Thursday, September 1, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် သံတမန်များအား သီးခြားစီတွေ့ဆုံ



Image may contain: 2 people , indoor
နေပြည်တော် သြဂုတ် ၃၁
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် ယနေ့မွန်းလွဲ ၁၂ နာရီ မိနစ် ၅ဝ တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)ရှိ ဧည့်ခန်းမ၌တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကိစ္စ၊ ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခြင်းကိစ္စ၊ မြေမြှုပ်မိုင်းများ ရှင်းလင်းရေးကိစ္စ၊ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့များတွင် မြန်မာတပ်မတော် မှ ယခုထက်ပိုမိုပါဝင်၍ ကမ္ဘာ့ငြိမ်းချမ်းရေးကိစ္စများတွင် တာဝန်ထမ်းဆောင်နိုင်ရေးတို့ကို ဆွေးနွေးကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီး မစ္စတာရိုလန်ကိုဘီယာနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံငြိမ်းချမ်း ရေးဖော်ဆောင်မှုကိစ္စရပ်များနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးမြှင့်တင်မှုကိစ္စရပ်များကို ဆွေးနွေးကြသည်။
မွန်းလွဲ ၂ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang အား လက်ခံတွေ့ဆုံပြီး ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တပ်မတော်၏ ရပ်တည်ချက် သဘောထားများ၊ ဆက်လက်လုပ်ဆောင်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် တွေ့ဆုံဆွေးနွေးမှုများသည် ဥပဒေနှင့်အညီဖြစ်ရန် လိုအပ်သည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment