Sunday, October 30, 2016

ဝေးလံခေါင်ဖျားဒေသများသို့ ခရီးစဉ်များရေးဆွဲကာ မြန်မာ့ခရီးသွားကဏ္ဍ မြှင့်တင်မည်



The Mirror Daily's photo.
မြန်မာနိုင်ငံ၌ ခရီးသွားလာရန် နိုင်ငံတကာမှ စိတ်ဝင်စားမှုမြင့်တက်လာချိန်တွင် ပြည်ပခရီးသွားများ သွားလာမှုများပြားလေ့ရှိသည့် အဓိက ခရီးသွားဆွဲဆောင်ရာဒေသများအပြင် လှပ၍ ခရီးစဉ်သစ်များဖြစ်သည့် ဝေးလံခေါင်ဖျားဒေသများရှိ ခရီးစဉ်များကိုလည်း စိတ်ဝင်တစားလည်ပတ်နိုင်ရန် ဆွဲဆောင်မြှင့်တင်မှုများ ပြုလုပ်ရန်လိုအပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောသည်။

မြန်မာနိုင်ငံအတွင်း ယခင်က ခရီးအသွားအလာနည်းခဲ့သော ဝေးလံခေါင်ဖျားဒေသများသို့ ခရီးသွားကဏ္ဍ ဆွဲဆောင်မြှင့်တင်ရန် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
''အရင်က သွားလို့မရတဲ့ဒေသတွေ အခုသွားလို့ရလာပြီဖြစ်တဲ့အတွက် အဲဒီဒေသတွေကို ခရီးသွားကဏ္ဍ မြှင့်တင်ဖို့လိုပါတယ်။ ကယား၊ တနင်္သာရီ၊ ကရင်၊ ရခိုင်၊ ချင်း၊ ကချင် စတဲ့ ဒေသတွေမှာ ခရီးသွားဆွဲဆောင်မှုတွေ အများကြီးရှိတဲ့အတွက် တကယ့်ကို စိတ်ဝင်တစားနဲ့ လာရောက်လည်ပတ်နိုင်တဲ့ ခရီးသွား ဆွဲဆောင်ရာဒေသအဖြစ် မြှင့်တင်ရမှာပါ။ အဲဒီလို ဝေးလံခေါင်ဖျားတဲ့ဒေသ remote areas တွေကို ခရီးသွားမြှင့်တင်နိုင်ဖို့အတွက် ကျွန်တော်တို့ အနေနဲ့ ဟိုတယ်ပေါင်း ၇၆ ခုနဲ့ လက်တွဲပြီး ဝန်ဆောင်မှုပေးနေပါတယ်''ဟု ခရီးသွားဝန်ဆောင်မှုလုပ်ငန်း အွန်လိုင်းဘိုကင်စနစ် ဆောင်ရွက်လျက်ရှိသော Jovago.com မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံအတွင်း ခရီးသွားဆွဲဆောင်ရာဒေသများတွင် ပြည်ပခရီးသည် ဝင်ရောက်မှု အများဆုံးဒေသမှာ ရန်ကုန်၊ ကျိုက်ထီးရိုး၊ ပဲခူး၊ ပုဂံ၊ မန္တလေး၊ ဟဲဟိုး၊ ပင်းတယ၊ အင်းလေး၊ တောင်ကြီး၊ မြောက်ဦး၊ ငပလီ စသည့် ဒေသများဖြစ်ပြီး ခရီးသွားလာမှု အဆင်ပြေလွယ်ကူမှုရှိခြင်းကြောင့်လည်း ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါဒေသများအပြင် ဝေးလံခေါင်ဖျားသောဒေသများနှင့် ပြည်တွင်းခရီးစဉ်သစ်များအပေါ် စိတ်ဝင်စားမှု များပြားလာပြီး ပြည်တွင်းမှ ခရီးသည်များ လည်ပတ်မှုများပြားလာခြင်းအပြင် ပြည်ပခရီးသည်များကိုလည်း ဆွဲဆောင်နိုင်သည့် ခရီးစဉ်များအဖြစ် ခရီးသွားမြှင့်တင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။
ပြည်တွင်းရှိ ခရီးသွားဆွဲဆောင်ရာဒေသများကို နိုင်ငံခြားသားခရီးသွား ဧည့်သည်များ ပိုမိုသိရှိစေရန် ဆောင်ရွက်မှုလိုအပ်ပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၊ သွားလာရေးယာဉ်များ၊ သွားလာရ လွယ်ကူချောမွေ့သော လမ်းကြောင်းများ၊ စားသောက်ဆိုင်၊ သန့်စင်ခန်း စသည့်လိုအပ်ချက်များ ဖြည့်ဆည်းရန်လိုအပ်မည် ဖြစ်ကြောင်း သုံးသပ်ကြသည်။
''ဒေသခံတွေကိုလည်း အသိပညာပေး ဖြန့်ဝေပေးဖို့လိုအပ်ပါတယ်။ ကယားပြည်နယ်ဆိုရင် အခုခရီးသွားဧည့်သည်တွေ စိတ်ဝင်တစားလာနေကြပြီ။ ကိုယ့်တိုင်းရင်းသားရိုးရာတွေကို သူများနိုင်ငံကယူပြီး ပြနေတာတွေက စိတ်မကောင်းစရာပဲ။ ကိုယ့်နိုင်ငံထဲမှာ လုပ်လို့ရတာတွေ အများကြီးရှိပါတယ်။ ပြည်တွင်းက ဝေးလံခေါင်ဖျားတဲ့ ဒေသတွေကလည်း ခရီးစရိတ်မြင့်မားနေတယ်။ လေယာဉ်နဲ့ ရောက်နိုင်တဲ့ခရီးစဉ်မျိုးက နိုင်ငံခြားသားတွေအတွက် အဆင်ပြေတယ်။ ပြည်တွင်းကလူတွေအတွက်က ပြည်တွင်းခရီးစဉ်တွေမှာ စင်ကာပူကို အသွား/အပြန် သွားလို့ရတဲ့စရိတ်လောက်ဖြစ်နေတယ်။ ကုန်းလမ်းခရီးက လုံခြုံစိတ်ချမှုမရှိတာမျိုးတွေရှိနေတယ်။ ဒီလိုခရီးစဉ်ဒေသတွေ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ဆိုရင် မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်တယ်။ မှန်ကန်တဲ့ တကယ့်ကို ငွေသုံးနိုင်တဲ့ နိုင်ငံခြားသားဧည့်သည်တွေလည်း လာဖို့လိုအပ်တယ်။ ဒေသရဲ့ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်၊ ရှေးဟောင်းအမွေအနှစ်တွေကိုလည်း တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ဖို့လည်း လိုအပ်မယ်''ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဆုနှင်းလဲ့၊ ဓာတ်ပုံ- ဌေးအောင်(ကြေးမုံ)

No comments:

Post a Comment