Saturday, October 1, 2016

ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီမှရှယ်ယာများ ပြန်လည်ရောင်းချမည်



Image may contain: sky and outdoor
ရန်ကုန် စက်တင်ဘာ ၃ဝ
ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ အစုရှယ်ယာများကို အများပြည်သူများ ပြန်လည်ဝယ်ယူနိုင်ရန်အတွက် ယခုနှစ် အောက်တိုဘာ ၄ ရက်မှစတင်ကာ ရောင်းချပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ သိရသည်။
ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီသည် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်သည့် BRT Lite ယာဉ်လိုင်း အမှတ် (၁)၊ (၂)၊ (၃) တို့ကို ပြေးဆွဲပေးလျက်ရှိပြီး ယာဉ်အစီးရေနှင့် ယာဉ်လိုင်းများ ထပ်မံတိုးချဲ့ပြေးဆွဲနိုင်ရေးအတွက် အစုရှယ်ယာများ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
''အများပြည်သူကလည်း ရှယ်ယာဝယ်ထားဖို့ကို စိတ်ဝင်စားပါတယ်။ မရောင်းသေးဘူးလား မေးနေတာကြာပါပြီ။ ယာဉ်ပိုင်ရှင်တွေ ကလည်း စိတ်ဝင်စားပါတယ်။ ဒါက ရေရှည်ဆောင်ရွက်သွားရမယ့် အများပြည်သူ သယ်ယူပို့ဆောင်ရေးပါ။ အခုရှယ်ယာတွေ ပြန်ရောင်း ပေးပါ့မယ်''ဟု အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
အစုရှယ်ယာတစ်စုလျှင် ကျပ် ၁ဝဝဝဝဝ ဖြင့် လူတစ်ဦးလျှင် တစ်စုမှ အစု ၁ဝဝဝ အထိ အောက်တိုဘာ ၄ ရက်မှစတင်ကာ အမှတ်- ၁၃၁/၁၃၃ 1st (A) ဗိုလ်တထောင်ဘုရားလမ်း ဗိုလ်တထောင် မြို့နယ်ရှိ ကုမ္ပဏီရုံးခန်းတွင် နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီထိ (ကုမ္ပဏီရုံးဖွင့်ရက်တွင်) ဝယ်ယူနိုင်ကြောင်း သိရသည်။
ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းပါဝင်မှု Public-Private Partnership - PPP စနစ်ဖြင့် ထူထောင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ထိရောက်စွာ တိုးတက်ပြောင်းလဲဆောင်ရွက်ရန်အတွက် နိုင်ငံတော်မှ ထည့်ဝင်ရင်းနှီးငွေကျပ် ၁ဝ ဘီလီယံ (၄ဝ ရာခိုင်နှုန်း)၊ ပုဂ္ဂလိက လုပ်ငန်းရှင်များအပါအဝင် အများပြည်သူမှ ထည့်ဝင်ငွေကျပ် ၁၅ ဘီလီယံ (၆ဝ ရာခိုင်နှုန်း)ဖြင့် ထူထောင်ဆောင်ရွက်သွားရန်ဖြစ်သည်။ လက်ရှိတွင် ရောင်းချမည့် အစုရှယ်ယာများကို အများပြည်သူ မတည်ထည့်ဝင်ငွေအဖြစ် ရောင်းချသွားမည်ဖြစ်ပြီး မြန်မာ နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား အပြည့်အဝ ပိုင်ဆိုင် သော ကုမ္ပဏီများ ဝယ်ယူခွင့်ရှိကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီအနေဖြင့် ရောင်းချပြီး အစုရှယ်ယာမှာ လူဦးရေ ၁၁၁၄ ဦးနှင့် အစုပေါင်း ၂၄၂၆၄ စု၊ ၂၄၂၆၄ သိန်း ဖြစ်ပြီး ရောင်းချရန် ကျန်ရှိသည့် အစုရှယ်ယာကျပ် သိန်းပေါင်း ၅၇၂၆ သိန်း ဖြစ်ကြောင်းသိရသည်။ အစု ရှယ်ယာရောင်းချခြင်းကို ယခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်က ခေတ္တရပ်ဆိုင်းထားခဲ့ပြီး ယခု ပြန်လည်ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။
" BRT ကို စိတ်ဝင်စားပါတယ်။ လုပ်တဲ့ပုံစံလေးလည်း ကောင်းတယ်။ ရေရှည်လုပ်နိုင်ဖို့တော့ လိုပါတယ်။အမြတ် ရဖို့ဆိုတာကလည်း အများပြည်သူ ပို့ဆောင်ရေးဖြစ်နေ တော့ အစိုးရရဲ့ ပံ့ပိုးမှုက အရေးကြီးတယ်။ အများစီးတဲ့ ဘတ်စ်ကားတွေကို အခွန်လျှော့ချပေးတာတို့၊ တစ်ခုခု ပြန်စီစဉ်ပေးတာတို့ပေါ့။ နောက်ပိုင်း ကားတွေကိုလည်း အရည်အသွေးနဲ့ ဝန်ဆောင်မှု တစ်ပုံစံတည်း ဖြစ်စေချင် တယ်။ ရင်းနှီးမြှုပ်နှံထားဖို့ စိတ်ဝင်စားပါတယ်''ဟု ရန်ကုန် မြို့တွင်း ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက သုံးသပ်သည်။
(ဆုနှင်းလဲ့)

No comments:

Post a Comment