Thursday, September 1, 2016

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ ပထမနေ့ အစည်းအဝေးစတင်ကျင်းပ



Image may contain: crowd, one or more people and indoor


နေပြည်တော် သြဂုတ် ၃၁

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ ပထမနေ့ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟို ဌာန -၂ (MICC-2) တွင် စတင်ကျင်းပရာ သဘာပတိ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစု ပင်လုံအကြိုပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက အဖွင့်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက UPDJC ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုများအား အစီရင်ခံစာတင်သွင်းရာ ''ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဆိုတာ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ ပါရှိတဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကို ကြီးကြပ်လမ်းညွှန်ဖို့ တာဝန်ပေးအပ်ခြင်းခံရ တဲ့ ကော်မတီတစ်ရပ်ဖြစ်ပါတယ်။ ကော်မတီကို အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့ကိုယ်စားလှယ် ၁၆ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အစုအဖွဲ့ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စားလှယ် ၁၆ ဦး စုစုပေါင်း ၄၈ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ သတ္တမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေးမှာ ဆုံးဖြတ်ချက် ၁၉ ခုကို ချမှတ်နိုင်ခဲ့ပါတယ်။

ဆုံးဖြတ်ချက် (၁) မှာ ''ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ နဲ့သက်ဆိုင်နေပြီး အားလုံးပါဝင်၍ အားလုံးပိုင်ဆိုင်သော ငြိမ်းချမ်းရေးဖြစ်စဉ် စတင်နိုင်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရန်တို့ဖြစ်ပါတယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကတော့ ညီလာခံပြီးပြီးချင်း ဆောင်ရွက်ရမယ့် နိုင်ငံရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ပါ။ အဲဒါက နံပါတ် (၁၄) မှာပါတဲ့ ''ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ ပထမအစည်းအဝေး ကျင်းပပြီးတာနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို စတင်ကျင်းပရန် သဘောတူသည်'' ဆိုတဲ့အချက်ပါ။ UPDJC ရဲ့ လုပ်ငန်းဆောင်ရွက်ချက်အားလုံးနဲ့ အစည်းအဝေးဆုံးဖြတ်ချက်အားလုံးကို ၂ဝ၁၆ ခုနှစ် သြဂုတ်လမှာ ကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) မှာ အတည်ပြုချက်ရယူပြီးဖြစ်ကြောင်း ဤညီလာခံကြီးသို့ လေးစားစွာ အစီရင်ခံတင်ပြ အပ်ပါတယ်''ဟု ပြောကြားသည်။

ထို့နောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ လေ့လာစောင့်ကြည့်ရေး ပူးတွဲကော်မတီ (JMC) ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်ပတ်သက်၍ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က "JMC ရဲ့ ဖွဲ့စည်းပုံကို ပြည်ထောင်စုအဆင့်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့်၊ ဒေသဆိုင်ရာအဆင့်ဆိုပြီး JMC ယန္တရားကို အလွှာသုံးခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အဲဒီကော်မတီအလွှာတိုင်းမှာလည်း အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အရပ်သားကိုယ်စားလှယ်တွေဆိုပြီး အစု ၃ စုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ဒေသဆိုင်ရာအဆင့်မှာ ရပ်ကွက်/ကျေးရွာက ရွေးချယ်ထားတဲ့ ဒေသခံပြည်သူလူထုကိုယ်တိုင် စောင့်ကြည့်ရေးလုပ်ငန်းတွေမှာ ပါဝင်နိုင်အောင် စုဖွဲ့ထားခြင်းပဲဖြစ်ပါတယ်။

ယခုအခါမှာ ပြည်ထောင်စုအဆင့် JMC ရဲ့ ပင်မရုံးအဖွဲ့ကိုလည်း ကနဦးယာယီရုံးအနေနဲ့ ဖွဲ့စည်းလည်ပတ် နေပြီဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးလုပ်ငန်းတွေအတွက် အဓိကကျတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်ဖွဲ့စည်းရေးကို ဦးစားပေးဆောင်ရွက်ခဲ့တဲ့အတွက် ယခုအခါမှာ တနင်္သာရီတိုင်းဒေသကြီး၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ဖွဲ့စည်း နိုင်ခဲ့ပြီဖြစ်ပါတယ်။ JMC လုပ်ငန်းအကောင်အထည်ဖော်မှုရဲ့ အဓိကဆောင်ရွက်ချက်ကတော့ NCA လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေကြားမှာ တိုက်ပွဲများ လျှော့ချနိုင်ခြင်းပဲဖြစ်ပါတယ်။ JMC ယန္တရားကို ထိရောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်တဲ့အတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို နှစ်ဖက်တပ်များ လိုက်နာစောင့်ထိန်းစေရန် ကြီးကြပ်နိုင်မှာ ဖြစ်ပါတယ်။ ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ နှစ်ဖက်တပ်တွေကြားမှာရန်လိုမှုများ လျှော့ချနိုင်ဖို့၊ ယုံကြည်မှုတွေ တည်ဆောက်ဖို့အတွက် တည်ငြိမ်ကောင်းမွန်တဲ့အခြေအနေတွေကို ဖန်တီးတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ နိုင်ငံရေးဆွေးနွေးပွဲတွေကို အထောက်အကူပြုနိုင်မှာဖြစ်ပြီး အဲဒီကတစ်ဆင့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနဲ့အညီ တည်ဆောက်သွားနိုင်မှာ ဖြစ်ပါတယ်''ဟုပြောကြားသည်။

ယင်းနောက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ဆွေးနွေးချက်များနှင့်ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့်က ''တစ်နိုင်ငံလုံး၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲရလဒ်နဲ့ ဖွဲ့စည်းခဲ့တဲ့ အစိုးရသစ်က အားလုံး ပါဝင်ရေးမူကိုအခြေခံပြီး ဆက်လက်ကျင်ပမယ့် ငြိမ်းချမ်း ရေးညီလာခံမှာ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ညီလာခံတက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲခြင်းလုပ်ငန်းစဉ်မှာ မပါခဲ့တဲ့ NCA လက်မှတ်မရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြားပြီး မူဘောင်သုံးသပ်ခြင်း အစည်းအဝေးကို ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ကျင်းပနိုင်ခဲ့ပါတယ်။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ အပြီးမှာ ဆက်လက်ကျင်းပဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ နောင်ဆက်လက်ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံမှာ အားလုံး ပါဝင်ရေးမူကို အလေးထားတဲ့အနေနဲ့ ယခုအကြိမ်မှာ ပါဝင်တက်ရောက်ခွင့်မရရှိသေးတဲ့ အဖွဲ့အစည်းများ ပါဝင်လာနိုင်ရေးကို ဝိုင်းဝန်းကြိုးစားပေးကြဖို့၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို အထောက်အကူပြုစေမယ့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ရေးဆွဲဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးက သဘောထားကြီးစွာနဲ့ ပါဝင်ပေးကြဖို့ တိုက်တွန်းပါတယ်''ဟု ပြောကြားသည်။

ဆက်လက်၍ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပဒိုစောကွယ်ထူးဝင်း က ''အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ပထမအစည်းအဝေး ကျင်းပပြီး နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ရေးဆွဲအတည်ပြုခြင်း ပြုလုပ်ကာ ဆွေးနွေးပွဲတွေကို စတင်ပါမယ်။ဆွေးနွေးမယ့် ခေါင်းစဉ်တွေအပေါ်မှာ လုပ်ငန်းကော်မတီအသီးသီး ဖွဲ့စည်းပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျင်းပသွားမှာဖြစ်ပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်မှာ သဘောတူညီထားတဲ့အတိုင်း ဒေသအလိုက်၊ လူမျိုးအလိုက်၊ အကြောင်းအရာအလိုက် ကျင်းပသွားရမှာပါ။

အမျိုးသားအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေမှာ ပြည်ထောင်စုအစိုးရအဖွဲ့က ကိုယ်စားလှယ်တွေ၊ လွှတ်တော်အသီးသီးက ကိုယ်စားလှယ်တွေ၊ တပ်မတော် သားကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေ၊ တရားဝင် နိုင်ငံရေးပါတီအစုအဖွဲ့က ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်တွေ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ အခြားပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်နိုင်ပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေရဲ့ သက်တမ်းဟာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၏ သက်တမ်းအတိုင်းဖြစ်ပါတယ်'' ဟု ပြောကြားသည်။

ထို့နောက် ညီလာခံအကြိုပြင်ဆင်ရေးကော်မတီ၏ ဆောင်ရွက်ချက်များကို ဦးလှမောင်ရွှေက အစီရင်ခံတင်ပြပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစု ပင်လုံတွင် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး (ငြိမ်း)က ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ညီလာခံဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ရဲဘော်မျိုးဝင်းက တက်ရောက်သူများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် လေ့လာသူများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ဖတ်ကြားတင်သွင်းသည်။

ယင်းနောက် ဒေါက်တာတင်မျိုးဝင်းက နိဂုံးချုပ် အမှာစကားပြောကြား၍ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ ပထမနေ့ မွန်းလွဲပိုင်း အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

ညနေပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)၊ ဦးလှမောင်ရွှေ၊ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း၊ ဦးဇော်ဌေးနှင့် ဦးစိုင်းကျော်ညွန့်တို့က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ ပထမအစည်း အဝေးအစီအစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပ မီဒီယာများ၏ မေးမြန်းမှုများအား ပြန်လည်ဖြေကြားခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment