Friday, September 30, 2016

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


 
 သီးနှံပေါ်ချိန် ပျော်ရွှင်ခွင့်ရကြစေဖို့
 
 အင်းလေးဒေသတွင် ခရမ်းချဉ်သီးများ ဖြိုင်ဖြိုင်ပေါ်ချိန်၊ ဈေးကွက်အတွင်း ခရမ်းချဉ်သီးဈေးနှုန်းက ယမန်နှစ်ဈေးနှုန်း၏ ထက်ဝက်ကျော်ခန့် ကျဆင်း နေသည့်အတွက် ခရမ်းချဉ်သီးစိုက်ပျိုးသည့်အင်းအတွင်း ကျေးရွာ ၁ဝဝ ကျော်မှ တောင်သူများ အရှုံးပေါ်ကြရသည်။ နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ကျေးရွာများတွင် ယခုနှစ် စိုက်ပျိုးခဲ့သော အစေ့ထုတ်ပြောင်းများ အထွက်ကောင်းလှသော်လည်း ပြောင်းစိုက်တောင်သူများ ပျော်ရွှင်ခွင့်မရ။ ယမန်နှစ်က တစ်တင်းလျှင် ငွေကျပ်တစ်သောင်းဝန်းကျင်ဖြင့် ရောင်းချခဲ့ရ သော အစေ့ထုတ်ပြောင်းမှာ ယခုနှစ်တွင် တစ်တင်းလျှင် ကျပ်ငါးထောင်၊ ခြောက်ထောင်ခန့်မျှသာ ဈေးရှိနေရာ စိုက်စရိတ် အရင်းပင်လျှင် မကျေနိုင် သဖြင့် တောင်သူတို့ အရှုံးနှင့်ရင်ဆိုင်ကြရပြန်သည်။ ဖော်ပြပါဖြစ်ရပ်များမှာ တောင်သူလယ်သမားများ၏ လယ်ယာထုတ်ကုန်များကို ရောင်းချရာတွင် လတ်တလောရင်ဆိုင်နေကြရသည့် ဖြစ်ရပ်များအနက်မှ နမူနာအချို့သာ လျှင် ဖြစ်သည်။ ၂ဝ၁၃ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ''တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ''ကို ရည်ရွယ်ချက်(၅) ရပ်ဖြင့် ပြဋ္ဌာန်းခဲ့ရာတွင် ''လယ်ယာထုတ်ကုန်များ ရောင်းချရာတွင် သင့်တင့်မျှတသည့်ဈေးနှုန်းနှင့် ဈေးကွက်ရရှိရေးတို့အတွက် တောင်သူ လယ်သမားများကို ကူညီဆောင်ရွက်ရန်'' ဟူသော အချက်တစ်ရပ်လည်း ပါဝင်သည်။ ထို့ပြင် ကျန်ရည်ရွယ်ချက် (၄)ရပ်ဖြစ်သည့် - အရင်းအနှီးရရှိရေးအတွက် တောင်သူလယ်သမားများအား သင့်တင့် သော ချေးငွေနှင့် အကူအညီများပေး၍ အထောက်အကူပြုရန်၊ - ထုတ်လုပ်မှုတိုးတက်ရေးအတွက် တောင်သူလယ်သမားများအား နည်းပညာ၊ သွင်းအားစုနှင့် ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာတို့ကို လွယ်ကူ အဆင်ပြေစွာ ပံ့ပိုးပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ - လုပ်ကွက်ငယ်တောင်သူလယ်သမားများ၏ အခွင့်အရေးကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးကို ထိရောက်စွာ ဆောင်ရွက်ရန်၊ - သဘာဝဘေးအ္တရာယ်တစ်စုံတစ်ရာကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ထိခိုက်နစ်နာမှုများအတွက် ကူညီထောက်ပံ့မှုများကို အတတ်နိုင်ဆုံး အထောက်အကူပြုပံ့ပိုးရန် စသည့်ရည်ရွယ်ချက်များကို အကောင် အထည်ဖော်ရန်အတွက် တောင်သူလယ်သမားအခွင့် အရေးကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းကာ အဆိုပါ ဦးဆောင်အဖွဲ့ ကလည်း လိုအပ်ပါက လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေး အဖွဲ့ကို ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များကို သတ်မှတ်ရန်၊ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့က တင်ပြသော ဝယ်ယူမည့် ကောက်ပဲသီးနှံအမျိုးအစားနှင့် ဝယ်ယူမည့်အစီအစဉ်တို့ကို စိစစ်၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရန် ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။ ယခုအခါ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ကာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်တစ်ဦးစီ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ ပါဝင်ဖွဲ့စည်းထားသော ''လယ်ယာ ထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့''ကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင် နိုင်ရေးအတွက် လယ်ယာထုတ်ကုန်များကို ဝယ်ယူရန် လိုအပ်ပါက လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့က တင်ဒါစနစ်အပါအဝင် အခြား သင့်လျော်သော နည်းလမ်းများဖြင့် ဝယ်ယူနိုင်ရေးအတွက် စီစဉ်ဆောင် ရွက်ရမည်ဖြစ်သည်။ မည်သည့်ကောက်ပဲသီးနှံအမျိုးအစားကို မည်သည့်အစီအစဉ် ဖြင့်ဝယ်ယူမည်ဆိုသည်ကိုမူ ဦးဆောင်အဖွဲ့က စိစစ်၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းကျော်မှာ ကျေးလက်ဒေသ များတွင် နေထိုင်ကြပြီး ကျေးလက်စီးပွားရေးနှင့်တစ်နည်းမဟုတ် တစ်နည်းဆက်စပ်၍ အသက်မွေးကြသူများဖြစ်ရာ ကျေးလက်ဒေသ၏ စီးပွားရေးကို ထိထိရောက်ရောက် အမှန်တကယ် မြှင့်တင်ပေးနိုင်ရန်လိုအပ် သည်။ ကျေးလက်တောင်သူတို့ စိုက်ပျိုးသည့်သီးနှံများ ပေါ်ထွက်လာချိန် တွင် ဈေးနှုန်းများထက်ဝက်ခန့် ကျဆင်းနေသည့်ကိစ္စများမှာ နိုင်ငံတော် က ဝင်ရောက်ကူညီ ထိန်းမတ်ပေးရမည့်ကိစ္စ ဖြစ်လာသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း တောင်သူလယ်သမားများ၏ အကျိုးစီးပွားအတွက် သီးနှံများကို နိုင်ငံတော်က ဝယ်ယူရန်လိုအပ်လာပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်၊ ထိထိရောက် ရောက် ဆောင်ရွက်သွားနိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment