Tuesday, August 30, 2016

နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်သောကော်မရှင်အဖွဲ့ခွဲဝင်များအတွက် လစဉ်ချီးမြှင့်ငွေနှင့် စရိတ်တို့အား ရရှိခံစားနိုင်ရန် သတ်မှတ်ထားခြင်းကို ပြန်လည်သုံးသပ်ပေးရန် ဆွေးနွေး


 
 
နေပြည်တော် သြဂုတ် ၂၉

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၂ ရက် မြောက်နေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ ရခိုင်ပြည်နယ် ဂွမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဝေ၏ ဂွမြို့နှင့် မကျီးငူကျေးရွာကြား ချောင်းကို တံတားထိုးပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ဂွမြို့နယ်နှင့် မကျီးငူကျေးရွာ ချောင်းကူး တံတားသည် ဂွမြို့နယ်၏အနောက်ဘက် တွင်တည်ရှိကာ သံကူကွန်ကရစ်တံတား တည်ဆောက်ပါက အရှည်ပေ ၁၂ဝဝ တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် ပေ ၃ဝဝ အထက် တံတားကြီးဖြစ်ပါသဖြင့် အသေးစိတ် ကွင်းဆင်း၍ှSoil Test ပြုလုပ်ပြီး နည်းပညာကျွမ်းကျင်သည့် အင်ဂျင်နီယာ များက Structure Design တွက်ချက် ရေးဆွဲရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန အနေဖြင့် တံတားတည်ဆောက်ရေး အတွက် တံတားအထူးအဖွဲ့နှင့် အထောက်အကူပြုပစ္စည်းများ မရှိပါ သောကြောင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်းနှင့် လတ်တလောဆောင်ရွက် ပေးနိုင်ခြင်းမရှိသေးပါကြောင်း ဖြေကြား သည်။
တောင်ကုတ်မဲဆန္ဒနယ်မှ ဒေါ်နီနီ မေမြင့်၏ တောင်ကုတ်မြို့နယ်အတွင်းရှိ ကိုင်းရှည်ကျေးရွာနှင့် နတ်မော်ကျေးရွာ တွင် ချောင်းကမ်းပါးပြိုကျနေမှုများနှင့် ပတ်သက်၍ ကမ်းထိန်းနံရံပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ဖြေကြားရာတွင် တောင်ကုတ်မြို့နယ် အတွင်းရှိ ကိုင်းရှည်ကျေးရွာနှင့် နတ်မော် ကျေးရွာတို့ရှိ ချောင်းကမ်းပါးပြိုကျနေမှုမှ ကာကွယ်သည့်လုပ်ငန်းအတွက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ရန်ပုံငွေ၌ပါဝင်ထားခြင်း မရှိသေးပါ ကြောင်းနှင့် ကွင်းဆင်းတိုင်းတာ စစ်ဆေး မှုများပြုလုပ်ရန် လိုအပ်မည်ဖြစ်ပြီး ဆောင်ရွက်သင့်သည့် လုပ်ငန်းဖြစ်ပါက ၂ဝ၁၆-၂ဝ၁၇ ခု ဘဏ္ဍာနှစ် ပြည်နယ် အစိုးရအဖွဲ့ ဖြည့်စွက်ရန်ပုံငွေ၌ ထည့်သွင်း လျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။

ဆက်လက်၍ စစ်ကိုင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင် သိန်းမေးမြန်းသည့် စစ်ကိုင်းမြို့နယ်၊ တင်းတိပ်-ပဒူလမ်း အရှည် ရှစ်မိုင် ငါးဖာလုံလမ်းအား ပြုပြင်ပေးရန်နှင့် ပျက်စီးနေသော ရေကျော်နှင့်Box
Culvert များအား တည်ဆောက်ပေး ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ၂ဝ၁၆-၂ဝ၁၇ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၃ဝ၇ ဒသမ ၂၈၂ သန်းဖြင့် ကတ္တရာလမ်း ခုနစ်ဖာလုံ၊ ကျောက်ချောလမ်း သုံးမိုင် သုံးဖာလုံ၊ မြေသားလမ်းနှစ်မိုင် ငါးဖာလုံ၊ ကွန်ကရစ် တံတားတစ်စင်းနှင့် ရေကျော် ၁၄ စင်း တို့အား လျာထားဆောင်ရွက်လျက်ရှိ ပါကြောင်း၊ တင်းတိပ်- ပဒူကျေးရွာချင်း ဆက်လမ်း ၁၃ မိုင်၏ ပျက်စီးလျက်ရှိသည့် လမ်းပိုင်းများနှင့် ရေကျော်၊ ရေပြွန်၊Box
Culvert များ ပြုပြင်ခြင်းလုပ်ငန်း များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၁၆-၂ဝ၁၇ ခု ဘဏ္ဍာရေးနှစ် မွမ်းမံ ရန်ပုံငွေဖြင့် ပွင့်လင်းရာသီတွင် ပြုပြင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာလှမိုး တင်သွင်းသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေကိုပြင်ဆင်သည့် ဥပဒေအခန်း (၇) ပုဒ်မ (၂၁) (ဂ) အရ ပြည်ထောင်စုအစိုးရ မှ နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့် သောကော်မရှင်အဖွဲ့ခွဲဝင်များအတွက် ထိုက်သင့်သည့် လစဉ်ချီးမြှင့်ငွေနှင့် စရိတ် တို့အား ရရှိခံစားနိုင်ရန် သတ်မှတ်ထား ခြင်းကို ပြန်လည်သုံးသပ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း အဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ဝေါမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေကိုပြင်ဆင်သည့် ပြည်ထောင်စု လွှတ်တော်၏ ဥပဒေအမှတ် ၄ဝ၊ ပုဒ်မ ၂၁(ဂ)နှင့်ပတ်သက်ပြီး ယခုအဆို ဖြစ်လာတာဖြစ်ပါကြောင်း၊ ပုဒ်မ ၂၁(ဂ)နှင့်ပတ်သက်၍ မရှင်းလင်းခင်တွင် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပုဒ်မ ၁၈ (က) မှ (ဋ)အထိ ပြဋ္ဌာန်းထားတာရှိပါ ကြောင်း၊ ၄င်းတို့၏လုပ်ပိုင်ခွင့်ကို ကြည့် သည့်အခါ လုပ်ငန်းတော်တော်များပြား သည်ကိုတွေ့ရပါကြောင်း၊ ရွေးကောက် ပွဲသည် ငါးနှစ်တစ်ကြိမ် အထွေထွေ ရွေးကောက်ပွဲ၊ ကြားဖြတ်ရွေးကောက်ပွဲရှိပါကြောင်း၊ တကယ်တမ်းလုပ်ရသည့် လုပ်ငန်းသည် ရွေးကောက်ပွဲကြီးတစ်ခု လုပ်တော့မည်ဆိုပါက ခြောက်လ၊ ကိုးလ မျှသာ လုပ်ရပါကြောင်း၊ ကျန်သည့်အချိန် များတွင် မိမိတို့လုပ်ငန်းကို မိမိတို့လုပ် နေကြသည်ကိုလည်း တွေ့ရပါကြောင်း။

၎င်းတို့ကို ချီးမြှင့်ငွေများနှင့် ပေးမည် ဆိုပါက ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားပြီး လုပ်ဆောင်စေချင်ပါကြောင်း၊ မိမိတို့ အနေဖြင့် ယနေ့နိုင်ငံတော်၏ ဘဏ္ဍာငွေ ချီးမြှင့်မည်ဆိုပါက လုပ်အားနှင့် ညီမျှ သည့် ချီးမြှင့်ငွေကိုသာ ရသင့်တာရှိပါ ကြောင်း၊ လိုအပ်လျှင် ပြင်ဆင်ပြီး ထိုက်သင့်သည့်၊ သင့်တင့်မျှတသည့် အပေါ်တွင်မူတည်၍ ပေးသင့်ပါကြောင်း ကို ထောက်ခံဆွေးနွေးအပ်ပါကြောင်း ဆွေးနွေးသည်။
သထုံမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ယခင် ရွေးကောက်ပွဲကာလတွင် မဲစာရင်း အမှားကိစ္စများနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်တွင် အနည်း ငယ်ရှုပ်ထွေးသွားပါကြောင်း၊ ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲကို အမြဲတမ်း ထားရှိ ဖို့လိုသလားဆိုသည့် မေးခွန်းတစ်ခုတော့ ရှိမည်ဖြစ်ပါကြောင်း၊ မဲစာရင်း တိကျ မှန်ကန်ရန်အတွက် အဓိကကျသည် မှာ ရပ်/ကျေး အသီးသီးတွင်ရှိသည့် အုပ်ချုပ်ရေးမှူးများ၊ အုပ်ချုပ်ရေးဦးစီး ဌာနနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနတို့တွင် တာဝန်များစွာ ရှိပါ ကြောင်း၊ ယင်းကဏ္ဍများက မိမိတို့ မြို့နယ်တွင်းမှာရှိသည့် လူဦးရေစာရင်းကို အောက်ခြေကစကာ စနစ်တကျ အချိန် နှင့်တစ်ပြေးညီ မှန်မှန်ကန်ကန် ပြုစု ထားမည်ဆိုပါက၊ စိစစ်ထားမည်ဆိုပါ က ရွေးကောက်ပွဲမကျင်းပမီ လေး၊ ငါး၊ ခြောက်လအလိုတွင် အဆင်သင့်
ဖြစ်ပြီးသား ဖြစ်နေမည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၉ ပုဒ်မ ၃၉၉ တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က သတ်မှတ်ဆောင်ရွက်ပေး၍ ရပါကြောင်း။

မိမိတို့နိုင်ငံတွင် ရွေးကောက်ပွဲကို ပုံမှန်အားဖြင့် ငါးနှစ် တစ်ကြိမ် ကျင်းပလေ့ ရှိပါကြောင်း၊ မြို့နယ်၏ဝန်ထမ်း မဟုတ်သည့် ကော်မရှင်အဖွဲ့ခွဲအသီးသီး အတွက် ခန့်အပ်ထားသည့် ဦးရေအလိုက် တွက်ချက်ကြည့်သည့်အခါ တစ်နှစ်လျှင် ပျမ်းမျှငွေကျပ်သိန်းပေါင်း ၃ဝ၃၄ ကျော် ကျသင့်နေသည်ကို တွေ့ရပါကြောင်း၊ ယင်းငွေများသည် မြို့နယ်အတွက် လိုအပ်နေသည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့်လုပ်ငန်း များတွင် အကျိုးရှိရှိအသုံးပြုနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံသားအားလုံး အပြောင်းအလဲတစ်ခုကို လိုချင်သည့် အတွက် ၂ဝ၁၅ ရွေးကောက်ပွဲကြီးတွင် အစိုးရသစ်တစ်ခုပြောင်းလဲနိုင်ရန် စိတ် စေတနာအပြည့်ဖြင့် တစ်ခဲနက်မဲပေးခဲ့ကြ ခြင်းဖြစ်ပါကြောင်း၊ အမှန်တကယ် ဒီမိုကရေစီစနစ်ကိုထူထောင်ရန် ကြိုးပမ်း နေသည့်အချိန်တွင် ဝန်ထမ်းများကလည်း မိမိတို့ကျရာတာဝန်ကို အပြည့်အဝ ထမ်းဆောင်ကြမည်၊ တာဝန်ကျေပွန်ကြ မည်ဆိုသည့် စိတ်စေတနာအပြည့်ရှိမည် ဆိုသည်ကိုလည်း ယုံကြည်ပါကြောင်း၊ အများကြည်ညိုလေးစားခံရသည့် မြို့ရွာ ကျက်သရေဆောင် ပုဂ္ဂိုလ်များသည် လည်း ကိုယ်ကျိုးမဖက်ဘဲ အများအကျိုး ဆောင်ရွက်သည့်နေရာတွင် စိတ်ထား မွန်မြတ်သည့်သူများ ဖြစ်သည့်အတွက် ကော်မရှင်၏လုပ်ငန်းကို စေတနာ အပြည့်အဝဖြင့် ဆောင်ရွက်ပေးကြမည့် ပြည်သူ့အကျိုးကို ဦးထိပ်ပန်ဆင်သူများ သာဖြစ်သည့်အတွက် ¤င်းတို့အနေဖြင့် လက်ခံကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း နှင့် အဆိုရှင်တင်သွင်းသည့် အဆိုအပေါ် လေးနက်စွာ ထောက်ခံပါကြောင်း ဆွေးနွေးသည်။

အဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က ပြန်လည်ရှင်းလင်းဆွေးနွေး ပြီး အဆိုရှင် ဒေါက်တာလှမိုးက အဆိုကို အတည်ပြုပေးပါရန် လွှတ်တော်သို့ တင်ပြရာ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော် ၏ အဆုံးအဖြတ်ကိုရယူ၍ အတည်ပြု ကြောင်း ကြေညာသည်။
(သတင်းစဉ်)

No comments:

Post a Comment