Saturday, October 1, 2016

'အဆင့်မြင့်မြို့တော်တည်ဆောက်ဖို့ စည်းကမ်းကိုယ်စီလိုက်နာစို့' ခေါင်းစဉ်ဖြင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ကျင်းပမည်

Image may contain: 1 person , eyeglasses and closeup
ရန်ကုန် စက်တင်ဘာ ၃ဝ
မြို့ပြတစ်ခု သပ်ရပ်သန့်ရှင်းလှပနေစေရန်မှာ စီမံခန့်ခွဲ ထိန်းသိမ်းနေသူများတွင် တာဝန်ရှိသကဲ့သို့ မြို့ပြတွင် နေထိုင်သူများ၌လည်း စည်းကမ်းလိုက်နာ၍ မြို့ကြီးသား ပီသသော အပြုအမူများနှင့်လည်း သက်ဆိုင်ပါသည်။ နိုင်ငံတကာအဆင့်မီ မြို့တော်တစ်ခုဖြစ်စေရန် ကောင်းမွန် သော မြို့ပြစီမံကိန်းများ ဆောင်ရွက်အကောင်အထည်ဖော်ရန် လိုအပ်မည်ဖြစ်သကဲ့သို့ မြို့နေလူထု၏ပူးပေါင်းပါဝင် ဆောင်ရွက်မှုသည်လည်း အရေးပါပါသည်။ ထို့ကြောင့် ပညာသင်ကလေးဘဝမှစတင်ကာ စည်းကမ်းလိုက်နာမှု နှင့် အတွေးအမြင်၊ အသိအမြင်ကြွယ်ဝစေရန်တို့ကို ရည်ရွယ်ကာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို အခြေခံပညာအဆင့်၊ အလွတ်တန်းအဆင့်များဟူ၍ ကျင်းပသွား မည်ဖြစ်ပြီး ပြိုင်ပွဲနှင့်ပတ်သက်၍လည်း အသေးစိတ် ထပ်မံထုတ်ပြန်ပေးမည်ဟု သိရသည်။ အဆိုပါ ပြိုင်ပွဲကို သက်ဆိုင်ရာ ပညာရှင်များကလည်း ဝိုင်းဝန်းအားဖြည့် ကူညီပေးမည်ဖြစ်ရာ ယင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကော်မတီဝင် ဒေါ်သန်းမြင့်အောင်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ။ မြို့ပြတစ်ခု အဆင့်မြင့်ဖို့အတွက် ပညာပေး စည်းရုံးတဲ့အနေနဲ့ ဒီပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲကနေ ဘယ်လိုရလဒ်တွေ မျှော်လင့်ထားပါလဲ။
ဖြေ။ ။ အဓိကကတော့ စည်းကမ်းရှိဖို့ပဲ။ ဒီမိုကရေစီ လမ်းကြောင်းကို သွားတော့မှာလေ။ ဒီမိုကရေစီလမ်း ကြောင်းကို သွားတော့မယ်ဆိုရင် ဒီမိုကရေစီရဲ့ အခြေခံ အုတ်မြစ်က စည်းကမ်း။ အဲဒီစည်းကမ်းရှိဖို့ဆိုရင် ငယ်စဉ်ကတည်းက စည်းကမ်းရှိမှ ကြီးလာရင် ပရမ်းပတာ မဖြစ်မှာ။ ဒီစည်းကမ်းလေးလည်း ပါရတာပေါ့။ အဆင့်မြင့် မြို့တော်လို့ ပြောတဲ့အတွက် ဘယ်မြို့တော်က အဆင့်မြင့်လဲ။ မြန်မာပြည်မှာလည်း ကြည့်လို့ရတယ်။ ကမ္ဘာနဲ့လည်း ကြည့်လို့ရတယ်။ အဆင့်မြင့်မြို့တော်ဆိုတာ ဘာလဲ ဆိုတဲ့အတွေး ကလေးတွေခေါင်းထဲမှာ ဝင်သွားမယ်။ ဒီအဆင့်မြင့်မြို့တော်လို့ ပြောလိုက်တဲ့အတွက် ကလေး တွေက ဘာကိုမြင်မလဲ။ တိုက်တာကို မြင်မလား၊ ကားလမ်း တွေကို မြင်မလား၊ တံတားတွေကို မြင်မလား၊ ဥယျာဉ် တွေကို မြင်မလား၊ သူတို့ဘာကို မြင်မလဲပေါ့။ အဆင့်မြင့် မြို့တော်ဆိုတာ အင်မတန် ကျယ်ပြန့်တယ်လေ။ အဆင့်မြင့်မြို့တော်ဖြစ်မှ ကမ္ဘာ့အဆင့်ဖြစ်မှာလေ။ ရန်ကုန် တစ်မြို့လုံးက ကလေးတွေကို တွေးစေချင်တာ။ အတွေး တွေလည်း ပါစေချင်တယ်။ အဲဒီအတွေးထဲမှာမှ တစ်ယောက် နဲ့တစ်ယောက်က လွတ်လပ်စွာ သူတို့ကြိုက်တဲ့ပုံသဏ္ဌာန် လေးနဲ့ဆွဲသွားမယ်ဆိုရင် သူတို့ရင်ထဲမှာ အများကြီး တွေးပြီးသားတွေ ဖြစ်သွားမယ်။
အများကြီး တွေးပြီး တော့မှ သူတို့ကတစ်ခု အကောင်အထည်ဖော်လိုက်မှာ။ ကလေးတိုင်း ကလေးတိုင်း တွေးစေချင်တာပါ။
မေး။ ။ ဒီလို အတွေးအမြင်၊ အသိအမြင်တွေရစေဖို့ ဘယ်လို ပညာပေးစည်းရုံးမှုတွေ ဆောင်ရွက်နေတယ် ဆိုတာ သိပါရစေ။
ဖြေ။ ။ စည်းကမ်းနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးက သိပ်အရေးကြီးတယ်။ ပတ်ဝန်းကျင်သန့်ရှင်းရေးလို့ပြော လိုက်တာနဲ့ အဆင့်မြင့်မြို့တော်နဲ့ စည်းကမ်းလို့ ပြောလိုက် တာနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပြီးသား ဖြစ်သွား ပြီ။ ကလေးတွေက သူတို့ဘာသာသူတို့ စည်းကမ်းလိုက်နာ မှန်းမသိ လိုက်နာလာတာ။ ပတ်ဝန်းကျင်ထိန်းသိမ်းမှန်း မသိ ထိန်းသိမ်းလာတာ၊ သူတို့ဘာသာသူတို့ မကောင်းတာ ကို မလုပ်ဖြစ်တော့ဘူးပေါ့။ တစ်သျှူးလေးကို သုတ်လိုက် မယ်၊ ပြီးတော့ လွှင့်ပစ်လိုက်မယ်ဆိုရင် ဒါဟာ အဆင့်နိမ့် သွားပြီဆိုတာကို သိမြင်လာတာပေါ့။ ဒါကြောင့် မြို့တော် စည်ပင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနနဲ့ ကျွန်မတို့ပူးပေါင်းပြီးတော့ ကလေးတွေကို အမှိုက်ပစ်တာ၊ အမှိုက်ခွဲခြားပစ်တာ၊ အမှိုက်ကို လျှော့ချပြီး သုံးစွဲတာ အဲဒါလေးတွေကို ကလေးတွေအတွက် ဂိမ်းတွေ၊ဟောပြောပွဲ တွေနဲ့ လုပ်ပြီးတော့မှ ပြည်သူ့နီတိအတွက် စည်းကမ်း လိုက်နာဖို့အတွက် စိတ်ဝင်စားအောင် ပုံပြင်လေးတွေ၊ ကဗျာလေးတွေ သင်နေတာပါ။
မေး။ ။ စည်းကမ်းလိုက်နာရေးမှာ ပညာပေး ဆောင်ရွက်မှုတွေအပြင် အရေးယူမှုတွေကရော ဘယ်လို အရေးပါလာမလဲ။
ဖြေ။ ။ ကလေးတွေကတော့ ပညာပေးရမယ်။ ကလေးတွေရဲ့ နှလုံးသားထဲမှာ စောစောက ပြောသလို ကလေးတွေရဲ့ ဦးနှောက်ကြီးကို တအားဖိညှစ်ပြီးတော့ ဒါလုပ် ဒါလုပ် ဆိုတာထက်ကို ဒါလုပ်ရင် ဘယ်လိုဖြစ် တယ်။ ဘယ်လိုထိန်းသိမ်းလိုက်ရင် ဘယ်လိုသာယာ သွားတယ်ဆိုတဲ့ရသ သူတို့နှလုံးသားလေးတွေထဲမှာ ခံစားနိုင်ဖို့လိုတယ်။ လူကြီးဆိုတာက သိကိုသိနေရမှာ။ အခုဆိုရင် နောက်ဖေးလမ်းကြားတွေမှာ အမှိုက်ရှင်းနေ တာတို့၊ ဥပမာ နောက်ဖေးလမ်းကြားမှာ အမှိုက်တွေ ကျုံးလိုက်တယ်။ တချို့နေရာတွေ ခါးလောက်ရှိတယ်။ တချို့နေရာတွေ အောက်ကဆားဗစ်တွင်းတွေမှာ တင်ထားတဲ့ သံပြားတွေဟာ ကြွပ်နေလို့ စည်ပင်ကကလေးတွေ မိလ္လာကျင်းကြီးထဲကို ပြုတ်ကျတာတွေရှိတယ်။ နှစ်ပေါင်းများစွာ ပစ်ထားခဲ့တာ။ နှစ်ပေါင်းများစွာ ပစ်ထားခဲ့တာ ကို တစ်ကြိမ်တည်းနဲ့ကုန်အောင် ကျုံးတယ်ဆိုတာက တော်တော်တော့ အချိန်ယူရပါတယ်။ တစ်မြို့နယ်ကို ရက် ၂ဝ လောက် အချိန်ယူရတယ်။ အဲလို သိမ်းကျုံးပြီးသွားပြီ ဆိုရင်တော့ စည်းကမ်းမဲ့ အမှိုက်မပစ်ဖို့၊ ဆက်ထိန်းသိမ်းဖို့ က နေထိုင်သူ ပြည်သူတွေရဲ့ တာဝန်။
ဒီအပေါ်မှာ ဝိုင်းဝန်းပံ့ပိုးပြီးတော့ ကြည့်ရှုဖို့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ အကုန်လုံး အားလုံးက လိုက်ပါရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာတွေ ပြောင်နေ၊ ရှင်းနေမှ မီးဘေးအန္တရာယ်တို့၊ သဘာဝအန္တရာယ်တို့ ကြုံလာရင် ပြည်သူလူထုကို ကယ်တင်ရမယ့် အဖွဲ့အစည်းတွေ ပြေးလို့၊ လွှားလို့ရမယ်။ အဲဒီအတွက်ကတော့ ပြည်သူလူထုက သိကိုသိရမယ်။ အမှန်တော့ ကိုယ့်အိမ်နောက်က ကိုယ့် အမှိုက်ပုံပဲ။ ဒါကို နဂိုကတည်းက မပစ်ဖို့က ကိုယ့်မှာ တာဝန်ရှိတယ်။ အခု ကျုံးလိုက်ပြီဆိုရင် မပစ်မယ့် တာဝန် ထပ်ယူရမယ်။ စည်းကမ်းမဲ့ပြီး ပစ်မယ်ဆိုရင်တော့ ဒါကို အကြာကြီးပညာပေးဖို့က မလွယ်ဘူး။ နံပါတ်တစ်ကတော့ စည်းရုံးတာပေါ့။ နံပါတ်နှစ်ကတော့ ပညာပေးတာ။ နံပါတ်သုံးကတော့ အရေးယူတာဖြစ်လာမယ်။ အဲဒီအရေး ယူမှုကို စည်ပင်ကပဲ ဆုံးဖြတ်မှာမဟုတ်ဘူး။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အုပ်ချုပ်ရေးပိုင်းတွေ၊ စည်ပင်အုပ်ချုပ်ရေးမှူးတွေ၊ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေ အကုန်လုံးဝိုင်းပြီးတော့ ဆုံးဖြတ်ကြမှာ။
အဲဒီ အရေးယူမှု အပေါ်မှာ ရပ်ရွာအနေနဲ့ ရပ်ရွာကိုယ်စားလှယ်တွေနဲ့ တစ်ယောက်စည်းကမ်းဖောက်ရင် အဲဒီဖောက်တဲ့သူကို ဒဏ်ရိုက်မလား၊ အရေးယူမလား။ အဲဒီဒဏ်ငွေ စုထားပြီး တော့ ရပ်ကွက်သာယာရေးအတွက် သုံးလို့ရပါတယ်။
သတင်း-ဆုနှင်းလဲ့၊ဓာတ်ပုံ- စောသိန်းဝင်း

No comments:

Post a Comment