Saturday, October 1, 2016

ဥပဒေ သိလိုသူများအတွက် အထူးအစီအစဉ် တစ်ပတ်တစ်ကြိမ် မြန်မာ့အသံမှ ထုတ်လွှင့်နေ


The Mirror Daily's photo.
ဥပဒေရေးရာအဖြာဖြာအစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အပတ်စဉ်တနင်္လာနေ့တိုင်း ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။ ယင်းအစီအစဉ်သည် ဥပဒေနှင့်ပတ်သတ်၍ ပြည်သူတို့ သိသင့်သိထိုက်သည့် အချက်များအပေါ် အခြေခံကာ ဇာတ်လမ်းပမာတင်ဆက်ပြသထားသည့် မိနစ် ၂ဝ ခန့် ဇာတ်လမ်းတိုလေးများ ဖြစ်သည်။ ဥပဒေသည် ပြည်သူတို့သိရှိနားလည်ရန် ခက်ခဲနက်နဲသော်လည်း ဥပဒေကို ချိုးဖောက်ကျူးလွန်မိသည့် မည်သူမဆို ရရှိလာမည့်အကျိုး၊အပြစ်များကို ၄င်းအစီအစဉ်မှတစ်ဆင့် လွယ်လင့်တကူ သိရှိနားလည်စေသည်။
ထို့ကြောင့်ပင် အစီအစဉ်တွင် ပါဝင်ခဲ့သူ ဥပဒေပညာရှင် ဦးဟန်ညွန့်၊ ဒါရိုက်တာ ဝေဠု(ဝသန်)၊ သရုပ်ဆောင် ဦးစံပေါတို့နှင့်တွေ့ဆုံ၍ ဥပဒေရေးရာ အသိပညာပေး ဇာတ်လမ်းတိုများ မည်ကဲ့သို့ ရိုက်ကူးတင်ဆက်ခဲ့သည် များကို မေးမြန်းခဲ့သည်။
ဦးဟန်ညွန့်(ဥပဒေ)
ဥပဒေပညာရှင်
ကျွန်တော်က ဇာတ်လမ်းတို တစ်ပုဒ်ပြီးသွားတိုင်း ဒီဇာတ်လမ်းနဲ့ပတ်သတ်ပြီး သက်ဆိုင်တဲ့ ဥပဒေ၊ ပြဋ္ဌာန်းချက်၊ ပုဒ်မတွေကို ပြည်သူတွေ နားလည်အောင် ပြန်တင်ပြ ပေးတာပါ။ ဒါဟာတရားစီရင်ရေးဥပဒေရဲ့ အဓိက ရည်ရွယ်ချက် ဖြစ်တဲ့ အများပြည်သူလူထုကို ဥပဒေပညာ တိုးပွားအောင် သင်ကြားရေး၊ ပြန့်ပွားရေးဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ တရားဥပဒေတွေဆိုတာ သဘောပေါက်နားလည်ဖို့ ခက်ခဲ၊ နက်နဲတယ်။ ဒါကို ပြည်သူတွေ အလွယ်တကူ သိရှိဖို့ဆိုတာ မလွယ်ပါဘူး။လူတစ်ယောက်က ဥပဒေကို မသိလို့ ပြစ်မှုကျူးလွန် မိတယ်ဆိုပေမယ့် ဥပဒေကတော့ ဒါကို ခွင့်မလွှတ်ပါဘူး။ ဥပမာ ''ငါသူခိုးပါ'' ဇာတ်လမ်းမှာဆိုရင် လုပ်အားပေးနေတဲ့ ကလေးလေးက ဆိုင်ရှင်ဆီက မုန့်တွေ ခိုးခိုးပြီး လေဖြတ် နေတဲ့ ကျန်းမာရေးအရ နုံချာဆင်းရဲနေတဲ့၊ စားစရာမရှိတဲ့ ရောဂါသည်ကြီးတစ်ဦးကို စားစေချင်လွန်းလို့ ယူသွား တာ ဖြစ်သွားပါတယ်။ အဲဒီလို တကယ် ကလေးက ခိုးတယ် ပဲထား၊ ခိုးမှု ကျူးလွန်တယ်ပဲထား ကလေးသူငယ်ပြစ်မှုနဲ့ တရားစွဲရမှာ ဖြစ်ပါတယ်။ အဲဒီလိုတရားမစွဲဘဲနဲ့ ဒီကလေး ကို ရိုက်နှက်တယ်။ ဆဲဆိုတယ်။ ကလေးစိတ်ဓာတ်ကျ အောင် ဆိုင်ပိုင်ရှင်ကနေပြီး ကလေးရဲ့ လည်ပင်းမှာ ကျွန်တော်သူခိုးပါလို့ ချိတ်ဆွဲခိုင်းတယ်။ ဥပဒေအရ ဒီလို အပြုအမူတွေက မှားနေတယ်ဆိုတာ ပြည်သူတွေကို သိစေချင်တယ်။ ဒါကြောင့် နိုင်ငံတော်က ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေ၊ လွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့၊ ဥပဒေတွေကို ဒီအစီအစဉ်ကနေတစ်ဆင့် အလွယ်တကူ သိရှိနားလည် စေချင်တယ်။ ဒီအချက်က ကျွန်တော်တို့ မြန်မာနိုင်ငံ ပြည်သူလူထုအတွက် များစွာအရေးကြီးပါတယ်။
ဒါရိုက်တာဝေဠု(ဝသန်)
ပြည်သူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြစ်မှုဆိုင်ရာ၊ ဥပဒေဆိုင်ရာတွေကို အသိပညာပေးအဖြစ် တင်ပြတယ် ဆိုပေမယ့် အထူးသဖြင့် ပြည်သူတွေထဲမှာ ပညာပေးကို စိတ်ဝင်စားတဲ့ ပြည်သူက အလယ်အလတ်လောက်ပဲ ရှိတယ်။ ဒီတော့ ဇာတ်လမ်းကို အသက်အရွယ်အပိုင်းအခြားမရွေး ကြည့်နိုင်တဲ့ ဇာတ်ဖြစ်အောင်၊ ပိုမိုစိတ်ဝင်စားလာအောင် ဖျော်ဖြေမှုလေးတွေ ထည့်ထားတယ်။ ဒါမှလည်း သူ့နောက်မှာပါလာတဲ့ ဥပဒေကို ပရိသတ်တွေ သိသွား ကြရင်တော့ဖြင့် ကျွန်တော်တို့ တိုင်းပြည်အတွက် အကျိုး ရှိမှာပဲဆိုတဲ့ ကြိုးစားမှုလေးအတွက် တင်ဆက်ခဲ့တာပါ။ ပြီးတော့ ဇာတ်လမ်းတွေ ရိုက်ကူးတဲ့နေရာမှာ များသောအားဖြင့် ဖြစ်ရပ်မှန် နေရာတွေကို ကျွန်တော်ကိုယ်တိုင် သွားတယ်။ ဒါကိုအခြေခံပြီး ဇာတ်ညွှန်းတွေ ရေးတယ်။ ပြီးရင် အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ ဦးညီဂျော်၊ ဦးစံပေါ၊ ဒိတ်ဒိတ်၊ ဟိန်းထက်ဝင်း၊ ဝေဖြိုးဟိန်း၊ ခင်ဖြူဖြူသန့်၊ စောယုနဒီ၊ မေပိုင်စိုး၊ ရွှန်းလဲ့ပိုတို့အပြင် ရုပ်ရှင်ဗီဒီယို သရုပ်ဆောင်ကြီးတွေနဲ့ အားဖြည့်ထားတယ်။ ဇာတ်လမ်း အဆုံးမှာ ဥပဒေပညာရှင်ကနေ သက်ဆိုင်ရာ ပုဒ်မတွေ ကို တင်ပြပေးတဲ့ပုံစံနဲ့ အဆုံးသတ်လိုက်တယ်။ ဒါက အသိပညာပေးလည်းဖြစ် ကြည့်ရှုသူပရိသတ်တွေကိုလည်း ဖျော်ဖြေမှုပေးရာ ရောက်စေပါတယ်။
သရုပ်ဆောင် ဦးစံပေါ
ကျွန်တော် အခုအသက် (၇၅) နှစ် ရှိပါပြီ။ သရုပ်ဆောင် နယ်ပယ်မှာ ကျွန်တော်လုပ်ချင်တာတွေ မလုပ်ခဲ့ရဘူး။ ဆရာ ဝေဠုနဲ့တွေ့တော့ ပထမဆုံးရိုက်တဲ့ ဖြူစင်သော မေတ္တာမှာ ဆရာဝေဠုက ပြောတယ်။ ခင်ဗျား ကားတိုက် ခံရမှာနော်..ရရဲ့လားရတယ်။ ကျွန်တော် သရုပ်ဆောင် မယ်။ မဟုတ်ဘူး ရေတွေစိုမယ်။ မြောင်းထဲ ပစ်ချခံရ မှာ။ ဆရာက ထပ်ပြောတယ်။ ရတယ်။ ကျွန်တော် သရုပ် ဆောင်မယ်။ ရုပ်ရှင်မှာဆိုရင်တော့ ဒီအခန်းတွေက အကယ်ဒမီ အခန်းတွေလေ။ ကျွန်တော်လုပ်ခွင့်ရတာ ကံကောင်းတာပေါ့။ ဒါနဲ့ ရိုက်ကြတော့ အဲ့ဒီနေ့က မိုးတွေ ကလည်းရွာ၊ ကျွန်တော်လည်း မိုးရေတွေစို၊ ရိုက်ကူးရေး သမားတွေလည်း မိုးရေထဲမှာ။ ရအောင်ရိုက်ကြမယ်ဆိုတော့၊ ကျွန်တော်က ပင်စင်စားအဘိုးကြီး ပင်စင်လာထုတ် တဲ့အချိန် ကားနဲ့အတိုက်ခံလိုက်ရတော့ အားဆိုပြီး နောက်ကို သုံးလေးပတ်လောက်လိမ့်သွားတယ်။ ပြီးတော့ စပယ်ရာနဲ့ ဒရိုင်ဘာက ကားပေါ်မတင်ဘဲနဲ့ ပစ်ချခဲ့တယ်။ အဲဒါပြီး တော့ ကျွန်တော်သေသွားတယ်ပေါ့။
ကျွန်တော်လေ သရုပ်သာဆောင်လိုက်တယ်၊ မသိသေး ဘူး။ နောက် ဒီဟာ ပြန်လွှင့်တော့မှ ဒီလို ဥပဒေနဲ့ဆိုတော့ မှ ဟာ တော်တော်တန်ဖိုးရှိတာပါလား။ အဲဒီတော့မှ ကျွန်တော်လုပ်လိုက်တာ တော်တော့်ကို ဝမ်းသာတယ်။ ဥပဒေကို သိပ်နားမလည်ပါဘူး။ ဒါပေမယ့် သတ်မှတ်ပေး ထားတဲ့ သရုပ်ဆောင်မှုကို ကျွန်တော်ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ရင် နောက်က ဥပဒေပညာရှင်ပြောတဲ့ စကားဟာ ပိုပြီးထိရောက်မယ်။ ပိုနားလည်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဒါကြောင့် ကျွန်တော်အားသန် နေတဲ့ သရုပ်ဆောင်မှုကို ပီပြင်အောင်လုပ်ပြီး ဥပဒေကို ပြည်သူတွေ နားလည်အောင် ကျွန်တော် ကြိုးစားချင်တယ်။
ဥပဒေရေးရာ အစီအစဉ်ကို အပိုင်း (၁၅) ပိုင်းအထိ ထုတ်လွှင့်ပြသပြီး ဖြစ်သည်။ ၄င်းဇာတ်လမ်းများနှင့် ပတ်သက်၍ သိရှိလိုသည်များအပြင် ဥပဒေရေးအရသော် လည်းကောင်း၊ အနုပညာအရသော်လည်းကောင်း အကြံဥာဏ်များ ပေးလိုပါက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မှတစ်ဆင့် အကြံÓဏ်များ ပေးနိုင်သည်ဟု သိရသည်။ ပြန်လည်ဖြန့်ဝေလိုသည့် အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအတွက်လည်း မကြာမီ အခမဲ့ ဖြန့်ဝေ ပေးသွားမည်ဟု သိရသည်။
တွေ့ဆုံမေးမြန်း-ခင်ဇာလီ
ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment