Saturday, September 3, 2016

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၏ အားလုံးပါဝင်နိုင်ရေးမူအရရခိုင်၊ တအာင်း၊ ကိုးကန့် တို့ ပါဝင်လာစေရေး ဆန္ဒပြုလို ဦးထွန်းနိုင်(ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ) ၁၉၄၇ ပင်လုံကဲ့သို့ တိုင်းရင်းသားလူမျိုးများ သွေးစည်းညီညွတ်မှုကိုထပ်တူပြန်လည်ဖော်ဆောင်နိုင်မည်ဟု အလေးအနက်မျှော်လင့် စဝ်ခွန်ဆိုင်း (ရှမ်းပြည်တိုးတက်ရေးပါတီ - SSPP)




The Mirror Daily's photo.
နေပြည်တော် စက်တင်ဘာ ၂
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ တတိယနေ့ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ဆက်လက်ကျင်းပသည်။
အစည်းအဝေးသဘာပတိများအဖြစ် နိုင်ငံရေးပါတီကိုယ်စားလှယ် ဦးသုဝေ၊ အစိုးရကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ တပ်မတော်ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကိုယ်စားလှယ် ဦးဘောင်ခေးနှင့် လွှတ်တော်ကိုယ်စား လှယ် ဦးအင်ထုန်းခါးနော်ဆမ်တို့က ဆောင်ရွက်ကြသည်။
သဘာပတိအဖွဲ့ဝင် နိုင်ငံရေးပါတီကိုယ်စားလှယ် ဦးသုဝေက မိမိတို့ ကြမ္မာ မိမိတို့ကိုယ်တိုင် ဖန်တီးဆုံးဖြတ်ခွင့် အာဏာခွဲဝေပြီး ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ကြရန် မိမိတို့အားလုံးက မျှော်မှန်းသဘောတူညီ ကြပါကြောင်း၊ အဆိုပါမျှော်မှန်းချက်ကို လျှောက်လှမ်းသည့် လမ်းကြောင်းတွင် ကွဲပြားမှုများ ရှိပါကြောင်း၊ ထိုသို့ဖြစ်ရသည်မှာလည်း မိမိတို့၏ ရပ်တည်ချက်နှင့် တွေးခေါ်မှုခြားနားသည့်အတွက်ကြောင့် ဖြစ်ပါကြောင်း၊ မျှော်မှန်းချက် ပန်းတိုင်တူညီသည့်အတွက် ယခုလမ်းကြောင်းကို စိတ်ရှည်သည်းခံ၍ နားလည်မှုရှိရှိ ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
ဝိုင်းဝန်းလုပ်ဆောင်ကြမည်
ပြည်သူများနှင့် ညီလာခံသို့ တက်ရောက်လာကြသူများအနေဖြင့် မိမိတို့ နိုင်ငံကို သုခဘုံတည်ဆောက်နိုင်ရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ တိုင်းပြည် ငြိမ်းချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်အောင် အားလုံးကဝိုင်းဝန်းလုပ်ဆောင် ကြမည်ကို ယုံမှားသံသယမရှိပါကြောင်း ပြောကြားသည်။
တတိယနေ့နံနက်ပိုင်း အစည်းအဝေးတွင် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များက သဘောထားအမြင်များကို တင်ပြကြသည်။
တပ်မတော်မှ ဗိုလ်မှူးကြီး မင်းဦးက မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံအနေဖြင့် သွေးစည်းညီညွတ်မှုကို ဦးစားပေးတည်ဆောက်နိုင်ပါမှ ကမ္ဘာ့အလယ်တွင် ဂုဏ်ရှိစွာဖြင့် အဓွန့်ရှည် ရပ်တည်နိုင်မည်ဖြစ်ပါကြောင်း၊ အုပ်ချုပ်သူ အစိုးရအတွက် လုပ်ပိုင်ခွင့်အာဏာရှိမှသာ လူအများကို ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း၊ သို့မှသာ အခြားအဖွဲ့အစည်းများ၏ သြဇာအာဏာသက်ရောက်မှုမှ လွတ်ကင်း၍ အချုပ်အခြာအာဏာ တည်တံ့နိုင်မည် ဖြစ်ပါကြောင်း။
ပြည်ထောင်စုတပ်မတော်
ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း တပ်မတော်တစ်ရပ်သာရှိပါကြောင်း၊ မိမိတို့ တပ်မတော်သည် ပြည်သူထဲမှ ပေါက်ဖွားလာသည့် တပ်မတော်ဖြစ်ပြီး တိုင်းရင်းသားပေါင်းစုံပါဝင်သော တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော် ဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြား၍ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်မည့် မည်သည့်တိုင်းရင်းသားမဆို စစ်မှုထမ်း စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ တစ်ဦးချင်းဆန္ဒအရ ပါဝင်ဆောင်ရွက်ခြင်းကို အမြဲကြိုဆိုလျက်ရှိပါကြောင်း ဆွေးနွေးသည်။
မွန်ပြည်သစ်ပါတီ(NMSP)မှ နိုင်ဟံသာက ဖက်ဒရယ်ပြည်ထောင်စု၏ အမည်ကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမြန်မာနိုင်ငံဟု ခေါ်ဆိုရာတွင် မြန်မာနိုင်ငံ၊ ဗမာနိုင်ငံ၊ အင်္ဂလိပ်ဘာသာစကားဖြင့် ဘားမား (သို့မဟုတ်) မြန်မာဟူ၍ ခေါ်ဆိုခြင်းသည် ပြည်ထောင်စုနိုင်ငံအတွင်း နေထိုင်လာခဲ့ကြသည့် တိုင်းရင်းသားလူမျိုးများအနက် လူမျိုးတစ်မျိုးဖြစ်သည့် ဗမာအမျိုးသားများကို သာ ရည်ညွှန်းနေပါကြောင်း၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် နိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ တန်းတူညီမျှမှုကို ဖော်ဆောင်နိုင်ရန် တိုင်းရင်းသားလူမျိုးများအား ကိုယ်စားပြုနိုင်မည့် အမည်နာမအသစ်တစ်ခုကို ဆွေးနွေးသတ်မှတ်သင့်ပါကြောင်း။
ဥပဒေပြုအာဏာ ညီတူညီမျှ
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုလွှတ်တော်ကို အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ဟူသည့် လွှတ်တော်နှစ်ရပ်ဖြင့် ဖွဲ့စည်းရမည် ဖြစ်ပါကြောင်း၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့သည် ဥပဒေပြု အာဏာ ညီတူညီမျှရှိရမည်ဖြစ်ပါကြောင်း၊ အဆိုပြုလာသော ဥပဒေတစ်ရပ်ရပ် ကို လွှတ်တော်တစ်ရပ်စီမှ လွတ်လပ်စွာ သီးခြားမဲပေးဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ပြဋ္ဌာန်းထားသော လုပ်ထုံးလုပ်နည်းနှင့်အညီ ကျင်းပရမည်ဖြစ်ပါကြောင်း၊ မဲပေးဆုံးဖြတ်ရန် လိုအပ်ပါက အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ထက်ဝက်ကျော် ဆန္ဒမဲရှိရမည်ဖြစ်ပါကြောင်း၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့သည် ဥပဒေပြုရေးတွင် အထောက်အကူပြုမည့် လိုအပ်သော ကော်မတီများကို လွှတ်တော်ကိုယ်စားလှယ်များအတွင်းမှ ဖွဲ့စည်းပြီး လုပ်ထုံးလုပ်နည်းများကို ရေးဆွဲပြဋ္ဌာန်းပေးရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်တစ်ရပ်ရပ်က အတည်ပြုပြီးသော ဥပဒေကြမ်းတစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို အခြားလွှတ်တော်မှ အတည်ပြုနိုင်ခြင်းမရှိပါက လွှတ်တော်နှစ်ရပ်မှ ကိုယ်စား လှယ်များဖြင့် ပူးတွဲညှိနှိုင်းရေးဆွဲရေးကော်မတီကို ဖွဲ့စည်းညှိနှိုင်းအဖြေရှာရ မည်ဖြစ်ကြောင်း ဆွေးနွေးသည်။
အားလုံးပါဝင်နိုင်ရေးမူ
ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီမှ ဦးထွန်းနိုင်က ကိုးကန့်ဒေသတွင် စစ်ဘေးစစ်ဒဏ်များ၏ အကျိုးဆက်ကို ယနေ့ထိ ခံစားနေရပါကြောင်း၊ ရေငတ်နေသူကဲ့သို့ ကိုးကန့်တိုင်းရင်းသားများသည် ငြိမ်းချမ်းရေးကို အထူးလိုလားလျက်ရှိနေကြပါကြောင်း၊ တောင်ပေါ်ဒေသနေ တိုင်းရင်းသားများ၏ အကျိုးစီးပွားအပြင် မြေပြန့်ဒေသနေ ဗမာတိုင်းရင်းသား ညီအစ်ကိုများ၏ အကျိုးများကို အလေးထားဆောင်ရွက်ပေးရန် အကြံပြုလိုပါကြောင်း၊ ဥပမာအားဖြင့် အခြေခံလူတန်းစားများ၏အကျိုးကို လျစ်လျူရှုမိသဖြင့် ၈၈ အရေး အခင်းမျိုး ထပ်မံဖြစ်ပွားပါက လက်ရှိဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်လာနိုင်ပါကြောင်း၊ ထို့ပြင် လက်ရှိဖော်ဆောင်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၏ ရည်ရွယ်ချက်တွင် အားလုံးပါဝင်နိုင်ရေး မူအရ နောင်ကျင်းပမည့် အစည်းအဝေးတွင် ကျန်အဖွဲ့(၃)ဖွဲ့ဖြစ်သည့် ရခိုင်၊ တအာင်း၊ ကိုးကန့်တို့ပါဝင်လာစေရေးအတွက် ဆန္ဒပြုလိုပါကြောင်း ဆွေးနွေးသည်။
တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးဇော်ဦးက ငြိမ်းချမ်းရေးလုပ်ငန်းများ အကောင်ထည်ဖော် ဆောင်ရွက်ရာတွင် လက်နက်ကိုင်အဖွဲ့အစည်းများသည် နိုင်ငံရေးအာမခံချက်များနှင့် ကြိုတင်သတ်မှတ်ချက်များကို အလွန်အကျွံ တောင်းဆိုနေခြင်း၊ တရားမဝင်ရယူထားသည့် အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ စီးပွား ရေးအခွင့်အလမ်းများကို တရားဝင်အသိအမှတ်ပြုရန် တောင်းဆိုနေခြင်းများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် အဓိကနှောင့်နှေးကြန့်ကြာမှုတစ်ခု ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းများအနေဖြင့် မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှ လမ်းဖွင့်ပေးထားသည့် နိုင်ငံရေး လမ်းကြောင်းနှင့် ပြည်သူလူထုက ရွေးချယ်ထားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းအတိုင်း မှန်ကန်စွာ လျှောက်လှမ်းသွားရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
တန်းတူရည်တူအခွင့်အရေး
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ ခူဦးရယ်က မတူကွဲပြား သော တိုင်းရင်းသားမျိုးစုံနေထိုင်ကြသည့် မြို့နယ်များတွင် ဝိုင်းကြီးချုပ်စနစ်ကို ကျင့်သုံးသင့်ပါကြောင်း၊ ပြည်နယ်များသည် တစ်ခုနှင့်တစ်ခု တန်းတူရည်တူ အခွင့်အရေး ရရှိမည်ဖြစ်ပါကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ကြံ့ခိုင်စွာ လည်ပတ်နိုင်ရေးအတွက် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအတွင်း အာဏာရှင်စနစ် မပေါ်ထွန်းလာစေရန် အခွင့်အာဏာကို အလွဲသုံးစားမှု မပြုလုပ်စေရန်အတွက် စောင့်ကြည့်ထောက်ပြဝေဖန်သော လူထု၏ အခွင့်အရေးများကို ကာကွယ်ပေးခြင်း၊ အရေးကြီးသည်ဟု ပြည်နယ်လွှတ်တော်က ဆုံးဖြတ်သည့်ကိစ္စရပ်များ တွင် ပြည်သူ့ဆန္ဒခံယူပွဲများဖြင့် တိုက်ရိုက်ဒီမိုကရေစီကို ကျင့်သုံးခြင်း၊ ပြည်ထောင်စုအာဏာကို နိုင်ငံခြားရေး၊ ငွေစက္ကူထုတ်လုပ်ရေး၊ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး၊ နိုင်ငံတော်ကာကွယ်ရေး၊ ပြည်ထောင်စုတရားရေးကဏ္ဍ၊ လူမှုဖူလုံရေး၊ စက်မှုလက်မှုလုပ်ငန်း စသည်တို့တွင် ထားရှိရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
တိုင်းလိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ စိုင်းဌေးအောင် က သမိုင်းအစဉ်အဆက်က ဓားမဦးချ နေထိုင်လာခဲ့ကြသည့် ရှမ်းနီလူမျိုးများသည် မိမိကြမ္မာ မိမိဖန်တီးရန်အတွက် ၁၉၇၂ ခုနှစ်တွင် မြေလတ်ရှမ်းပြည်နယ် (ခေါ်) ရှမ်းနီပြည်နယ် ရရှိရန် တောင်းဆိုခဲ့ပါကြောင်း၊ ယခုလည်း ရှမ်းနီလူမျိုး များနေထိုင်ရာ ဒေသများဖြစ်သည့် မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ခန္တီး၊ တမူး၊ ကလေး၊ မော်လိုက်၊ ကသာ စသည့် ခရိုင်များကို စုပေါင်းပြီး ရှမ်းနီပြည်နယ် သတ်မှတ်ပေးရန် တင်ပြလိုပါကြောင်း၊ မိမိတို့ ရှမ်းနီပါတီအနေဖြင့် ငြိမ်းချမ်းရေး၊ တန်းတူရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်နိုင်ငံလုံးအနေဖြင့် တန်းတူညီတူ ရရှိခံစားစေလိုပါကြောင်း၊ ဖက်ဒရယ်စနစ်ကို ကျင့်သုံးကြသည့် နိုင်ငံများကို လေ့လာသည့်အခါတွင် နိုင်ငံသားများ၊ လူမျိုးစုများကို ဥပဒေဖြင့် အကာအကွယ် ပေးထားသည့်အပြင် ပြည်နယ်ရသင့်ရထိုက်သော လူမျိုးစုများအတွက် ပြည်နယ် သစ်များမူဘောင် ထည့်သွင်းပြဋ္ဌာန်းထားကြသည်ကို တွေ့ရှိရပါကြောင်း။
တရားဝင်သတ်မှတ်ပေးရန်
ထို့ကြောင့် တိုင်းလိုင်ပါတီအနေဖြင့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်ရာတွင် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုထူထောင်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ် ပြန်လည်ရေးဆွဲခြင်း၊ ပြည်နယ်သစ်များမူဘောင်ကို ထည့်သွင်းရေးဆွဲပြဋ္ဌာန်း ခြင်းနှင့် လူမျိုး ၁၃၅ မျိုးကို ပြန်လည်သုံးသပ်ပြီး မိမိတို့ရှမ်းနီလူမျိုးအမည်ကို နိုင်ငံတော်က တရားဝင်သတ်မှတ်ပေးရန် တောင်းဆိုတိုက်တွန်းပါကြောင်း ဆွေးနွေးသည်။
တပ်မတော်မှ ဗိုလ်မှူးကြီး ဇော်ဝင်းမြင့်က DDR/SSR လုပ်ငန်းစဉ်ကို အမြန်ပြီးပြတ်အောင် ဆောင်ရွက်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် ငြိမ်းချမ်းရေး ညီလာခံများကို ၃ နှစ်မှ ၅ နှစ်အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ NCA လက်မှတ်ရေးထိုးပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရာတွင် NCA စာချုပ်ပါ အချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁ဝ အရ နိုင်ငံတော်တွင် ပါဝင်သည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများသည် နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ ဆိုသည့်အချက်ကို တိကျစွာလိုက်နာရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် ကာကွယ် ရေးနှင့် လုံခြုံရေးဆောင်ရွက်ရာတွင် တပ်မတော်ကို မဏ္ဍိုင်ပြုပြီး တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ထပ်တူဥပဒေပြုပိုင်ခွင့်
ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO)မှ ဦးဆင်ဝါးက ပြည်ထောင်စုနှင့် ပြည်နယ်များတွင် အမျိုးသားလွှတ်တော်နှင့် ပြည်နယ် လွှတ်တော်အသီးသီးတို့သည် မိမိတို့လွှတ်တော်တစ်ခုချင်းစီအလိုက် ဥပဒေ ပြုပိုင်ခွင့်အာဏာ ရှိစေရမည်ဖြစ်ပါကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အတွင်း ရောင်းဝယ်ခွန်၊ စီးပွားရေးလုပ်ငန်းခွန်၊ အမြတ်ခွန်၊ ယစ်မျိုးခွန် အပါအဝင် အကောက်အခွန်ဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မူးယစ်ထုံထိုင်းဘေးဖြစ်စေတတ်သော ဆေးဝါးများ၊ ဖွားသေစာရင်း မှတ်ပုံတင်ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တစ်ခုအတွင်း၌ ကျရောက်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ စွမ်းအင်စီမံကိန်းလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးစီမံကိန်းကြီးများ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တစ်ခုအတွင်း မြေပေါ်မြေအောက် သယံဇာတ တူးဖော်ထုတ်လုပ်ရောင်းချခြင်း၊ နိုင်ငံခြားအစိုးရများနှင့် ကုမ္ပဏီများမှ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များသို့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များ၊ ဒေသဆိုင်ရာ ရေဒီယိုနှင့် ရုပ်မြင်သံကြား လုပ်ငန်းများ၊ ဘဏ်နှင့်အာမခံလုပ်ငန်းများ၊ နေအိမ်၊ ဥပစာ၊ မြေယာ၊ ဖွားသေစာရင်း မှတ်ပုံတင်ခြင်း၊ ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တက္ကသိုလ်နှင့် အသက်မွေးဝမ်းကျောင်း ပညာရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တစ်နယ်မှတစ်နယ်သို့ ဖြတ်သန်း စီးဆင်းလျက်ရှိသော မြစ်များနှင့် ကမ်းရိုးတန်းဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်များ၊ မီးရထား၊ သင်္ဘော၊ လေယာဉ်ပျံ၊ ဒုက္ခသည်ရေးရာနှင့် နိုင်ငံရေးခိုလှုံခွင့်၊ ရာဇဝတ်မှုဥပဒေနှင့် တရားမကျင့်ထုံးဥပဒေများ၊ ပြည်ထောင်စုပြည်သူ့ဝန်ထမ်း လေ့ကျင့်ရေးသင်တန်းများ၊ အလုပ်သမားဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ ကုန်သွယ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ထပ်တူဥပဒေပြုအာဏာများတွင် ပြည်နယ်မှ လုပ်ဆောင်နိုင်သည့်အချိန်တွင် ပြည်နယ်များမှ ပြန်လည်ရယူပိုင်ခွင့် ရှိရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးလနန်ဘောက်က တိုင်းရင်းသားလူမျိုးများနှင့် စပ်လျဉ်းပြီး ခံယူချက် သဘောထား(၄)ရပ် ချမှတ်ကာ လက်တွေ့ကျင့်သုံးလျက်ရှိပါကြောင်း၊ ၎င်းတို့မှာ တိုင်းရင်းသားလူမျိုးများအတွင်း တန်းတူရည်တူရှိရေး၊ ဒီမိုကရေစီရေး၊ လူမှုစီးပွားဖွံ့ဖြိုးရေးနှင့်အတူ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများ ထိန်းသိမ်းထွန်းကားရေးတို့အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး၊ လူဦးရေအနည်းအများ၊ နယ်မြေအကျယ်အဝန်း မည်သည့်အကြောင်းနှင့်မျှ ကွဲပြားခြားနားမှုမရှိဘဲ လူမျိုးစုများအား လူမျိုးတစ်မျိုးအနေဖြင့် ရှင်သန်ရပ်တည်ပိုင်ခွင့်ရှိရေးနှင့် တိုင်းရင်းသားလူမျိုးများ အတွင်း ညီညာသော ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ထွန်းရေးတို့ဖြစ်ပါကြောင်း၊ မူသဘောထားလေးရပ်သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံလိုအပ်ချက်များဖြစ်ပြီး အဆိုပါအချက်များပါဝင်အောင် ညှိနှိုင်း ရေးဆွဲကြမည်ဟု ယုံကြည်ပါကြောင်း၊ ယခုအခြေခံမူသဘောထားများသည် တိုင်းရင်းသားများ မျှော်မှန်းနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အခြေခံသော ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် တင်ပြခဲ့သည့် သဘောထား များနှင့်အညီ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ပါဝင်သင့်ပါဝင်ထိုက်သူများမှ ဦးမင်းဇင်က နိုင်ငံရေးအရပြောရလျှင် ပြည်ထောင်စုကို မည်သည့်မျှော်မှန်းချက်အမြင် Vision မျိုးနှင့် တည်ဆောက်မည်ဆိုသည်ကို ဆွေးနွေးမှုစတင်ကြရမည် ဖြစ်ပါကြောင်း၊ ဘုံသဘောတူညီ နိုင်သည့်ကိစ္စအနေဖြင့် ယခုညီလာခံသည် ပဋိပက္ခဖြေရှင်းရင်းနှင့် ပြည်ထောင်စု သစ်ကို ပဋိညာဉ်တစ်ရပ်ရေးဆွဲပြီး တည်ဆောက်ရန်အတွက် ဆွေးနွေးညှိနှိုင်းရေး လမ်းကြောင်းပေါ်မှ ညီလာခံဖြစ်ပါကြောင်း၊ ပဋိညာဉ်ကို လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးတို့အပေါ် အခြေခံရေးဆွဲရန်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဆိုင်ရာ မျှော်မှန်းချက်အမြင်သည် ရည်မှန်းချက်နှစ်ရပ်ကို ဖြည့်ဆည်းရမည်ဖြစ်ပါကြောင်း၊ တစ်ခုမှာ နိုင်ငံတော် တည်ဆောက်ရေးဖြစ်ပြီး နောက်တစ်ခုမှာ ပြည်ထောင်စုလက္ခဏာ တည်ဆောက် ခြင်းဖြစ်ပါကြောင်း။
အလေးအမြတ်ပြုရမည်
ပါဝင်သင့် ပါဝင်ထိုက်သူများအနေဖြင့် လက်ရှိအခြေအနေတွင် အယူအဆတစ်ခုခု ထောက်ခံတင်ပြခြင်းထက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား ခေါင်းဆောင် အသီးသီးနှင့် ၎င်းတို့၏သက်ဆိုင်ရာပြည်သူများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ ဆွေးနွေးညှိနှိုင်း အလျှော့အတင်းလုပ်သည်ကို အလေးအမြတ်ပြုရမည်ဖြစ်ပါကြောင်း၊ ထိုဆွေးနွေးချက်များ၏ ဖြစ်နိုင်ခြေရှိသည့်အကျိုးအပြစ်များကို လူမှုရေးသိပ္ပံ၏ ရှာဖွေတွေ့ရှိချက်များ၊ နိုင်ငံတကာအတွေ့အကြုံသင်ခန်းစာများ၊ ပြည်တွင်း သမိုင်းနောက်ခံ၊ နိုင်ငံရေးဓလေ့၊ နိုင်ငံရေးအာဏာ ချိန်ခွင်လျှာမညီသည့် ပကတိအရှိတရား၊ ပထဝီနိုင်ငံရေး စသည်တို့အပေါ်မူတည်ပြီး တင်ပြ သွားရန်နှင့် အကြံပြုပေးခြင်းကို လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ရုပ်လုံးဖော်ပေးကြမည်
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)မှ စဝ်ခွန်ဆိုင်းက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံသည် ၁၉၄၇ ခုနှစ် ပင်လုံကဲ့သို့ တိုင်းရင်းသားလူမျိုးများ သွေးစည်းညီညွတ်မှုကို ထပ်တူပြန်လည်ဖော်ဆောင် နိုင်မည်ဟု အလေးအနက်မျှော်လင့်ပါကြောင်း၊ ပြည်ထောင်စုဆိုပါက ဆရာကြီး သခင်ကိုယ်တော်မှိုင်းပြောကြားခဲ့သည့် လွတ်လပ်သည့် ပြည်ထောင်များ စုပေါင်းထားခြင်းကိုဆိုလိုပါကြောင်း၊ ပြည်နယ်အချင်းချင်း တန်းတူအခွင့်အရေး ရရှိရမည်ဖြစ်ပါကြောင်း၊ တန်းတူရေးအတွက် အလိုအပ်ဆုံးပြင်ဆင်ရမည့် ဗမာပြည်နယ်တစ်ခုအဖြစ် ပြန်လည်ဖွဲ့စည်းရမည်ဖြစ်ပါကြောင်း၊ တန်းတူသည့် ပြည်နယ်များစုပေါင်းမှသာ ပြည်ထောင်စုစစ်မှန်မည်ဖြစ်ပါကြောင်း၊ ဗမာများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပညာရှင်များ၊ ဥပဒေ ပညာရှင်များ၊ မျိုးဆက်သစ်လူငယ်များ ၊ အမျိုးသမီးများနှင့် အခန်းကဏ္ဍအသီးသီးမှ ပြည်သူများက ရုပ်လုံးဖော်ပေးကြမည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးသည်။
မှောင်ခိုလုပ်ငန်းထွန်းကား
ဒီမိုကရက်တစ်ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းက ငြိမ်းချမ်းရေး ပျောက်ကွယ်ပါက နိုင်ငံ၏စီးပွားရေးသည်လည်း ချွတ်ခြုံကြသွားမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုများ သယ်ယူပို့ဆောင်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းဝယ်မှုတို့ကို ပုံမှန်အတိုင်းမလုပ်နိုင်ပါကြောင်း၊ တိုင်းပြည်၏ သယံဇာတပစ္စည်းများ တိုင်းပြည်အတွက် အသုံးမပြုနိုင်ဘဲ မှောင်ခိုလုပ်ငန်းထွန်းကားလာပါကြောင်း၊ ပြည်သူများ အဆင်မပြေဒုက္ခရောက်ကြရပါကြောင်း၊ မည်သူမျှ တိုင်းပြည်ကို အားမကိုးပါကြောင်း၊ တိုင်းပြည်တွင် မှုခင်းများပေါများလာပါကြောင်း၊ လူများ၏ စာရိတ္တချို့ယွင်းလာပါကြောင်း၊ မည်မျှအထိချို့ယွင်းပြီး အခြေအနေဆိုးသွား သလဲဆိုလျှင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့် ဖွံ့ဖြိုးမှုအနည်းဆုံးစာရင်းဝင် နိုင်ငံဖြစ်သွားပါကြောင်း၊ ယခုငြိမ်းချမ်းရေးကို အဖြေရှာသည့်နေရာတွင် အကြောင်းအချက်များကို ဖြေရှင်းရမည်ဖြစ်ပြီး စီးပွားရေးတိုးတက်အောင် လုပ်ခြင်းသည်လည်း အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သည်ဟု မိမိထင်မြင် ပါကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကိုအဖြေရှာရန်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိကအာရုံစိုက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ဘိုးဘွားပိုင်မြေယာ
တိုင်းရင်းသားကိုယ်စားလှယ် မာတီးယာက ငြိမ်းချမ်းရေးလုပ်ငန်းဖော် ဆောင်နေစဉ်ကာလ တိုင်းရင်းသားလူမျိုးစုငယ်များနေထိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးတွင် ဆောင်ရွက်လိုသည့် အကြံပြုချက်များကို တင်ပြလိုပါကြောင်း၊ ယင်းတို့မှာ လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ပေးခြင်း၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုလွတ်လပ်ခွင့်ကို မြှင့်တင်ခွင့်နှင့် အထောက်အပံ့ရယူခွင့် ဖန်တီးပေးခြင်း၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှု (အရည်အသွေးပြည့်မီသော အဆောက်အအုံ၊ ဆေးဝါးများနှင့် ဆေးကိရိယာများ၊ ကျန်းမာရေး ဝန်ထမ်းများ လုံလောက်စွာရရှိရေးဆောင်ရွက်ပေးခြင်း)၊ တိုင်းရင်းသားလူမျိုးစု ငယ်များ ယဉ်ကျေးမှုအနုပညာနှင့် လက်မှုပညာများဖော်ထုတ်မြှင့်တင်ပေးရန်၊ ရိုးရာဓလေ့အရ ဘိုးဘွားပိုင်မြေယာပိုင်ဆိုင်မှုကို အသိအမှတ်ပြုပေးခြင်း၊ မူးယစ်ဆေးဝါးစွဲလမ်းသူများ ပြန်လည်ထူထောင်ရေး(ဆေးစွဲသူများပြုပြင် ပြောင်းလဲပေးသည့် ကျောင်း သို့မဟုတ် ဌာနထားရှိပေးရန်)၊ အမျိုးသမီး၊ ကလေးငယ်များအပေါ်ဖိနှိပ်မှု၊ အကြမ်းဖက်မှုနှင့် အခွင့်အရေးချိုးဖောက်မှုများ အား ထိရောက်စွာ အပြစ်ပေးအရေးယူရန်၊ ဌာနေတိုင်းရင်းသားကို ဦးစားပေးသည့် အလုပ်အကိုင်အခွင့်အလမ်းစနစ်တစ်ခု ဖန်တီးပေးရန်၊ စနစ်ကျသော အရေးပေါ်ကယ်ဆယ်ရေးအစုအဖွဲ့ စုဖွဲ့ထားရှိရန်တို့ဖြစ်ပါကြောင်း ဆွေးနွေး သည်။
လိုလားသောဆန္ဒ
ရခိုင်အမျိုးသားကောင်စီ (ANC)မှ ဦးထွန်းဇော်က လွတ်လပ်ရေးနှင့် တိုင်းရင်းသားတို့ တန်းတူအခွင့်အရေး၊ လွတ်လပ်ခွင့်တို့သည် ပြင်းထန်လာပြီး ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရပါကြောင်း၊ ပြည်တွင်းစစ်နှင့်အတူ တပ်သည် သြဇာကြီးမားလာပြီး စစ်တပ်က စစ်အာဏာရှင်စနစ်တည်ဆောက်ရန် ကြိုးပမ်း လာခဲ့ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများသည် မိမိတို့လိုလားသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်ဖန်တီးခွင့် တန်းတူရေး၊ ဒီမိုကရေစီအရေးတို့ကို အခြေခံသော ဖက်ဒရယ်စနစ်ရရှိရန် လက်နက်စွဲကိုင်တော်လှန်ခဲ့ကြပါကြောင်း၊ အာဏာရှင်ခေတ်အဆက်ဆက်အစိုးရတို့သည် တိုင်းရင်းသားတို့ လိုလားသော ဆန္ဒကို ဖြိုဖျက်ရန်ကြိုးစားပြီး နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် မလုပ်ဆောင်ခဲ့ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများသည် မိမိတို့မွေးရာပါ အခွင့်အရေးရရှိရန်အတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေရခြင်းဖြစ်ပါကြောင်း ဆွေးနွေးသည်။
အထောက်အကူပြု
ကရင်ပြည်သူ့ပါတီမှ နန့်ခင်အေးဦးက လက်ရှိမြန်မာနိုင်ငံတွင် တိုင်းရင်းသားများ၏ပြဿနာများကို နိုင်ငံရေးအရ မဖြေရှင်းနိုင်ခဲ့ပါကြောင်း၊ တိုင်းရင်းသားများ၏ အကြောင်းအချက်များသည်လည်း မပါမဖြစ်လိုအပ်သည်ဟု မိမိ ထင်ပါကြောင်း၊ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းရင်းသားများ၏ အခြေအနေဆိုးရွားခဲ့ပါကြောင်း၊ ထို့ကြောင့် ကရင်ပြည်နယ်အတွင်းရှိ လူမျိုးစုများကရွေးချယ်သည့် ပြည်နယ်အစိုးရအဖွဲ့ကို ဥပဒေပြုရေးအာဏာ၊ တရား ဥပဒေစိုးမိုးရေးအာဏာ၊ ပြည်နယ်ဥပဒေထုတ်ပြန်ရေးအာဏာများကို ခွဲဝေပေးသင့်ပါကြောင်း၊ ထို့ပြင် ပြည်နယ်အတွင်း သယံဇာတတူးဖော်မှုမှ ရရှိသည့် အကျိုးအမြတ်များကို ခွဲဝေပေးသင့်ပါကြောင်း၊ လယ်ယာကိုင်းကျွန်း လုပ်ငန်းကို အဓိကထားလုပ်ဆောင်သည့် ပြည်နယ်တစ်ခုအဖြစ် မိမိတို့ အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးမှ တိုင်းပြည် ဖွံ့ဖြိုးလာမည်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးမှုကြောင့် ငြိမ်းချမ်းရေးကိုလည်း အထောက် အကူပြုစေမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ယင်းနောက် နံနက်ပိုင်းအစည်းအဝေးအစီအစဉ်များကို ရပ်နားလိုက်သည်။
(သတင်းစဉ်)

No comments:

Post a Comment