Saturday, September 3, 2016

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမှတ်စဉ် (၁/၂ဝ၁၆) အစည်းအဝေးကျင်းပ


နေပြည်တော် စက်တင်ဘာ ၂

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂ဝ၁၆)ကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန၌ကျင်းပရာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ်ဇော်ဝင်းက မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးသည်။ 

ဆက်လက်၍ တွဲဖက်အတွင်းရေးမှူး၊ ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ဝင်းသိန်းက အမျိုးသားအဆင့် အန္တရာယ်အကဲဖြတ်ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ သတင်းပို့ချက်များကို Online Reporting စနစ်နှင့် Website တည်ထောင်ရန် စီမံဆောင်ရွက်ထားမှု၊ FATF ၏ Public Statement မှ လွတ်မြောက်မှု၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ အမှုစစ်ဆေးမှု၊ ၂ဝ၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်စစ်ဆေးမည့် APG ၏ အပြန်အလှန် အကဲဖြတ်ရေးအဖွဲ့မှ စစ်ဆေးခံနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများက ဖြည့်စွက်ဆွေးနွေးကြသည်။

အစည်းအဝေးသို့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ အဖွဲ့ဝင် ၁၄ ဦး၊ ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးအဖွဲ့မှ ခြောက်ဦး၊ အထူးဖိတ်ကြားထားသူ ရှစ်ဦး စုစုပေါင်း ၂၈ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)

No comments:

Post a Comment