Friday, September 2, 2016

မတူကွဲပြားမှုများကို ပြည်ထောင်စုစိတ်ဓာတ်ပေါ်အခြေခံပြီး ညှိနှိုင်းအဖြေရှာ


နေပြည်တော် စက်တင်ဘာ ၁
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်ရှင်းဗဟိုဌာန(၂) (MICC-2)တွင် ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအင်ဘန်လ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့ ပြောကြားခဲ့သည့် ကြိုဆိုနှုတ်ခွန်းဆက်စကားများကို ဆက်လက် ဖော်ပြလိုက်ပါသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်စကား
-----------------------------------------------------------------------------
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ သို့ တက်ရောက်လာကြတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ အပ်ပါတယ်။
လေးစားအပ်တဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများ ခင်ဗျာ
ကျွန်တော်တို့နိုင်ငံဟာ တစ်မြေတည်းနေ တစ်ရေ တည်းသောက်ကြတဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဆန္ဒတူညီမှု တို့အပေါ် အခြေခံပြီး စုပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဖြစ်ပါတယ်။ ပြည်ထောင်စုနိုင်ငံတော် ဖြစ်သည်နှင့်အညီ တိုင်းရင်းသားများရဲ့ တန်းတူရည်တူ အခွင့်အရေးများကို အသိအမှတ်ပြုခြင်း၊ အခြေခံမူလအခွင့် အရေးများကို လေးစားခြင်း၊ ပြည်ထောင်စုသားအချင်းချင်း သဟဇာတဖြစ်ရေးတို့ကို ရှေးရှုခြင်း၊ ချစ်ကြည်ရင်းနှီးခြင်းတို့ ဖြင့် ပြည်ထောင်စုကြီးရဲ့ ငြိမ်းချမ်းရေးအောင်ပန်းကို ဆင်မြန်းနိုင်မည်ဟု ခံယူချက်၊ ယုံကြည်ချက်ရှိတဲ့အတွက် လွန်ခဲ့တဲ့ ၂၈ နှစ်လောက်ကတည်းက ယခုနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ''ပင်လုံညီလာခံကြီးကဲ့သို့သော ပြည်ထောင်စုကြီး၏ အနာဂတ်ခရီးလမ်းညွှန်များကို ချမှတ်နိုင်မည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ အမျိုးသား ညှိနှိုင်းမှုညီလာခံတစ်ရပ်ကို ခေါ်ယူကျင်းပမည်''ဟု ကြေညာချက်အမှတ်(၉)ကို ထုတ်ပြန်၍ ရည်သန်ခဲ့ပါတယ်။
တိုင်းရင်းသားများအရေးနှင့်စပ်လျဉ်းပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က-
- တိုင်းရင်းသားနယ်မြေအသီးသီးတွင် စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက် နိုင်ရေးအတွက် ဦးတည်မည်၊
- ပြည်ထောင်စုဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန် ပွင့်လင်းမြင်သာသောစီမံချက်များ ချမှတ်ဆောင် ရွက်မည်၊
- သဘာဝအရင်းအမြစ်များ ထုတ်ယူရာမှ ရရှိလာသည့် အကျိုးအမြတ်များကို ဖက်ဒရယ် ပြည်ထောင်စုမူနှင့်အညီ ဒေသအလိုက်မျှတစွာခွဲဝေခံစားခွင့်ရရှိစေရမည်၊
- တိုင်းရင်းသားများ၏ မွေးရာပါအခွင့်အရေးများ ခံစားပြည့်ဝရေးနှင့် ပြည်ထောင်စုကြီးတစ်ခုလုံး သာယာဝပြောရေးတို့ သဟဇာတဖြစ်စေမည့်မူကို လက်ကိုင်ကျင့်သုံး၍ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖော်ထုတ်မည်၊
- တိုင်းရင်းသားများ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် နိုင်ငံရေးညှိနှိုင်း ဖြေရှင်းမှုလိုအပ်သည်ဟု ယုံကြည်သည်၊
- ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ၏ အရင်း အမြစ်များကို ဖယ်ရှားရန် အာဃာတကင်းစင်ပြီး ပင်လုံစိတ်ဓာတ်ကို အခြေခံသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများမှတစ်ဆင့် ပြည်သူလူထု ဘဝ လုံခြုံအေးချမ်းစေမည်၊
စသည်ဖြင့် မူဝါဒများကို ယခင်ကတည်းက ချမှတ်ခဲ့ပါ တယ်။
ယခုအခါ ယင်းရည်မှန်းချက်၊ ခံယူချက်၊ ယုံကြည်ချက် နဲ့ မူဝါဒများ အကောင်အထည်ဖော်ရန်အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကို ဖွဲ့စည်းကာ ပြည်ထောင်စုကြီးငြိမ်းချမ်းရေးကို အလေးထား ပြီး ဦးစားပေးဆောင်ရွက်လျက်ရှိပါတယ်။
လေးစားအပ်တဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ခင်ဗျာ
ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး၊ ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတက်ရေးတို့နဲ့ ဆက်စပ်ပတ်သက်လျက်ရှိပါတယ်။ ပြည်တွင်းငြိမ်းချမ်း ရေးမရှိရင် အထက်ပါအရေးတွေရရှိဖို့ဆိုတာ ''ဝ'' မရှိဘဲ ''ဝိ'' လုပ်သလိုဖြစ်နေမယ်လို့ ကျွန်တော်ထင်မြင်ယူဆမိပါ တယ်။ နှစ်ကာလရှည်ကြာစွာဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ် ကြောင့် ပြည်ထောင်စုဖွားတိုင်းရင်းသားများ အသက်၊ ကိုယ်လက်အင်္ဂါတို့ စွန့်လွှတ်ကြရခြင်းဟာ နိုင်ငံတော်ရဲ့ လူသားအရင်းအမြစ်များ ဆုံးရှုံးကြရခြင်းပဲဖြစ်ပါတယ်။ အိုးအိမ်စည်းစိမ်ဥစ္စာတွေလည်း ပြိုကွဲပျက်စီးကြရပါတယ်။ နိုင်ငံတော်ဘဏ္ဍာငွေမှ စစ်ရေးအသုံးစရိတ်အများအပြား ကုန်ကျနေရခြင်းဟာ တိုင်းပြည်ထူထောင်ရေးလုပ်ငန်းတွေ အတွက် နှောင့်နှေးစေပါတယ်။
ဒါ့အပြင် ကျွန်တော်တို့တိုင်းပြည်မှာ ပြည်တွင်း ငြိမ်းချမ်းရေးမရှိရင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစတဲ့ အရေးအရာတွေမှာ ထိန်းညှိနိုင်ခြင်းမရှိဘဲ ဟန်ချက်တွေ ပျက်ယွင်းစေပါတယ်။ စစ်ဘေး၊ စစ်ဒဏ်ကြောင့် စစ်ပြေး၊ စစ်ရှောင်ဒုက္ခသည်တွေမှာလည်း သူတို့ရဲ့ရှိစုမဲ့စု ပိုင်ဆိုင်မှု လေးတွေကို စွန့်ခွာခဲ့ကြရပါတယ်။ ဌာနဆိုင်ရာအဖွဲ့အစည်း အသီးသီးမှ ရသမျှအထောက်အပံ့လေးတွေနဲ့ ဘဝရှင်သန် ရေးအတွက် ရပ်တည်ကြရပါတယ်။ သူတို့ရဲ့ ဘဝတွေ၊ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေပျောက်ကွယ်ကြရပါတယ်။ ဒါကြောင့် ပြည်သူလူထုရဲ့ ဘဝလုံခြုံမှုနဲ့ စိတ်လုံခြုံမှုတို့ အတွက် ကျွန်တော်တို့ လွှတ်တော်အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် အင်တိုက်အားတိုက် အစဉ်တစိုက် ထောက်ခံနေမှာဖြစ်ပါတယ်။
လေးစားအပ်တဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ
ကျွန်တော်တို့အားလုံးဟာ မရှိအတူ ရှိအတူ အေး အတူ ပူအမျှ ဥမကွဲ သိုက်မပျက် နေထိုင်လျက်ရှိကြတဲ့ ပြည်ထောင်စုကြီးရဲ့မိသားစုဝင်များ ဖြစ်ကြပါတယ်။ လူသားများဖြစ်ကြသည့် အားလျော်စွာ မိသားစုဝင် ကျွန်တော်တို့အချင်းချင်းကြားမှာ အဆင်မပြေမှုတွေ၊ ကတောက်ကဆတ်ဖြစ်မှုတွေ၊ အယူအဆကွဲပြားမှုတွေ၊ အထင်အမြင်လွဲမှားမှုတွေရှိတတ်တာဟာ သဘာဝကျပါ တယ်။ ဒါတွေကိုလည်း ကျွန်တော်တို့အားလုံး တစ်ဦးနှင့် တစ်ဦး၊ တစ်စုနှင့်တစ်စု၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ သဘောထားကြီး ခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ အပြန်အလှန်လေးစားခြင်း၊ အပြန်အလှန်နားလည်မှုရှိခြင်း၊ အပြန်လှန်ယုံကြည်မှုရှိ ခြင်းတို့ဖြင့် ပူးပေါင်းဖြေရှင်းကြပါက အောင်မြင်မှာဖြစ်ပါ တယ်။ မိသားစုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်ကို ကျွန်တော်တို့တွေ ထာဝစဉ်မွေးမြူထိန်းသိမ်း ကြလျက် စေ့စပ်ညှိနှိုင်းဆွေးနွေးကြပါက ငြိမ်းချမ်းရေး ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
လေးစားအပ်တဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ
အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး၊ လွတ်လပ် ရေးဗိသုကာကြီး၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တဲ့ (၂ဝ) ရာစုပင်လုံက လွတ်လပ်ရေးရယူပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို တည်ထောင်ပေးခဲ့ပါ တယ်။ အမျိုးသားခေါင်းဆောင်ကြီးရဲ့ သမီးဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ခေါင်းဆောင်တဲ့ (၂၁)ရာစု ပင်လုံက ကာလရှည်ကြာနေတဲ့ ပြည်တွင်းစစ်ကြီးကို ချုပ်ငြိမ်းစေပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိကာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်နိုင်ဖို့ ဦးတည်လျက်ရှိပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးကလည်း အာသာဆန္ဒပြင်းပြစွာ မျှော်လင့်နေကြပါတယ်။ ကျွန်တော် တို့နိုင်ငံမှာ ယမ်းခိုး ယမ်းငွေ့ ယမ်းနံ့တွေအစား လူ့အခွင့် အရေးရနံ့တွေ သင်းပျံ့စေချင်ကြပါတယ်။ တိုင်းရင်းသား များ အချင်းချင်းအကြား လူမျိုးကြီး၊ လူမျိုးငယ် အစွဲအလမ်း မထားဘဲ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ ဒီမိုကရေစီအသီး အပွင့်တွေ ခံစားလိုကြပါတယ်။ ပြည်ထောင်စုအတွင်း ဆယ်စုနှစ်များစွာ အနိဋ္ဌာရုံတွေ ဖုံးခဲ့တဲ့ကာလကို နိဂုံးချုပ်ပြီး ဣဋ္ဌာရုံတွေလွှမ်းတဲ့ ငြိမ်းချမ်းသာယာတဲ့ ပြည်ထောင်စုကြီးကိုပုံဖော်ကြရန် အချိန်အခါကောင်းလို့ လည်း ပြည်သူတွေယုံကြည်နေကြပါတယ်။
နယ်ပယ် အသီးသီး၌ ကျွန်တော်တို့တိုင်းရင်းသားများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ ကူညီရိုင်းပင်းမှု၊ ဝိုင်းဝန်းပံ့ပိုးမှုတို့ ဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံးနှင့် ပြည်ထောင်စုကြီးရဲ့ ဒေသအသီးသီးဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်နိုင်မည်လို့လည်း မျှော်လင့်နေကြပါတယ်။
ဒါကြောင့် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးတို့ရဲ့ စည်းလုံးညီညွတ်မှုကို ယိမ်းယိုင်ပြိုကွဲစေပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံတွင် ဒုက္ခပင်လယ်ဝေစေ လျက်ရှိတဲ့ ပြည်ထောင်စုအတွင်း စစ်မက်ဖက်ပြိုင်မှုများ အပြီးအပိုင်ချုပ်ငြိမ်းအောင် ငြိမ်းချမ်းရေးဆွေးနွေးဘက် များအကြား နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ထူထောင်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အနာဂတ်မျိုးဆက် သစ်တို့အတွက် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် အတွေး သစ် အမြင်သစ်တို့ဖြင့် စေ့စပ်ညှိနှိုင်းဆွေးနွေးနိုင်ကြပါစေ၊ တိုင်းရင်းသားများအားလုံး လက်တွဲမဖြုတ်စတမ်း စည်းလုံးညီညွတ်လျက် ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတက်ရေး၊ တည်တံ့ခိုင်မြဲရေး၊ ငြိမ်းချမ်းရေးတို့အတွက် အောင်မြင် ပြီးစီးခြင်း၏ အခြေခံအကြောင်းတရားများဖြစ်တဲ့ ပြင်းထန် သော ဆန္ဒ၊ မလျော့သောဝီရိယ၊ ခိုင်ခံ့သောစိတ်ဓာတ်၊ အမှားအမှန်ခွဲခြားနိုင်သော ဥာဏ်ပညာတို့ဖြင့် စေတနာ၊ မေတ္တာရှေ့ထား၍ ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေလို့ အလေးအနက်ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက် စကား
---------------------------------------------------------------------------------------
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ဖွင့်ပွဲအခမ်းအနားသို့ ကြွရောက်လာကြသော ဂုဏ်သရေ ရှိ ပုဂ္ဂိုလ်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာပို့သအပ် ပါတယ်။ ယခုလို သမိုင်းတွင်မယ့်အခမ်းအနားကြီးမှာ ကရင်တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ကျွန်တော်အနေနဲ့ အမျိုး သားလွှတ်တော်ဥက္ကဋ္ဌအဖြစ် အမှာစကားပြောကြားခွင့်ရတဲ့ အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဖြစ်မြောက်လာအောင် အားကြိုးမာန်တက် ဆောင်ရွက်ပေးပါသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ အဖွဲ့အစည်းအသီးသီး မှ ပုဂ္ဂိုလ်များကိုလည်း အထူးကျေးဇူးဥပကာရတင်ရှိကြောင်း ပြောကြားလိုပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးရရှိခဲ့တာ ကြာမြင့်ပြီဖြစ်ပေမယ့် ငြိမ်းချမ်းရေးမရရှိတာလည်း ကာလ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ပတ်ဝန်းကျင် က နိုင်ငံအသီးသီးဟာ ဖွံ့ဖြိုးတိုးတက်နေပေမယ့် ကျွန်တော်တို့နိုင်ငံဟာ ငြိမ်းချမ်းရေးမရရှိခဲ့လို့ ဖွံ့ဖြိုး တိုးတက်မှုမရှိခဲ့ဘဲ အရှေ့တောင်အာရှနိုင်ငံများထဲမှာ နောက်ဆုံးမှာ ဖြစ်နေရပါတယ်။ ငြိမ်းချမ်းရေးမရရှိတဲ့ အတွက် စစ်ပွဲများဖြစ်ပွားပြီး စစ်ဘေးစစ်ဒဏ်ကို အထူး သဖြင့် ခံစားနေရတာကတော့ ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ နေထိုင်နေတဲ့ဒေသများ ဖြစ်ပါ တယ်။ ငြိမ်းချမ်းရေးမရရှိတော့ ကိုယ့်ရဲ့ဒေသဖွံ့ဖြိုးတိုးတက် အောင် မလုပ်နိုင်ဘဲ စစ်ဘေးကိုရှောင်ရင်း မိမိတို့ရဲ့အိုးအိမ်၊ မိမိတို့ရဲ့ ကျေးရွာများကို စွန့်ခွာထွက်ပြေးရပြီး ဒုက္ခမျိုးစုံ ခံစားနေရတာ အားလုံးအသိပဲဖြစ်ပါတယ်။ စစ်ဘေး စစ်ဒဏ်မခံစားရတဲ့ ကျွန်တော်တို့တွေအတွက်ကတော့ ကောင်းမွန်စွာ နေထိုင်စားသောက်နေရပြီး ကလေးသူငယ် များဆိုရင်လည်း ဝတ်ကောင်းစားလှနဲ့ ပညာသင်ကြားနေရ ပေမယ့် စစ်ဘေးစစ်ဒဏ်သင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများကတော့ ဒုက္ခမျိုးစုံခံစားနေရပြီး ကလေး သူငယ်များဟာလည်း မိဘများနဲ့အတူ ဒုက္ခမျိုးစုံကို ရင်စည်းခံစားနေကြရပါတယ်။ မီဒီယာစာမျက်နှာများမှာ လည်း စစ်ဘေးစစ်ဒဏ်ကြောင့် ဒုက္ခရောက်နေကြရတဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများရဲ့ ပုံရိပ်များ၊ ကလေးသူငယ်များရဲ့ သနားစရာပုံရိပ်တွေကို တွေ့မြင်နေရလို့ များစွာစိတ်မချမ်းမသာ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း နိုင်ငံသူနိုင်ငံသားအားလုံးက ငြိမ်းချမ်းရေး ရရှိရေးကို မျှော်လင့်စောင့်စားနေကြပါတယ်။
အဲသလို နိုင်ငံသူနိုင်ငံသားအားလုံး မျှော်လင့်တောင့်တ နေတဲ့ ငြိမ်းချမ်းရေးဟာ အခုဆိုရင် လက်တစ်ကမ်းအကွာ မှာ ရောက်ရှိလို့နေပြီ ဖြစ်ပါတယ်။ လက်တစ်ကမ်းအကွာမှာ ရောက်ရှိနေပြီဖြစ်တဲ့ နိုင်ငံသူ နိုင်ငံသားအားလုံးကလည်း လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံမှာ ပါဝင်ဆွေးနွေး ကြမယ့် တိုင်းရင်းသားခေါင်းဆောင်များ၊ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များအနေနဲ့ ရယူပေးကြပါလို့ မေတ္တာရပ်ခံပန်ကြား လိုပါတယ်။ ငြိမ်းချမ်းရေးကိုရယူဖို့ ဆွေးနွေးကြရာမှာ စစ်ဘေးစစ်ဒဏ်ကြောင့် ဒုက္ခမျိုးစုံခံစားနေကြရတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ ကလေးသူငယ် များဟာ ငါ့ရဲ့ဘိုးဘွားများဖြစ်ခဲ့ရင်၊ ငါ့ရဲ့မိခင်ဖခင်များ ဖြစ်ခဲ့ရင်၊ ငါ့ရဲ့ညီအစ်ကိုမောင်နှမများဖြစ်ခဲ့ရင်၊ ငါ့ရဲ့ သားသမီးမြေးမြစ်များဖြစ်ခဲ့ရင်ဆိုတဲ့အတွေးနဲ့ ပြည်သူ လူထုကိုဦးစားပေးတဲ့ စိတ်ထားများမွေးမြူပြီး မိမိတို့ရဲ့ အတ္တမာန်မာနများကိုဖယ်ရှားကာ ငြိမ်းချမ်းရေးကို မရရ အောင်ယူမယ်ဆိုတဲ့ ခိုင်မာတဲ့သန္နိဋ္ဌာန်ချမှတ်ပြီး ဆောင်ရွက်ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံလိုပါတယ်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်များဟာ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ညှိနှိုင်း တိုင်ပင်လို့ ပေါ်ပေါက်လာတဲ့ ပင်လုံစာချုပ်ကြောင့် ကျွန်တော်တို့ရဲ့ နိုင်ငံတော်ကြီးလွတ်လပ်ရေးရရှိခဲ့တာ အားလုံးအသိ ဖြစ်ပါတယ်။ အဲဒီ အစဉ်အလာကောင်းကို နာမူနာယူပြီး ယခု (၂၁)ရာစုပင်လုံမှာ ငြိမ်းချမ်းရေးရရှိ အောင် ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဆွေးနွေးတိုင်ပင်ညှိနှိုင်း ပေးကြပါလို့လည်း မေတ္တာရပ်ခံအပ်ပါတယ်။
ငြိမ်းချမ်းရေး ရရှိမှလည်း ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားအားလုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် သစ်ကို ထူထောင်နိုင်မှာဖြစ်ပါတယ်။
ယခုကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမျိုးဟာ နောင်မှာ ပေါ်ပေါက်လာဖို့မလွယ်ကူတာကြောင့် ပေါ်ပေါက်လာတဲ့ အခုလိုအချိန်အခါကောင်းမှာ နိုင်ငံသူ နိုင်ငံသားအားလုံး လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေး ကို အရယူပေးရင်း မိမိတို့ရဲ့လှပတဲ့သမိုင်းကို ရေးထိုးပေးကြ ပါလို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ မှာ ပါဝင်ဆွေးနွေးကြမယ့် တိုင်းရင်းသားခေါင်းဆောင် များ၊ အဖွဲ့အစည်းအသီးသီးမှ ဂုဏ်သရေရှိပုဂ္ဂိုလ်များကို မေတ္တာရပ်ခံပန်ကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်စကား
----------------------------------------------------------------------------------
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံသူ နိုင်ငံသားများအားလုံးရဲ့ ကောင်းမွန်ပြည့်စုံတဲ့ အနာဂတ်ဖော်ဆောင်နိုင်ရေးအတွက် ဆွေးနွေးချမှတ်ကြမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံအခမ်းအနားကြီးမှာ ယခုလို နှုတ်ခွန်းဆက်စကားပြောကြားခွင့်ရတဲ့အတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ အခမ်း အနားကို တက်ရောက်လာကြသူများအားလုံးနဲ့ ပြည်ထောင်စုသားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး ''နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ''လို့ နှုတ်ခွန်း ဆက်သအပ်ပါတယ်။
ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရရှိခဲ့တာဟာ ယခု ဆိုရင် ၆၈ နှစ်ကျော်ခဲ့ပြီဖြစ်လို့ လူ့သက်တမ်းတစ်ခုနီးပါး တိုင်ရှိခဲ့ပြီဖြစ်ပါတယ်။ သို့သော်လည်းပဲ အဲဒီအချိန်ကာလ နဲ့ညီမျှတဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုမရရှိ သေးတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။အကြောင်းအရင်း ကို ဆန်းစစ်ကြည့်မယ်ဆိုရင် ''ပြည်တွင်းငြိမ်းချမ်းရေး'' တစ်နည်းအားဖြင့် တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ တည်ငြိမ်အေးချမ်းမှုမရှိသေးခြင်းဟာ အဓိကကျတဲ့ အကြောင်းအရာတစ်ရပ်ဖြစ်တယ်ဆိုတာ ငြင်းကွယ်လို့ မရတဲ့ အရှိတရားပဲဖြစ်ပါတယ်။ ဒီအတွက်လည်း ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ ခေတ်အဆက်ဆက် နိုင်ငံ့ ခေါင်းဆောင်များက ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ ချမှတ်ကျင့်သုံးခဲ့တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာများ ကွဲပြား ခြားနားကြသော်လည်း ''တစ်မျိုးသားလုံး ခိုင်မာတဲ့စည်းလုံး ညီညွတ်မှု တည်ဆောက်နိုင်ရေး''အတွက် အစဉ်တစိုက်ဦးတည်ကြိုးပမ်းလုပ်ဆောင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြီးပြည့်စုံတဲ့ စုစည်းညီညွတ်မှုနဲ့ တည်ငြိမ်အေးချမ်းမှုကို မတည်ဆောက်နိုင်သော်လည်း ခေတ်ကာလအလိုက် ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်မှု တည်ဆောက်ရေးကြိုးပမ်းမှု ရလဒ်မှတ်တိုင်များကိုတော့ အသီးသီးစိုက်ထူနိုင်ခဲ့ကြပါတယ်။
တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးကျင်းပနိုင်ခဲ့ခြင်းနဲ့ ဒီကနေ့အခမ်းအနားကြီး ကျင်းပပြုလုပ်နိုင်ခြင်းတို့ဟာလည်း လက်ရှိလျှောက်လှမ်း နေတဲ့ ပါတီစုံဒီမိုကရေစီခေတ်ကာလ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ ကြိုးစားအားထုတ်မှုများရဲ့ အောင်မြင်မှု ရလဒ်များပဲ ဖြစ်ပါတယ်။
နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်မှု တည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာ တပ်မတော်အနေနဲ့ ခေတ်အဆက်ဆက် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ပါတယ်။ ယုံကြည်ချက်၊ ခံယူချက်နဲ့ သဘောထားအမြင် တွေ ဘယ်လောက်ပဲကွဲပြားခြားနားနေပါစေ ''ငြိမ်းချမ်းရေး ကို မဖြစ်မနေရယူလိုစိတ်''အပေါ်အရင်းခံပြီး ကျွန်တော်တို့ ခိုင်ခိုင်မာမာရပ်တည်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ စစ်ရဲ့ အနိဋ္ဌာရုံတွေ၊ မငြိမ်းချမ်းမှုရဲ့ ဆိုးကျိုးတွေကို ပင်ပန်း ဆင်းရဲမှု၊ သွေး၊ ချွေး၊ အသက်ခန္ဓာပေးဆပ်မှုတွေ၊ ဘဝ တွေနဲ့ရင်းပြီး တိုက်ရိုက်ခံစားရသူတွေဟာ ကျွန်တော်တို့ တပ်မတော်သားများနဲ့ တိုင်းရင်းသားလက်နက်ကိုင် ညီနောင်သားချင်းတွေပဲ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော် တို့ လက်ထက်မှာ နိဋ္ဌိတံအဆုံးသတ်ဖို့ လိုအပ်နေပြီဖြစ်ပါ တယ်။ ဒီလုပ်ငန်းစဉ်ကြီးကို ကျွန်တော်တို့အားလုံးရဲ့ စုစည်းညီညွတ်မှုစွမ်းအားနဲ့ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်လိမ့်မယ်လို့လည်း အလေးအနက် ယုံကြည်ပါတယ်။ ဒီအတွက်ကြောင့် တပ်မတော်အနေနဲ့ ''ငြိမ်းချမ်းရေးကို မဖြစ်မနေရယူလိုစိတ်''အပေါ် အရင်း ခံပြီး ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်နေကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။
လက်ရှိအမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာမှာလည်း တပ်မတော် အနေနဲ့ ဒို့တာဝန်အရေးသုံးပါးအပေါ် အခြေခံပြီး နိုင်ငံရဲ့ ပကတိလိုအပ်ချက်ဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒ ၃ ရပ်အပေါ်မှာ ရပ်တည်ပြီး အဖွဲ့အစည်းမျိုးစုံနဲ့ လက်တွဲပူးပေါင်းပါဝင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ဒီလုပ်ငန်းရပ်များအောင်မြင်ဖို့ အစွမ်းကုန် ဆောင်ရွက်သွားပါမယ်။ ဖြစ်နိုင်သည်များအားလုံးလည်း ညှိနှိုင်းဆောင်ရွက်သွားပါမယ်။ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ဟာဆိုရင်လည်း ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ အတိတ်သမိုင်းကြောင်းတစ်လျှောက်မှာ တွေ့ကြုံသိမြင်ခံစားခဲ့ရတာတွေကို လက်ရှိအခြေအနေ တွေနဲ့ယှဉ်ပြီး သုံးသပ်ဖော်ထုတ်တားတာဖြစ်လို့ နှစ်ဖက် စလုံးက လိုက်ပါလုပ်ဆောင်သင့်တဲ့ အခြေခံအချက် အလက်များပဲ ဖြစ်ပါတယ်။ ဒီမူဝါဒတွေကို နှစ်ဦးနှစ်ဖက် ပူးပေါင်းလိုက်နာဆောင်ရွက်ခြင်းဖြင့် စစ်မှန်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိစေဖို့ အထောက်အကူပြုသည့်အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို ပိုမိုခိုင်မာအားကောင်းလာစေမှာပဲ ဖြစ်ပါတယ်။
ယခုကျင်းပပြုလုပ်တဲ့ညီလာခံကြီး ဖြစ်မြောက်လာဖို့ အတွက် လူပုဂ္ဂိုလ်မျိုးစုံ၊ အဖွဲ့အစည်းပေါင်းစုံတို့ဟာ အချိန်၊ လုပ်အား၊ ငွေကြေးများစွာသုံးစွဲပြီး တွေ့ဆုံညှိနှိုင်းမှု၊ ဆွေးနွေးမှုတွေကို ပြည်တွင်းမှာရော ပြည်ပမှာပါ ကြိမ်ဖန် များစွာ လုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။ လူပုဂ္ဂိုလ်အဖွဲ့ အစည်းအသီးသီးရဲ့ မတူကွဲပြားခြားနားတဲ့ ရပ်တည်ချက် များ၊ သဘောထားအမြင်များနဲ့ လိုလားချက်ဆန္ဒများစွာ တို့ကို အကြိမ်ကြိမ်အခါခါ တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေ ရှာပြီးမှ လက်ရှိအခြေအနေကို ရောက်ရှိလာခဲ့တာဖြစ်ပါ တယ်။ အဖွဲ့အစည်းအသီးသီးမှာ သတ်မှတ်ထားတဲ့ ရည်မှန်းချက်၊ ချမှတ်ထားတဲ့ မူဝါဒရပ်တည်ချက်တွေ ရှိကြမှာပဲဖြစ်ပါတယ်။
ဒါတွေကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် ကြရာမှာ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းမကျနိုင်တာတွေ လည်း ရှိပါလိမ့်မယ်။ အဲဒီအခါမှာ ဖြတ်သန်းခဲ့ရတဲ့ သမိုင်း ကြောင်း၊ ရင်ဆိုင်ဖြေရှင်းခဲ့ရတဲ့ အတွေ့အကြုံများ၊ အမျိုးသားရေးစရိုက်လက္ခဏာများ၊ ပြောင်းလဲနေတဲ့ ပထဝီ နိုင်ငံရေးအခြေအနေများ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ ရေးရာဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေပေါ်မူတည်ပြီး ဖြစ်နိုင်တာ၊ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို မှန်မှန်ကန်ကန် သုံးသပ်လုပ်ဆောင်ကြဖို့ အကြံပြုတိုက်တွန်းလိုပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ ပါတီစုံဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် ခိုင်မာစွာထူထောင်နိုင်ဖို့ ဒီမိုကရေစီယဉ်ကျေးမှု နဲ့ ကျင့်စဉ်များကို ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲပြီး ကတည်းက အရှိန်အဟုန်နဲ့ဆောင်ရွက်နေတဲ့နိုင်ငံ ဖြစ်ပါ တယ်။ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းဖို့ အတွက် ၂ဝ၁၁ ခုနှစ်မှာကတည်းက ပြည်သူရွေးချယ်တဲ့ အစိုးရထံကို စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ယခုဆိုရင် ပထမ ၅ နှစ်သက်တမ်းကို လွန်မြောက်လို့ ဒုတိယ ၅ နှစ်သက်တမ်းကို ဆက်လက်လျှောက်လှမ်းနေပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လိုအပ်ချက်များကို နိုင်ငံရေး လမ်းကြောင်းအရ တစ်နည်းအားဖြင့် အစိုးရ၊ လွှတ်တော် လမ်းကြောင်းများကသာ ဒီမိုကရေစီနည်းလမ်းတကျ တောင်းဆိုရယူကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီရဲ့ အခြေခံမူများဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်နဲ့ အသင်းအဖွဲ့များဖွဲ့စည်းခွင့် စတာ တွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေနိုင်ပြီဖြစ်ပါ တယ်။ ဒီလိုဒီမိုကရေစီနည်းလမ်းတကျ လုပ်ကိုင်ဆောင် ရွက်နိုင်ပြီဖြစ်တဲ့ အခြေအနေအချိန်အခါမျိုးမှာ လက်နက် စွဲကိုင်ပြီး မိမိတို့လိုချင်တာကို တောင်းဆိုတာမျိုး၊ လက်နက် ကိုင်လမ်းစဉ်ကိုဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲကြီးမားစွာ ဖြင့် မိမိတို့ရဲ့ဆန္ဒကိုသာ ဦးစားပေးဖော်ဆောင်ဖန်တီးနေ တာမျိုးတွေဟာ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ် ဆိုတာကို အလေးအနက်သတိပြုရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ယခုအခါမှာ ပါတီစုံဒီမိုကရေစီလမ်း ကြောင်းပေါ်မှာ လျှောက်လှမ်းနေပါတယ်။ ဒီလမ်းကြောင်း ဟာ ပြည်သူတွေရဲ့ဆန္ဒနဲ့အညီ ရွေးချယ်လျှောက်လှမ်းခြင်း ဖြစ်ပြီး ဒီစနစ်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ ခိုင်ခိုင်မာမာရှိဖို့ လိုပါတယ်။ ဒီမိုကရေစီကျင့်သုံးတဲ့ ကမ္ဘာ့နိုင်ငံတချို့ရဲ့ ဖြစ်ပေါ်မှုများအပေါ်မှာ သင်ခန်းစာရယူပြီး ကျွန်တော်တို့ နိုင်ငံဟာ တည်ငြိမ်အေးချမ်းစွာနဲ့ တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့လိုပါတယ်။
ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ စိုးရိမ်ပူပန်မှုကိုလည်း နားလည် ပါတယ်။ ကျွန်တော်တို့အားလုံးရဲ့ဆန္ဒက တိုင်းရင်းသား ပြည်သူအားလုံးအတွက် ညီညွတ်မျှတတဲ့ လူမှုစီးပွားဘဝ လုံခြုံရေးနဲ့ အာမခံချက်ရရှိရေးဟာ အဓိကဖြစ်ပါတယ်။ အေးချမ်းစွာနေထိုင်ပြီး ကောင်းမွန်စွာလုပ်ကိုင်ဆောင်ရွက် နိုင်ခြင်းဖြင့် မိမိဘဝတိုးတက်ရန်ဖြစ်ပါတယ်။ ပြည်နယ် ကြီး/ငယ်၊ ဒေသကြီး/ငယ်၊ လူဦးရေများခြင်း/နည်းခြင်း၊ သယံဇာတများခြင်း/နည်းခြင်း၊ လူမှုစီးပွားကွာခြားခြင်း တို့အပေါ် အခြေခံမှုလုံးဝမပြုလုပ်ဘဲ တိုင်းရင်းသား အားလုံး ညီညွတ်မျှတတဲ့အကျိုးခံစားရဖို့ ဆောင်ရွက်ကြရ ပါမယ်။ ကွဲပြားခြားနားမှုမရှိ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အချိန်တော့ပေးရပါလိမ့်မယ်။ မိမိတို့လိုလားချက်ကို ရင်းနှီး ပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာကြရပါမယ်။
ဒီနေ့ကျင်းပတဲ့ညီလာခံကြီးဟာ လပေါင်းများစွာ အချိန်ယူဆောင်ရွက်ခဲ့တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ၊ တွေ့ဆုံမှုတွေနဲ့ အကြိမ်ကြိမ်အပြန်အလှန်ယုံကြည်မှုတည်ဆောက်ခဲ့ခြင်းရဲ့ ရလဒ်တွေပဲဖြစ်ပါတယ်။ အခုအချိန်ကာလမှာ ကျွန်တော်တို့ရဲ့အားသာချက်ကတော့ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိအတည်ပြုပေးနိုင်ခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ရှိနေခြင်းဖြစ်ပါတယ်။ ဒီစာချုပ်မှာပါတဲ့ အချက်အလက် အများစုဟာ စာချုပ်ရေးဆွဲတဲ့ ကာလတစ်လျှောက် အတူတကွပါဝင်ခဲ့တဲ့ တိုင်းရင်းသားအဖွဲ့အစည်းများရဲ့ တောင်းဆိုချက်တွေကို အဓိကအခြေခံထားရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ယခုပြန်လည်ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံနဲ့ ဆက်လက်ကျင်းပမယ့် အစည်းအဝေးများမှာလည်း ဒီ NCA ကိုပဲ အခြေခံမူအဖြစ် ဆက်လက်ထားရှိဆောင် ရွက်သွားဖို့လိုအပ်ကြောင်း ပြောကြားလိုပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာမှာ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးစီးပွား ကို ထာဝစဉ်ရှေးရှုပြီး စိတ်စေတနာထက်ထက်သန်သန်နဲ့ အချိန်တိုအတွင်း အကောင်အထည်ဖော်ကြဖို့ အကြံပြု လိုပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ လိုအပ်တာ ထက်ပိုပြီး အချိန်ကြာလာရင် ဘေးပယောဂတွေ၊ ဝင်ရောက်စွက်ဖက်မှုတွေ၊ ကြိုးကိုင်ခြယ်လှယ်လိုတာတွေ ပိုမိုလာနိုင်ပြီး ရှိရင်းစွဲယုံကြည်မှုတည်ဆောက်ပြီးသား အရာများ ပျောက်ပျက်နိုင်ခြင်း၊ ပွတ်တိုက်မှုများ များပြား လာနိုင်ခြင်းတို့ကြောင့် ယခုလိုအကြံပြုပြောကြားရခြင်း ဖြစ်ပါတယ်။
ဒီညီလာခံခန်းမတွင်းမှာ ရောက်ရှိနေကြတဲ့ ကျွန်တော် တို့တစ်တွေရဲ့တာဝန်ဟာ အလွန်ကြီးမားလှပါတယ်။ ကျွန်တော်တို့အပေါ် တစ်နိုင်ငံလုံးရဲ့မျှော်လင့်ချက်ဟာ လည်း မြင့်မားလှပါတယ်။ အမျိုးသားပြန်လည်သင့်မြတ် ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာမှာ လူမျိုးစွဲ၊ ဒေသစွဲ၊ အယူဝါဒစွဲ စတဲ့အစွဲအလမ်းတွေ ကင်းရှင်းစွာနဲ့ အောင်မြင်ပြီးမြောက်သည်အထိ တာဝန်ယူ ဆောင်ရွက်ကြမည့်သူများအဖြစ် ပြည်သူတို့က အသိ အမှတ်ပြုခံထားရသူတွေလည်း ဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒ ကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်တော်တို့ဟာ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ပြီး ထာဝရငြိမ်းချမ်းရေးကိုရရှိ စေနိုင်မယ့် သဘောတူညီမှုတွေကို ဆွေးနွေးညှိနှိုင်းရရှိမယ် လို့ ယုံကြည်ပါတယ်။ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်း မှာသာရှိပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားအားလုံး ဟာ ညီရင်းအစ်ကိုများဖြစ်တဲ့အတွက် မတူကွဲပြားမှုတွေကို ပြည်ထောင်စုစိတ်ဓာတ်ပေါ်အခြေခံပြီး ညှိနှိုင်းအဖြေရှာ သွားရမှာဖြစ်ပါတယ်။ စိုးရိမ်မှုနဲ့ သံသယစိတ်တွေကို ယုံကြည်မှုတည်ဆောက်ခြင်းဖြင့် ဖယ်ရှားသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် အဓိကနှလုံးသွင်းကြ ရမယ့် အချက်နှစ်ချက်ကတော့ ''တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးမဟာဗျူဟာကို မျက်ခြည်မပြတ်ကျင့်သုံးခြင်း'' နဲ့ ''ထာဝရငြိမ်းချမ်းရေးရယူရန်အတွက် အမှန်တကယ် ဆန္ဒရှိခြင်း''တို့ပဲဖြစ်ပါကြောင်းပြောကြားရင်း နိဂုံးချုပ်လိုက် ပါတယ်။
ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment