Saturday, October 1, 2016

အလုပ်သမားရေးရာပြုပြင်ပြောင်းလဲရေးဆိုင်ရာဆွေးနွေး



Image may contain: 1 person , table and indoor
ရန်ကုန် စက်တင်ဘာ ၃ဝ
မြန်မာနိုင်ငံ၏အလုပ်သမားရေးရာ ဥပဒေများပြုပြင်ပြောင်းလဲရေးကို ပြန်လည်သုံးသပ်ရန်နှင့် စွမ်းဆောင် ရည်တည်ဆောက်ရန်အတွက် 2nd Stakeholders Forum on Labour Law Reform and Institutional Capacity Building ကို စက်တင် ဘာ ၂၉ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ Sedona ဟိုတယ်၌ ကျင်းပခဲ့ရာ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ အခွင့်အရေးများ၊ လက်တွေ့လုပ် ဆောင်မှုများ၊ အခြေခံမူဝါဒများကို တိုးမြှင့်နိုင်ရန်အတွက် လုပ်ဆောင်မှု တစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ရရှိအောင် လုပ်ဆောင်သည့်အခါတွင်လည်း မဖြစ်မနေဆောင်ရွက်သင့်သည့် ဆွေးနွေးပွဲဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အလုပ်သမားများ၏ အခန်းကဏ္ဍသည် အဓိကကျသည့် နေရာတွင် ပါဝင်လျက်ရှိရာ အလုပ် ရှင်များအနေဖြင့်လည်း မိမိတို့၏အလုပ်သမားများအားလုံး ဥပဒေပါ ရပိုင်ခွင့်များကို ခံစားရရှိစေရေး ဆောင်ရွက်ပေးရန်လိုအပ်သကဲ့သို့ လုပ်ငန်းခွင်အတွင်း၌လည်း အလုပ်သမားနှင့် အလုပ်ရှင်အချင်းချင်းကြား အပြန်အလှန်လေးစားမှုရှိပြီး ဆက်ဆံ ရေးကောင်းမွန်မှသာ လုပ်ငန်းခွင် အေးချမ်းသာယာပြီး ကုန်ထုတ်စွမ်းအား တိုးတက်မှာဖြစ်သည့်အတွက် နိုင်ငံတော်နှင့်နိုင်ငံသားများ၏ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားသည်။
အလုပ်သမားရေးရာဥပဒေများ ပြုပြင်ပြောင်းလဲရေးပထမအကြိမ်ဖိုရမ်ကို ၂ဝ၁၅ ခုနှစ် မေ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင်ကျင်းပခဲ့ပြီး အဆိုပါဖိုရမ်တွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးကိုဦးတည်ဆွေးနွေး ခဲ့သဖြင့် ၂ဝ၁၅ ခုနှစ် သြဂုတ်လ အတွင်း၌ သင့်တင့်မျှတသော အနည်းဆုံး အခကြေးငွေနှုန်းထားတစ်ရပ်ကို သတ်မှတ်နိုင်ခဲ့သည်။ ထို့အပြင် ၂ဝ၁၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အလုပ်သမားအဖွဲ့အစည်းဥပဒေအရ အလုပ်သမား၊ အလုပ်ရှင်အဖွဲ့အစည်းပေါင်း ၂၂၈၉ ဖွဲ့ကို အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခဲ့ပြီး ဖြစ်သည်။
ဝန်ကြီးဌာနအနေဖြင့်အလုပ်သမားများအတွက် ပြည်တွင်းနှင့်ပြည်ပ၌ အလုပ်အကိုင်များ တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင် Migrant Resource Center (MRC) ရုံး ၁၂ ခုကိုဖွင့်လှစ်ပြီး အလုပ်သမားများအတွက် ရွှေ့ပြောင်းသွားလာခြင်း ဆိုင်ရာအသိပညာနှင့်ဗဟုသုတများ ဖြန့်ဖြူးရေး၊ ရွှေ့ပြောင်းသွားလာခြင်း ဆိုင်ရာသတင်းအချက်အလက်များ ရရှိရေး၊ တရားဝင်ရွှေ့ပြောင်းသွားလာ ခြင်းဖြင့် လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာခြင်းဖြစ်စေရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံအတွင်းကလေးအလုပ် သမားပပျောက်ရေး အစီအစဉ်အနေဖြင့် ILO နှင့်ပူးပေါင်း၍ (Myanmar Program on Elimination of Child Labour - MY-PEC) အစီအစဉ်ကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလမှ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလအထိ (၄) နှစ် စီမံကိန်း ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းကာလအတွင်း ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ National Action Plan ကိုရေးဆွဲရန်လည်း ဆောင်ရွက်နေပြီဖြစ်သည်။ ယခု ကျင်းပသည့်ဖိုရမ်တွင် တက်ရောက်လာကြသော အလုပ်ရှင်၊ အလုပ်သမားများသာမက အလုပ်သမား ရေးရာကိစ္စရပ်များကို ဆောင်ရွက်နေသူများ၊ အဖွဲ့အစည်းများ၊ နိုင်ငံ တကာအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များအနေဖြင့် အလုပ်သမားရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အပြုသဘောဆောင်သည့် အကြံပြု ချက်များအပေါ်မူတည်ပြီး ရှေ့ဆက် လက်ဆောင်ရွက်သင့်သည့် မူဝါဒများ ချမှတ်မည်ဖြစ်သည်။
ဆွေးနွေးပွဲသို့ ဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များ၊ ဒိန်းမတ် အလုပ်သမား ဝန်ကြီး Mr. Jorn Neergaard Larsen ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ ဖြစ်ကြသော အမေရိကန်၊ ဂျပန်၊ ဒိန်းမတ်နှင့် EU တို့မှ သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များ၊ ILO မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Greg Vines အပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းများမှ ကျွမ်းကျင်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်းကိုယ်စားလှယ် ၁၅ဝ ခန့် တက်ရောက်ခဲ့ပြီး စက်တင်ဘာ ၂၉ ရက်မှ ၃ဝ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment