ဂယာ သြဂုတ် ၂၇
အိန္ဒိယသမ္မတနိုင်ငံ သမ္မတ မစ္စတာ ပရာနာ့ဗ် မူခါဂျီး၏ ဖိတ်ကြားချက်အရ
နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့သည်
အဖွဲ့ဝင်များနှင့်အတူ အိန္ဒိယသမ္မတ နိုင်ငံ၌ ချစ်ကြည်ရေးခရီးလည်ပတ်ရန်
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မိုးမြင့်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံ သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံ ဂယာမြို့သို့ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ ၅ မိနစ်တွင် ရောက်ရှိကြရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ခင်စိုးနှင့်ဇနီး၊ မြန်မာကောင်စစ်ဝန်ချုပ်၊ ဂယာခရိုင်အုပ်ချုပ်ရေးမှူး Mr. Kumar Ravi နှင့် တာဝန်ရှိသူများက ဂယာမြို့လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် ဂယာမြို့ U Royal Residency ဟိုတယ်သို့ ရောက်ရှိကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အဖွဲ့သည် ဗုဒ္ဓဂယာ မြန်မာ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိကြပြီး မြန်မာကျောင်း ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ”ဘဒ္ဒ္တဉာဏိန္ဒ အမှူးပြုသော မဟာအောင်မြေရခိုင် မွန်ကျောင်း၊ က္ဘောဇရှမ်းကျောင်း၊ မဟာဗောဓိဓမ္မရိပ်သာရခိုင်ကျောင်းနှင့် ရာမည မွန်ကျောင်းတို့မှ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် မဟာဗောဓိစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေကြာသင်္ကန်းတို့ကို ဆက်ကပ် လှူဒါန်းသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် စေတီတော်အထက်ပစ္စယာရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို ပြီး ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ကပ်လှူပူဇော် သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့်အဖွဲ့သည် သတ္တသတ္တာဟ ခုနစ်ဌာနသို့ လှည့်လည်ဖူးမြော်ကြည်ညိုကာ ဆဋ္ဌမသတ္တာဟဖြစ်သည့် မုဉ္စလိန္ဒာအိုင်၌ ငါးစာကျွေး ကြပြီး ဗုဒ္ဓပြခန်းကို ကြည့်ရှုလေ့လာသည်။
ကုန်းဘောင်ခေတ် မင်းတုန်းမင်းသည် မဟာဗောဓိစေတီတော်ကို နောက်ဆုံး ပြုပြင်ခဲ့သည့်မင်းဖြစ်သည်။ ၁၈၇၁ ခုနှစ်တွင် မင်းတုန်းမင်းသည် မြောင်လှမြို့စား ဝန်ထောက် သီရိမဟာဇေယျသူ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ပြီး ဗုဒ္ဓဂယာစေတီတော်ကို ပြုပြင်ခွင့်ရရှိရန် အိန္ဒိယအစိုးရထံ မေတ္တာရပ်ခံခဲ့သည်။
မင်းတုန်းမင်းသည် ၁၈၇၇ခုနှစ်တွင် စေတီတော်အားပြုပြင်ခဲ့ပြီး မင်းတုန်းမင်း နတ်ရွာစံပြီးနောက် သီပေါမင်းက ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မင်းတုန်းမင်းကြီးသည် မဟာဗောဓိစေတီတော်သာမက အရံစေတီတော် လေးဆူကို လည်း တည်ထားခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဂယာမြို့ရှိ မင်းတုန်းမင်းကျောက်စာ ကို သွားရောက်ကြည့်ရှုလေ့လာသည်။
ထို့နောက် ဂျပန်ဘုရား (Daijokyo Buddhist Temple) အား သွားရောက် ဖူးမြော်ကြည်ညိုခဲ့ကြသည်။

(သတင်းစဉ်)
No comments:
Post a Comment