Sunday, October 2, 2016

သက်ကြီးရွယ်အိုများ ရသင့်ရထိုက်သည့်အခွင့်အရေးများအားလုံး ခံစားစံစားနိုင်စေရန် ဆက်လက်ဆောင်ရွက်လျက်ရှိ



Image may contain: 1 person , text and indoor
နေပြည်တော် အောက်တိုဘာ ၁
နှစ်စဉ် အောက်တိုဘာ ၁ ရက်ကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးက ဂုဏ်ပြုသတ်မှတ်ထားပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားများကို နိုင်ငံတော်အဆင့်သာမက တိုင်းဒေသကြီးနှင့် ပြည်နယ် များ၌ပါ နှစ်စဉ်ကျင်းပကာ မြန်မာ့သက်ကြီးရွယ်အိုများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးလျက်ရှိပါကြောင်း လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပသည့် အပြည်ပြည် ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် သက်ကြီးရွယ်အိုများ၏ဘဝ သာယာချမ်းမြေ့စေရန် အခြေခံမူ (၅)ရပ် ချမှတ်ထား ရှိကြောင်း၊ ယင်းအချက်များမှာ အမှီအခိုကင်းပြီး လွတ်လပ်ခွင့် အပြည့်အဝရရှိရန်၊ ပါဝင်ဆောင်ရွက်ခွင့် ရရှိရန်၊ အပြန်အလှန် ကူညီဆောင်ရွက်ခွင့်ရရှိရန်၊ မိမိတို့ကိုယ်တိုင် ဖြည့်စွမ်းနိုင်ရန်နှင့် ဂုဏ်သိက္ခာရှိရှိ ရပ်တည်ခွင့်ရရှိရန် တို့ပင်ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများကို မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ မြန်မာမှုဝန်းကျင်နှင့် လိုက်လျော ညီထွေဖြစ်နိုင်မည့် ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေး စောင့်ရှောက်မှုများအပါအဝင် ရသင့်ရထိုက်သည့် အခွင့်အရေးများအားလုံး ခံစားစံစားနိုင်စေရန် သက်ကြီးရွယ်အို များဆိုင်ရာဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားသည်။
အခမ်းအနားတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာကို တာဝန်ရှိသူတစ်ဦးက ဖတ်ကြားခြင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် အသက်အကြီးဆုံး အဘိုး၊ အဘွား တစ်ဦးစီအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ခြင်း၊ ရပ်ရွာအခြေပြု သက်ကြီးရွယ်အိုစောင့်ရှောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ အခမ်း အနားသို့ တက်ရောက်လာကြသည့် အဘိုးအဘွားများကို ဆေးဝါးပစ္စည်းနှင့် အလှူငွေများပေးအပ်ခြင်းနှင့် အဘိုး အဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခြင်းတို့ကို အခမ်းအနားအစီအစဉ်များအတိုင်း ဆောင်ရွက်ကြသည်။
ယခုနှစ် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အတွက် ကုလသမဂ္ဂက ချမှတ်ပေးသည့် ဦးတည်ချက် ဆောင်ပုဒ်မှာ ''ဘိုးဘွားများအတွက် ရပ်တည်ဖို့၊ ပစ်ပယ် ခွဲခြားမှုများ ဆန့်ကျင်စို့'' ဖြစ်သည်။
အခြားသော အရှေ့တောင်အာရှနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အို ဦးရေတိုးတက်မှုနှုန်း အလျင်အမြန် ပြောင်းလဲလျက်ရှိနေသည်။ မြန်မာနိုင်ငံ၌ နိုင်ငံတကာ သက်ကြီးရွယ်အိုစောင့်ရှောက်မှု နည်းစနစ်များထဲမှ စေတနာ့ဝန်ထမ်း ဘိုးဘွားရိပ်သာများ ထူထောင်သည့် နည်းစနစ်သည် ၁၉၁၅ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့သည့် နည်းစနစ်တစ်ခုဖြစ်ကာ နှစ်ပေါင်းတစ်ရာကျော်လာခဲ့ပြီ ဖြစ်သည်။
ယနေ့ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် သက်ကြီးရွယ်အိုများအပေါ် အမျိုးမျိုးသော ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အလွဲသုံး အကြမ်းဖက်ခြင်းများကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်သော ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာအပေါ် ထိခိုက်မှုများ ရေရှည်ခံစားနေရကြောင်း တွေ့ရှိနေရသည့်အတွက် သက်ကြီးရွယ်အိုများ၏ ဘဝလုံခြုံစိတ်ချစေရေး၊ ခွဲခြား ဆက်ဆံမှု ကင်းဝေးစေရေးအတွက် နိုင်ငံတော်အနေဖြင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက် နေသည့် ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့ အစည်းများနှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment