Friday, September 30, 2016

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်နှင့်အဖွဲ့အား ရုံးထုတ်စစ်ဆေး




 
 
 
သတင်း-မြင့်မောင်စိုး ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

ရန်ကုန် စက်တင်ဘာ ၂၉

ကျောက်တံတား မြို့မရဲစခန်း၌ အိမ်အကူအမျိုးသမီးငယ်နှစ်ဦးအား ညှဉ်းပန်းနှိပ်စက် ခဲ့မှုနှင့်ပတ်သက်၍ ကျောက်တံတားမြို့နယ် အင်းဝအပ်ချုပ်ဆိုင်မှ ဆိုင်ပိုင်ရှင် ဒေါ်တင် သူဇာအပါအဝင် ငါးဦးအမှုနှင့် ယင်းအမှုနှင့်သက်ဆိုင်သည့် ဒေါ်သီရိလတ်တို့အား စွဲဆိုထားသောအမှုများအပေါ် ယနေ့နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံး ၌ ရုံးထုတ်အမှုစစ်ဆေးခဲ့သည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ဒုတိယရဲမှူးကြီးမျိုးသိန်းက တရားလိုပြုလုပ်ကာ ဒေါ်တင်သူဇာအပါအဝင် ငါးဦးအား ရာဇဝတ်ကြီး အမှုအမှတ် ၁၁ဝ/၁၆ ဖြင့် လည်း ကောင်း၊ ဒေါ်သီရိလတ်အား ရာဇဝတ်အထွေထွေအမှု ၆၂/၁၆ ဖြင့် လည်းကောင်း ခရိုင်တရားသူကြီးက အမှုဖွင့်စစ်ဆေးသည်။
ယင်းအပ်ချုပ်ဆိုင်မှ ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာ ၊ခင်ပွန်း ကိုလတ်(ခ) မိုဟာမက် ရှဖီး၊ သား တင်မင်းလတ်(ခ) ဖိုက်ဇယ်၊သမီး မစုမွန်လတ်၊ ရာဇာထွန်းနှင့် မသီရိလတ် တို့အား ကျောက်တံတားမြို့မရဲစခန်း၌ စက်တင်ဘာ ၂ဝ ရက်တွင် (ပ) ၁၉၃/၂ဝ၁၆
လူကုန်ကူးမှုတားဆီးရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် စက်တင်ဘာ ၂၂ ရက်တွင် လူမှုဝန်ထမ်းဦးစီးဌာနက ဒေါ်တင်သူဇာ၊ တင်မင်း လတ်(ခ) ဖိုက်ဇယ်၊ စုမွန်လတ်တို့သုံးဦးအား ကလေးငယ်ဥပဒေပုဒ်မ ၆၆(ဃ) အရ ကျောက်တံတားမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ကြောင်း၊ ဖမ်းဆီးရမိ ထားသော ဒေါ်တင်သူဇာ၊ တင်မင်းလတ်(ခ) ဖိုက်ဇယ်၊ မစုမွန်လတ်၊ ရာဇာထွန်းနှင့် ကိုလတ်(ခ) မိုဟာမက်ရှဖီးတို့ငါးဦးအား ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ လူကုန်ကူးမှုတားဆီးရေးဥပဒေပုဒ်မ ၂၄/၂၉/၃၂ ဖြင့် လည်းကောင်း၊ ထွက်ပြေး တိမ်းရှောင်နေသူ သီရိလတ်အား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ အပြင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ တရားစွဲဆိုတင်ပို့ခဲ့ကြောင်း။
အလားတူ စက်တင်ဘာ ၂၂ ရက် ညပိုင်းတွင် ဒေါ်တင်သူဇာအပါအဝင် ခြောက်ဦး အား (ပ) ၂ဝ၁/၂ဝ၁၆ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၅/၁၁၄ တို့ဖြင့် ထပ်မံအမှုဖွင့် ခဲ့ပြီး ဥပဒေအကြံပြုချက်နှင့်အညီ တရားစွဲတင်ပို့နိုင်ရေးဆောင်ရွက်ခဲ့ကြောင်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့မှသိရသည်။
သို့သော်လည်း ထွက်ပြေးတိမ်းရှောင်နေသူ ဒေါ်သီရိလတ်မှာလည်း စက်တင်ဘာ ၂၈ ရက် ညပိုင်းက ကျောက်တံတားရဲစခန်း၌ လာရောက်အဖမ်းခံခဲ့သဖြင့် တရားစွဲဆိုထားသော တရားခံခြောက်ဦးစလုံး စုံသွားပြီဖြစ်၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ တစ်ပေါင်းတစ်စည်းတည်း ရုံးထုတ်စစ်ဆေး ခဲ့သည်။

တရားခံများအား စွဲဆိုထားသော အမှုများနှင့်ပတ်သက်၍ စစ်ဆေးသွားမည်ဖြစ် ကြောင်း၊ တရားခံများဘက်မှ ရှေ့နေများငှားရမ်းနိုင်ပြီဖြစ်ကြောင်း၊ အမှုများကို ယင်းအနောက်ပိုင်းခရိုင်တရားရုံး၌ အပတ်စဉ် ကြာသပတေးနေ့တိုင်း ရုံးထုတ်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment