Thursday, September 1, 2016

၂ဝ၁၈ ကမ္ဘာ့ဖလားအပြီး နိုင်ငံလက်ရွေးစင်အသင်းမှ အနားယူမည်ဟု ရွန်းနီ အတည်ပြု

Image may contain: 1 person , outdoor
အင်္ဂလန်လက်ရွေးစင်အသင်း၏ စံချိန်တင်ဂိုးသွင်းရှင်လည်းဖြစ်၊ အသင်းခေါင်းဆောင်လည်းဖြစ်သူ တိုက်စစ်မှူး ဝိန်းရွန်းနီသည် ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး နိုင်ငံလက်ရွေးစင်အသင်းမှ အနားယူတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အင်္ဂလန်နည်းပြ ဆမ်အလာဒွိုက်စ်က ရွန်းနီမှာ အင်္ဂလန်လက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း သြဂုတ် ၃ဝ ရက်ကပင် အတည်ပြုခဲ့ပြီးနောက် တစ်ရက်အကြာမှာပင် ရွန်းနီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
''ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီးဆုံးသွားတဲ့အချိန်ရောက်ရင် ကျွန်တော့်အနေနဲ့ အင်္ဂလန် အသင်းကို နှုတ်ဆက်ချိန်ရောက်ပြီလို့ ပြောရပါတော့မယ်။ ဒါက နောက်နှစ်နှစ်အကြာမှ ဖြစ်လာမှာပါ။ ကျွန်တော့်အသက်(၁၇)နှစ်အရွယ်မှာ နိုင်ငံအသင်းအတွက် စတင်ကစားပေးခဲ့ပြီး ၁၅ နှစ်တာကာလကြာအောင် ကစားပေးသွားမှာဖြစ်ပါတယ်။ ၁၅ နှစ်ဆိုတာ အင်မတန် ကြာမြင့်တဲ့ အချိန်ပါ'' ဟု ရွန်းနီက ရှင်းလင်းပြောကြားခဲ့သည်။
ရွန်းနီမှာ လက်ရှိတွင် အသက်(၃ဝ)သာ ရှိသေးရာ လာမည့် ၂ဝ၁၈ ကမ္ဘာ့ဖလားတွင် အနားယူမည်ဆိုပါက အသက်(၃၂)နှစ်အရွယ်တွင် နိုင်ငံလက်ရွေးစင်အဖြစ်မှ အနားယူမည်ဖြစ် သည်။ ရွန်းနီသည် တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်မည့် ဆလိုဗက်ကီးယားနှင့် ပွဲစဉ်တွင် နိုင်ငံအသင်း အတွက် အများဆုံးကစားထားသည့် ဒေးဗစ်ဘက်ခမ်း၏စံချိန်ကို ကျော်ဖြတ်နိုင်တော့မည် ဖြစ်သည်။
၎င်းမှာ စတီဗင်ဂျာရတ်၏ အသင်းခေါင်းဆောင်လက်ပတ်ကို လွန်ခဲ့သည့် တစ်နှစ်ကျော် ကာလက ဆက်ခံခဲ့ပြီး အင်္ဂလန်အသင်းအတွက် စုစုပေါင်းပွဲစဉ် ၁၁၅ ပွဲ ဝင်ရောက်ကစားခဲ့ရာ သွင်းဂိုး ၅၃ ဂိုးအထိ သွင်းယူထားနိုင်သူဖြစ်သည်။ သို့သော် နည်းပြရွိုင်းဟော့ဂ်ဆန်လက်ထက် တွင် တိုက်စစ်နေရာတွင် ကစားခွင့်မရရှိခဲ့ဘဲ ကွင်းလယ်ကစားသမားအဖြစ်သာ ကစားခဲ့ရ သလို ယခုဆမ်အလာဒွိုက်စ်က မည်သည့်နေရာတွင် ကစားစေမည်လဲဆိုသည့် မေးခွန်းကို မီဒီယာများသို့ တိတိကျကျအဖြေပေးခြင်းမရှိခဲ့ပေ။ မန်ယူသို့ မော်ရင်ဟိုရောက်ရှိလာပြီးနောက် နောက်ချန်တိုက်စစ်မှူးအဖြစ်ကစားပေးနေပြီး ဆမ်အလာဒွိုက်စ်က ၄င်းအား မည်သည့်နေရာတွင် ကစားခိုင်းသည်ဖြစ်စေ ပြဿနာမရှိကြောင်း ဖြေကြားခဲ့သည်။
မေလဲ့သင်း

No comments:

Post a Comment