Friday, September 2, 2016

ငလျင်ဒဏ်သင့်ဒေသရှိ စေတီပုထိုးများနှင့် ရခိုင်ပြည်နယ်ရှိ သာသနာ့ဗိမာန်များ ပြန်လည်တည်ဆောက်ရန် အလှူငွေများပေးအပ်လှူဒါန်း



နေပြည်တော် စက်တင်ဘာ ၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိဗိမာန်၌ ယနေ့နံနက်ပိုင်းကကျင်းပသည့် ငလျင်ဒဏ်သင့်ဒေသရှိ စေတီပုထိုးများနှင့် ရခိုင်ပြည်နယ်ရှိ သာသနာ့ဗိမာန်များ ပြန်လည်တည်ဆောက်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်သည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အလှူငွေပေးအပ်လှူဒါန်းပွဲနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားပြီး ငလျင်ဒဏ်သင့်ဒေသများရှိ စေတီ၊ ပုထိုးများနှင့် ရခိုင်ပြည်နယ်ရှိ သာသနာ့ဗိမာန်များ ပြန်လည်တည် ဆောက်ရန်အတွက် တပ်မတော်(ကြည်း၊ ရေ၊လေ) မိသားစုများက လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၈ဝဝ အား ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က လက်ခံရယူသည်။

ယင်းနောက် အလှူရှင်များ၏ လှူဒါန်းငွေများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးညိုစောတို့က လက်ခံရယူကြသည်။

ယနေ့ကျင်းပသည့် အလှူငွေပေးအပ်ပွဲတွင် တပ်မတော်(ကြည်း၊ ရေ၊လေ) မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသည့် အလှူငွေစုစုပေါင်းမှာ ကျပ်သိန်း ၉၅၁၄ သိန်း ဖြစ်သည်။

ယင်းနောက် ပေးအပ်လှူဒါန်းထားသော အလှူငွေစုစုပေါင်း ကျပ်သိန်း ၉၅၁၄ သိန်းအနက်မှ ရခိုင်ပြည်နယ်ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဘုရားနှစ်ဆူ ပြုပြင်ရန်အတွက် ကျပ်သိန်း ၇ဝဝ၊ စစ်တွေသာသနာ့ဗိမာန် တည်ဆောက်ရေးအတွက် အလှူငွေကျပ် ၄ဝ၁၄ သိန်းနှင့် သံတွဲမြို့ရှိ သာသာနာ့ဗိမာန်တည်ဆောက်ရေးအတွက် ကျပ်သိန်း ၂၂ဝဝ စုစုပေါင်းကျပ်သိန်း ၆၉၁၄ သိန်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က လွှဲအပ်လှူဒါန်းရာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က လက်ခံရယူသည်။ 

(သတင်းစဉ်)

No comments:

Post a Comment