် အား/ကာသိပံ္ပအသင်းမှာ ယခုပွဲ သရေကျရုံဖြင့် ဗိုလ်စွဲမည်ဖြစ်သော်လည်း MFF Youth အသင်းက ဝင်းနိုင်ထွန်း၏ ဟက်ထရစ်ဂိုးဖြင့် အနိုင်ယူကာ ချန်ပီယံဆုရရှိသွားခဲ့သည်။ ယင်းနှစ်သင်းမှာ ၈၄ မှတ်စီ တူညီနေသော်လည်း ဂိုးကွာခြားချက်အသာဖြင့် MFF Youth အသင်းက ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။
အား/ကာသိပံ္ပ(က) အသင်းမှာ သရေကျရုံဖြင့် ဗိုလ်စွဲမည်ဖြစ်သော်လည်း နှစ်သင်းစလုံး အနိုင်ရရေးအတွက် တိုက်စစ်ဖွင့်ကစားခဲ့သည်။ ပွဲအစ ခြောက်မိနစ်တွင် ဝင်းနိုင်ထွန်းက MFF Youth အသင်းအတွက် ဂိုးစတင် သွင်းယူခဲ့သော်လည်း ၂၈ မိနစ်တွင် ညီညီဖြိုးက အား/ကာသိပံ္ပအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ ယင်းနောက်ပိုင်းတွင်ပွဲမှာ အပြန်အလှန်ရှိခဲ့ပြီး ၂၉ မိနစ်တွင် ဝင်းနိုင်ထွန်းက ဒုတိယဂိုးထပ်သွင်းသောကြောင့် ပထမပိုင်း အပြီးတွင် MFF Youth အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် ဦးဆောင်လျက်ရှိသည်။ ဒုတိယပိုင်းတွင် MFF Youth အသင်းက အနိုင်ရလဒ်ကိုထိန်းရန် ကြိုးပမ်းခဲ့ရာ အား/ကာသိပံ္ပပြန်ဖိလာနိုင်ပြီး ၇၅ မိနစ်တွင် ကျော်မျိုးနိုင်က ဒုတိယချေပဂိုး သွင်းယူခဲ့သည်။ ချန်ပီယံဆုအတွက် မဖြစ်မနေနိုင်ပွဲရယူနိုင်ရန် လိုအပ်နေသည့် MFF Youth အသင်းသည် တိုက်စစ်အားပြန်မြှင့်လာပြီး ခြေစွမ်းပြနေသည့် ဝင်းနိုင်ထွန်းက ၈၃ မိနစ်တွင် အနိုင်ဂိုးနှင့် ဟက်ထရစ်ရစေမည့်ဂိုးတို့ကို သွင်းယူခဲ့သည်။
ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ဂိုးသွင်းအများဆုံးဆုရသက်ဝေမိုး(မြဝတီ)အား ဆုတံဆိပ်နှင့် ကျပ်သုံးသိန်း၊ တတိဆုရမြဝတီအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ကျပ် ၂၅ သိန်း၊ ဒုတိယဆုရ အား/ကာသိပံ္ပ(က)အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ကျပ်သိန်း ၅ဝ၊ ပထမဆုရ MFF Youth အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ကျပ်သိန်း ၁ဝဝ နှင့် ချန်ပီယံဆု ဖလားကို အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။
သတင်းနှင့်ဓာတ်ပုံ-ရှိုင်းထက်ဇော်

No comments:

Post a Comment