Sunday, October 30, 2016

ပြည်သူတို့၏ ကျန်းမာရေးအန္တရာယ် ကာကွယ်ရေး


Image may contain: text
မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ထုတ်ပြန်သော သတင်းများအရ အစားအသောက်ဆိုင်ရာ ဥပဒေအသစ်၊ အလှကုန်ပစ္စည်းဆိုင်ရာ ဥပဒေအသစ်၊ ဆေးပစ္စည်းဆိုင်ရာ ဥပဒေအသစ်နှင့် အရည်အသွေးထိန်းချုပ်သော ဓာတ်ခွဲခန်းဆိုင်ရာ ဥပဒေအသစ်တို့ကို ရေးဆွဲသွားရန်ရှိကြောင်း ကြားသိရပါသည်။ ထိုသို့ရေးဆွဲရန်ရှိသော ဥပဒေအသစ်လေးခု စလုံးသည် နိုင်ငံသူ နိုင်ငံသားတို့အတွက် အထူးလိုအပ်လျက်ရှိသော ဥပဒေများဖြစ်၍ အလေးအနက် ကြိုဆိုအပ်ပါသည်။
ပြည်သူလူထု နေ့စဉ်စားသောက်နေကြသော အစားအစာများတွင် မသုံးသင့် မသုံးထိုက်သော ဓာတုပစ္စည်းများပါဝင်နေသည့် သတင်းများကို အဆက်မပြတ်ဆိုသလို ကြားသိနေရပါသည်။ မြန်မာနိုင်ငံ၌ ကင်ဆာရောဂါကဲ့သို့သော ရောဂါများ အလျင်အမြန် တိုးပွားလာနေခြင်းသည် အစားအသောက်များတွင်ပါဝင်နေသော အဆိုပါ မသုံးသင့် မသုံးထိုက်သည့် ဓာတုပစ္စည်းများကြောင့်ဟု ယူဆသတ်မှတ်နိုင်ပါသည်။ ပထမအဆင့်အနေဖြင့် မည်ကဲ့သို့သော အစားအစာများ၌ မည်ကဲ့သို့သော ဓာတုပစ္စည်းများပါဝင်နေသည် ကို အတိအကျဖော်ထုတ်နိုင်ရန် လိုအပ်ပါသည်။ လက်ရှိ၌လည်း အဆိုပါ ဖော်ထုတ်ရေးလုပ်ငန်းတို့ကို တတ်အားသရွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)က နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းကြီးတစ်ခု တည်ဆောက်နေခြင်း သည်လည်း ပြည်သူတို့၏ ကျန်းမာရေးကို အန္တရာယ်ပြုလျက်ရှိသည့် ဓာတုပစ္စည်းပါ အစားအသောက်များဖော်ထုတ်ရာ၌ များစွာ အထောက်အကူ ဖြစ်မည်ဖြစ်ပါသည်။
ဥပဒေသစ်များ ရေးဆွဲနေသည်နှင့်တစ်ပြိုင်တည်း လက်ရှိဥပဒေဘောင်အတွင်းက ဆောင်ရွက်နိုင်သည်များကို တစ်ဆင့်ပြီး တစ်ဆင့် မည်ကဲ့သို့ တိုးမြှင့်ဆောင်ရွက်မည်ဟူသော လက်တွေ့လုပ်ငန်းစဉ်များကိုလည်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)က ဆောင်ရွက်နေမည်ဟု ယုံကြည်ပါသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်၍ ဘတ်ဂျက်လိုအပ်ချက်များပြားမည်ဖြစ်ပါသည်။ ပြည်သူလူထု၏ ကျန်းမာရေးအန္တရာယ်တို့ကို ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက်သည်သာမက ပြည်သူလူထုနှင့် နိုင်ငံတော်၏ဘတ်ဂျက်အပေါ် မလိုလားအပ်သော ဝန်ထုပ်ဝန်ပိုး တိုးခြင်းမှလည်း လျော့ပါးသက်သာစေမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)၏ လုပ်ငန်းစဉ်များမြန်နိုင်သမျှ မြန်မြန်တိုးချဲ့ ဆောင်ရွက်နိုင်ရန် အရေးတကြီး လိုအပ်လျက်ရှိပါသည်။ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရာ၌ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ လုပ်ငန်းစဉ်များတိုးချဲ့နိုင် ရေးကို ဦးစားပေးကိစ္စတစ်ရပ်အဖြစ် မူဝါဒချမှတ်ဆောင်ရွက်ပါရန် လေးစားစွာ အကြံပြုတင်ပြအပ်ပါသည်။ ပြည်သူလူထု၏ ကျန်းမာရေးအပေါ် ထိခိုက်နိုင်သော ပမာဏအတိုင်းအတာ ပေါ်မူတည်၍ အစားအသောက်များတွင် မသုံးသင့် မသုံးထိုက်သော ဓာတုပစ္စည်းများ သုံးစွဲသည့် လုပ်ငန်းရှင်များအား လုပ်ငန်းလုပ်ပိုင်ခွင့်လိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူခြင်းမျိုးကိုလည်း ထည့်သွင်းသုံးသပ် သင့်သည်ဟု ယူဆမိပါသည်။ ချုပ်၍တင်ပြရပါက ပြည်သူလူထု အပေါ်ကျရောက်နိုင်မည့် ကျန်းမာရေးအန္တရာယ်တို့ကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် ဘက်ပေါင်းစုံမှ သုံးသပ်ဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။

No comments:

Post a Comment