Wednesday, August 31, 2016

အာဆီယံဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကိုပြင်ဆင်သည့် ဒုတိယအခြေပြစာချုပ်တွင် မြန်မာနိုင်ငံလက်မှတ်ရေးထိုးရန် သဘောတူ


 
 
နေပြည်တော် သြဂုတ် ၃ဝ

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -(၂၁)ရာစုပင်လုံကို ပြည်ထောင်စု လွှတ်တော်က ထောက်ခံကြိုဆိုကြောင်း ကြေညာချက်ကို ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ဒသမနေ့တွင် လွှတ်တော်၏ အတည်ပြု ချက်ရယူ၍ ထုတ်ပြန်ကြေညာသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံကို ထောက်ခံကြိုဆို ကြောင်း ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ကြေညာချက် (မူကြမ်း)ကို ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ဖတ်ကြားပြီး လွှတ်တော်၏ သဘောထားရယူရာ တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ် ဗိုလ်ချုပ်သန်းစိုးက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို ကြိုဆိုထောက်ခံသော်လည်း ထုတ်ပြန် ကြေညာချက်တွင်ပါသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်နေသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဆိုသည့်စကားရပ်ကို ပြင်ဆင်ထုတ်ပြန် သင့်ကြောင်း တင်ပြခဲ့သည်။
အဆိုပါ ထုတ်ပြန်ကြေညာချက် (မူကြမ်း)ကို ပြည်ထောင်စုလွှတ်တော် နာယက က စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၃၉ဝ၊ ကန့်ကွက်မဲ ၁၈၄ မဲ၊ ကြားနေမဲ ငါးမဲရရှိပြီး ထောက်ခံမဲများ သည့်အတွက် ယင်းထုတ်ပြန်ကြေညာ ချက်ကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်နာယက က ၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေပါ သီးသန့်ရန်ပုံငွေမှ ကာကွယ်ရေးဆိုင်ရာလုပ်ငန်း တစ်ခု၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဆိုင်ရာ လုပ်ငန်းနှစ်ခုနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဆိုင်ရာ လုပ်ငန်း တစ်ခု စုစုပေါင်း လုပ်ငန်း လေးခုအတွက် စုစုပေါင်းငွေကျပ် ၅၆၄၈ ဒသမ ၂၃ သန်း ခွဲဝေသုံးစွဲထားမှုကို မှတ်တမ်းတင်သည်။

ထို့နောက် နိုင်ငံတော်သမ္မတက ပေးပို့ထားသော အာဆီယံဘက်စုံ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် ဒုတိယအခြေပြစာချုပ် တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုးရန်ကိစ္စနှင့် စပ်လျဉ်း၍ ဒဂုံ မဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင် က ဒုတိယအခြေပြစာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးခြင်းသည် အာဆီယံ ဒေသတွင်း ဘက်စုံရင်းနှီးမြှုပ်နှံမှုများ ကို ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ရန် ကတိကဝတ်ပြုခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍကိုဒေသတွင်းနှင့် နိုင်ငံ တကာ၏ ကုန်ထုတ်လုပ်မှု ကွင်းဆက်များ တွင် ထိရောက်စွာ ပါဝင်နိုင်ရန်ဆောင်ရွက် ပေးခြင်းဖြစ်ပါကြောင်း၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို အားပေးခြင်းသည် တိုင်းပြည်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အားပေးရာရောက်ပြီး ဂျီဒီပီတိုးတက်မှုနှင့် လည်း တိုက်ရိုက်အချိုးကျကြောင်း ထောက်ခံဆွေးနွေးသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးသန်းစိုးက နိုင်ငံတကာ ဆက်ဆံရေးတွင် ထာဝရမိတ်ဆွေမရှိဘဲ ထာဝရအကျိုးစီးပွားသာ ရှိပါကြောင်း၊ စာချုပ်များနှင့် ပတ်သက်ပြီး နိုင်ငံရေးအရ တရားဝင်မှုကို အလေးပေးရမည် ဖြစ်သကဲ့သို့ မိမိတို့နိုင်ငံ၏ ထာဝရ အကျိုးစီးပွားကိုလည်း ဦးစားပေးရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသား အကျိုးစီးပွားရှုထောင့်မှ ချဉ်းကပ် အဖြေရှာရန် လိုအပ်ပါကြောင်း၊ ရင်းနှီး မြှုပ်နှံမှုဥပဒေများသည် မူရင်းနိုင်ငံသား များ၏ အကျိုးကဲ့သို့ အခွင့်တူ ခံစားခွင့် ပေးမည်ဖြစ်ကြောင်းကို ယခု သဘော တူညီချက်စာချုပ်ထဲတွင် ထည့်သွင်း ထားသည်ကို တွေ့ရပါကြောင်း၊ ရင်းနှီး မြှုပ်နှံမှု ဥပဒေသည် နိုင်ငံသားများအတွက် အခွင့်အရေးပိုရရန်၊ အကာအကွယ်ပေး ရန်၊ မြေတောင်မြှောက်ပေးရန် ဘာတွေ ပြင်ဆင်ထားသလဲဆိုသည်ကို အမျိုးသား အကျိုးစီးပွားရှုထောင့်ကနေ ကြည့်ရ မည်ဖြစ်ကြောင်း ဆွေးနွေးသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁)မှ ဒေါ်ထုမေက မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ်အပေါ်တွင် အခြေ တည်သည့် စီးပွားရေးကို စဉ်းစားရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အာဆီယံ
အတွင်း စီးပွားရေးနှင့်သက်ဆိုင်သည့် စာချုပ်များကို ဆောင်ရွက်သည့်အခါ လူငယ်များ အလုပ်အကိုင်ရရှိရေးအတွက် ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ဆွေးနွေးသည်။

ယင်းအာဆီယံဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် ဒုတိယ အခြေပြစာချုပ်တွင် မြန်မာနိုင်ငံ မှ ပါဝင်လက်မှတ်ရေးထိုးရန် ကိစ္စကို လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။
ထို့ပြင် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေအား ဖြည့်ဆည်းရန်အတွက် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူရန် ကိစ္စနှင့်စပ်လျဉ်း၍ ကိုယ်စားလှယ် သုံးဦး တို့က ဆွေးနွေးခဲ့ကြသည်။
မင်္ဂလာဒုံမဲဆန္ဒနယ်မှ ဦးအောင်လှိုင် ဝင်းက နိုင်ငံတော်၏ လိုငွေများကို ဗဟို ဘဏ်မှ ချေးယူမည်ဆိုပါက ဈေးကွက် အတွင်းသို့ ငွေကြေးအလုံးအရင်း စီးဝင် လာပြီး ငွေကြေးဖောင်းပွမှုဖြစ်ပေါ်လာ နိုင်ကြောင်း၊ တစ်က္ဘာလုံးတွင် ဗဟိုဘဏ် မှ အစိုးရက တိုက်ရိုက်ငွေချေးယူခြင်းကို ပိတ်ပင်ထားပါကြောင်း၊ ငွေကြေးဖောင်းပွ မှုရှိလာပါက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် ရဲမည်မဟုတ်ကြောင်း၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများလည်း လာရောက်မည် မဟုတ်ပါကြောင်း၊ ယခုကဲ့သို့ဆောင်ရွက် မည်ဆိုပါက ငွေကြေးဖောင်းပွမှုကို မည်မျှ အတိုင်းအတာအထိ ခန့်မှန်းထားသည်ကို ရှင်းပြသင့်ပါကြောင်း၊ အခြေခံ စားသောက်ကုန်ပစ္စည်း တက်လာမည့် တန်ဖိုးကို မည်မျှဖောင်းပွမှုရှိမည်၊ မည်မျှ အထိ ထိန်းချုပ်နိုင်မည်ကို ပွင့်ပွင့် လင်းလင်း အစီရင်ခံပြီးမှသာ ချေးငွေကို ရယူသင့်ပါကြောင်း ဆွေးနွေးသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးသန်းစိုးက မိမိတို့နိုင်ငံ သည် ငွေသားအခြေပြုသည့် စီးပွားရေး ဖြစ်ပါကြောင်း၊ ငွေသားအခြေပြု စီးပွား ရေးစနစ်ဖြင့် ရပ်တည်နေသည့်အချိန်တွင် နိုင်ငံ၏ စီးပွားရေးပြဿနာများကို ဖြေရှင်းရန်အတွက် ငွေစက္ကူရိုက်နှိပ် ထုတ်ဝေသည့်နည်း၊ အစိုးရငွေတိုက် လက်မှတ်များကို ဗဟိုဘဏ်က ရိုက်နှိပ် ထုတ်ရောင်း၍ ငွေရှာသည့်နည်း၊ အစိုးရ က အမြဲတမ်းအကူအညီပေးနေသည့် နည်းများကို သုံးနေမည်ဆိုပါက စီးပွား ရေးပြဿနာများကို ဖြေရှင်းရာတွင် ခက်ခဲမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

ယင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူရန်ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်များ က ရှင်းလင်းဆွေးနွေးခြင်းနှင့်အဆုံးအဖြတ် ရယူခြင်းကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ၁၁ ရက် မြောက်နေ့တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ (သတင်းစဉ်)

No comments:

Post a Comment