Friday, September 30, 2016

ဗြဟ္မစိုရ်တရားထွန်းကားသောကာလ

Image may contain: text


မျက်မှောက်ကာလ လူ့ဘောင်လောက၌ လောဘ၊ ဒေါသ၊ မောဟတရားများ အားကြီးလာသောကြောင့် လူတို့စိတ်နှလုံး မချမ်းမြေ့ဖွယ်ရာများ ကြုံတွေ့ လာကြသည်။ ထိုမကောင်းမှုများ အားကောင်းလာသောကြောင့် နောင်လာမည့်ကာလများ၌ လူအများစုတွင် လူကောင်းသူကောင်း ရှာတွေ့နိုင်ဖို့ပင် မလွယ်ကူနိုင်တော့သည့် အခြေအနေဖြစ်သည်။ လူကောင်းသူကောင်း ခေတ်ဆိုသည်မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဤတရားသုံးပါး ထွန်းကားသော ခေတ်ပင်တည်း။
ယခုလက်ရှိတွင်ကား တစ်ဦးအပေါ်တစ်ဦး ကောင်းကျိုးလိုလားသော မေတ္တာအစစ် နည်းပါးနေသည်ဟု ဆိုနိုင်သည်။ မေတ္တာမရှိလျှင် ဆင်းရဲ နွမ်းပါးဒုက္ခရောက်နေသူနှင့်ကြုံတွေ့သောအခါ ကိုယ်ချင်းစာတရား၊ ကရုဏာတရား မထားနိုင်ပါ။ ကိုယ့်ထက်သာ၍ မြင့်မားသောသူ၊ ချမ်းသာသူကိုမြင်သောအခါတွင်လည်း ဝမ်းမြောက်ဝမ်းသာ မုဒိတာလည်း မဖြစ်နိုင်တော့ပါ။ ယခုဖြစ်နေသည်မှာ တစ်ဦးအပေါ်တစ်ဦး မေတ္တာတရား မထားနိုင်ဘဲ လောဘ၊ ဒေါသ၊ မောဟများ ဖိစီးနေသောကြောင့် လူအချင်းချင်း နှိပ်စက်ခြင်း၊ လူအချင်းချင်း လှည့်ပတ်ခြင်းများ တိုးပွားလာသည်ကို တွေ့မြင်နေရသည်။
ထို့အပြင် တစ်ယောက်ကောင်းစားသည်ကို အခြားတစ်ယောက်က မနာလိုသော ဣဿာ၊ မိမိကဲ့သို့ ကြီးပွားမည်ကို စိုးရိမ်သော မစ္ဆရိယ၊ အထက်တန်းရောက်နေသူက စိတ်ကြီးဝင်နေသော အထက်တန်းမာန၊ အောက်ကျနေသူကလည်း ''ဘာအရေးစိုက်ရမှာတုန်း'' ဟူသော အောက်တန်း မာနများ ဝေဝေဆာဆာဖြစ်နေသည်ကို မြင်တွေ့နေရသည်။ ထိုမျှမက မျက်မှောက်လောကတွင် လိုချင်ဖွယ်၊ ခံစားဖွယ် ကာမဂုဏ်အာရုံများမှာ တိုးပွားလာသလောက် လူတို့၏သန္တာန်၌ လောဘစိတ်များလည်း ကြီးမားလာသည်။ လောဘအလို နောက် ဒေါသပါလာသောအခါ သတ်မှု၊ ဖြတ်မှု၊ တိုက်ခိုက်မှုများ ဖြစ်လာလေသည်။
ထိုသို့သောအခြေအနေမျိုးတွင် လူကောင်းသူကောင်းများ ပေါ်ထွက်လာသည်ကို မြင်တွေ့လာရာ လူ့ဘောင်လောကအတွက် အားတက်ဝမ်းမြောက်စရာများဟု ဆိုရမည်ဖြစ်သည်။ ထိုလူကောင်းသူကောင်းများမှာ သက်ကြီးရွယ်အိုများမဟုတ်ဘဲ လူငယ်လူရွယ်များဖြစ်နေသည်မှာ စံပြုဖွယ်ဖြစ်သည်။ ၎င်းတို့မှာ ချမ်းသာသူများလည်းမဟုတ်၊ အတန်အသင့် လူလတ်တန်းစားများဖြစ်ပြီး ကိုယ်ထူးကိုယ်ချွန် ကိုယ့်ဝန်ကိုယ်ထမ်း နေကြသူများဖြစ်သည်။
သာဓကအားဖြင့် မကြာသေးမီရက်ပိုင်းက ငါးကင်ရောင်းပြီး ရရှိသည့်ဝင်ငွေဖြင့် အများပြည်သူ အသိအမြင်တိုးပွားစေရေးကိုရည်ရွယ်၍ အခမဲ့စာကြည့်တိုက်များ တည်ထောင်ပေးသူလူငယ်တစ်ဦး၊ နောက် နှစ်ဦးမှာ ဆင်းရဲနွမ်းပါးသည့် ကျေးလက်ဒေသမှ အိမ်အကူမိန်းကလေးငယ် နှစ်ဦးအား လူသားချင်းစာနာထောက်ထားမှုကင်းမဲ့စွာဖြင့် နှစ်ရှည်လများ အနိုင်ကျင့်နှိပ်စက်သူတို့အား စွန့်စွန့်စားစားအမှုမှန်ဖော်ထုတ်ပေးခဲ့ သူတစ်ဦးနှင့် အငှားယာဉ်ပေါ်တွင် ကျန်ရစ်သော သိန်းထောင်ချီတန်ဖိုး ရှိသည့် ရတနာထုပ်ကို ပိုင်ရှင်ဖြစ်သူအား ပြန်လည်ပေးအပ်ခဲ့သည့် အငှား ယာဉ်မောင်းလူငယ်တစ်ဦးတို့၏ ကောင်းသတင်းများပင်ဖြစ်သည်။
ယခုရက်ပိုင်းမှသိရှိလိုက်ရသော မွန်မြတ်သောစိတ်ထားများထားရှိခဲ့သည့် အဆိုပါလူငယ်များအား သက်ဆိုင်ရာတို့ကလည်း ဂုဏ်ပြုချီးကျူး ခဲ့ကြသလို ပြည်သူတစ်ရပ်လုံးကလည်း ချီးကျူးထောမနာပြုခဲ့ကြသည်။ ၎င်းတို့၏စေတနာ၊ မေတ္တာ၊ ကရုဏာများမှာ ယခုကဲ့သို့ကာလမျိုးတွင် ရှားရှားပါးပါး ထူးထူးခြားခြား အသိအမှတ်ပြုရမည်ဖြစ်သည်။ နတ်လူသာဓု ခေါ်ဆိုရမည်ဖြစ်သည်။
ထိုကဲ့သို့သော မသိမမြင်၊ မကြားသိရသေးသော စေတနာရှင်၊ မေတ္တာရှင်များလည်း နိုင်ငံတစ်ဝန်း မြောက်မြားစွာရှိပေလိမ့်မည်။ မမြင်မတွေ့ မကြားသိရသော်လည်း ကောင်းမြတ်သော လုပ်ဆောင်မှုများအတွက် ကောင်းချီးသြဘာပြုပါသည်။ ယခုကဲ့သို့မွန်မြတ်သောစိတ်ထားများဖြင့် အကျိုးဆောင်ပေးခဲ့သော လူငယ်များ၏ဆောင်ရွက်ချက်များမှာ နမူနာစံပြ လုပ်ဆောင်မှုများသာဖြစ်ပြီး လောဘ၊ ဒေါသ၊ မောဟ ထူပြောလာသော မျက်မှောက်ကာလ မြန်မာ့လူ့ဘောင်လောက၌ ထိုသို့သော လူကောင်း သူကောင်း လူငယ်လူကြီးများ ထပ်မံထွက်လာရေး ပါဝင်ကြိုးပမ်းအားထုတ်ကြရန် ဆန္ဒပြုအပ်ပါသည်။ ။

No comments:

Post a Comment