Sunday, October 30, 2016

စဉ်လာမပျက်ဆင်နွှဲကြမည့် မဒေါက်မြို့ရဲ့တန်ဆောင်တိုင်မီးမျှောပွဲ



Image may contain: sky, outdoor, water and nature
မိုးအကုန် ဆောင်းအကူး အလှထူးသည့် ဟေမန်ဦးအစ တန်ဆောင်မုန်းလတွင် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၌ နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပသော ပွဲတစ်ပွဲကား မဒေါက်မြို့ တန်ဆောင်တိုင်မီးမျှောပူဇော်ပွဲပင်ဖြစ်သည်။ ဤအချိန်အခါဝယ် မဒေါက်သူ မဒေါက်သားများက တန်ဆောင်တိုင်မီးမျှော ပူဇော်ပွဲအတွက် တက်ခုတ်ယိမ်း၊ တက်ပျံယိမ်း၊ ယိမ်းအဖွဲ့၊ တိုင်းရင်းသားရိုးရာ ယိမ်းအကအဖွဲ့များက အကအလှသဘာဝဟန်ချက်ညီ ကပြဖျော်ဖြေပြိုင်ပွဲဝင်နိုင် ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ စက်တပ်လှေဖောင်များပေါ်တွင် ဒီဇိုင်းအလိုက် သရုပ်ဖော်ဇာတ်စင်များ ပြင်ဆင်ခြင်းများကို စတင်လှုပ်ရှားနေကြပြီ ဆိုသည်ကတော့ အသေအချာပင်ဖြစ်သည်။
လာမည့် ၁၃၇၈ ခုနှစ် (၄၄)ကြိမ်မြောက် မဒေါက်မြို့ တန်ဆောင်တိုင် မီးမျှောပူဇော်ပွဲတော်ကြီးကို တန်ဆောင်မုန်းလဆန်း ၁၄ ရက် (နိုဝင်ဘာ ၁၃ ရက်) မှ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်(နိုဝင်ဘာ ၁၅ ရက်)အထိ ကျင်းပမည်ဖြစ်ကာ တန်ဆောင်မုန်းလပြည့်ကျော် ၁ရက် (နိုဝင်ဘာ ၁၅ ရက်) မွန်းလွဲ ၁ နာရီခန့်က စတင်၍ စစ်တောင်းမြစ်အတွင်း ရေသဘင်ပွဲအဖြစ် မဒေါက်မြို့ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ ၁၁ ရွာမှ အမျိုးသား အမျိုးသမီး တက်ခုတ်တက်ပျံအကအလှ ယိမ်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများ၏ ကရင်ဒုံးယိမ်းအကအလှများဖြင့် ဖျော်ဖြေယှဉ်ပြိုင်မှုများ ပြုလုပ်မည်ဖြစ်ပြီး ညနေ ၆ နာရီတွင် ဗုဒ္ဓမြတ်စွာဘုရားကို အမှူးထား၍ ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးအား ရောင်စုံမီးကြာခွက်သုံးသောင်းဖြင့် မီးမျှောပူဇော်ကြမည်ဖြစ်သည်။
ယခုနှစ်တွင် အဆိုပါ ပွဲတော်ရက်များအတွင်း ယခင်နှစ်များနည်းတူ ချောတိုင်တက်ပြိုင်ပွဲ၊ စစ်တောင်းမြစ်အတွင်း ကျင်းပမည့် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ၊ လက်မောင်းလှဲပြိုင်ပွဲ အားကစားနည်းများကို ပြိုင်ပွဲတစ်ရပ် အနေဖြင့် ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး စတုဒိသာ အကျွေးအမွေးများနှင့် လှူဒါန်းကုသိုလ်ပြုရန် စီမံထားသည်။ ထို့အပြင် ပျော်ပွဲရွှင်ပွဲအဖြစ် ရွှေမန်းဇာတ်သဘင်ပွဲ၊ မြန်မာ့ရိုးရာလက်ဝှေ့ပွဲ၊ ဆိုဗီယက်ပြန် နွဲ့နွဲ့စန်း၊ ပန်းမြတ်သီတာ(ရန်ကုန်)၊ ဇေရန်စိုး(တောင်ငူ)၊ နန္ဒကျော် (ဒိုက်ဦး)ဦးစီးသော ခြင်းအဖွဲ့က ခြင်းအလှပြခတ်ကစားခြင်းများ၊ ဒေသခံတေးသံရှင်များက မဒေါက်မြို့ပေါ်ရပ်ကွက်များတွင် မော်တော်ယာဉ်များဖြင့် တေးသံသာများ လှည့်လည် ဖျော်ဖြေမှု အစီအစဉ်များနှင့် အထူးအစီအစဉ်အဖြစ် ဒေဝါဝင်း၊ ရာဇာဝင်း ဝင်းခင်းသဘင်ကြီးများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ စာရှုသူတို့အနေဖြင့် တစ်ခါတစ်ခေါက်အရောက်လှမ်းကာ မဒေါက်မြို့ တန်ဆောင်တိုင်မီးမျှောပူဇော်ပွဲတွင် ပါဝင်နွှဲပျော်ဖို့ ဖိတ်ခေါ်တင်ပြရေးသားလိုက်ရပါသည်။
(ပိန်းဇလုပ်သိန်းညွန့်)

No comments:

Post a Comment