Wednesday, August 31, 2016

ဆေးပေါင်းခမည့် (၂၁) ရာစုပင်လုံညီလာခံ

 
 
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


(၂၁) ရာစု ပင်လုံညီလာခံကို ကျင်းပတော့မည်ဖြစ်ပါသည်။ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်ရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် ညီလာခံကြီးဖြစ်ပါသည်။ မြန်မာစကား၌ ''ဆေးပေါင်းခ သောည'' ဟူသော ဝေါဟာရ အသုံးအနှုန်းရှိပါသည်။ ကျင်းပတော့မည့် (၂၁) ရာစုပင်လုံညီလာခံကြီးသည် မင်္ဂလာအပေါင်းခညောင်းပြည့်စုံနေသော ဆေးပေါင်းခမည့် ညီလာခံကြီးဟု တင်စားလိုပါသည်။ စကားအရာ အရ တင်စားသည်ဟု ရည်òန်းပြောဆိုရပါသော်ငြားလည်း (၂၁) ရာစုပင်လုံ ညီလာခံကြီးသည် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး၏အုတ်မြစ်ကို ချပေးမည့်ညီလာခံကြီးဖြစ်၍ အမှန်တကယ် ဆေးပေါင်း ခမည့် ညီလာခံကြီးဖြစ်ပါသည်။

လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားခဲ့သော ပြည်တွင်းစစ်သည် ပြည်ထောင်စုသားသွေးချင်းညီနောင်တို့၏ အသက်သွေးတို့ကို စတေးဝါး မျိုခဲ့ပါသည်။ (၂၁) ရာစုပင်လုံညီလာခံမှတစ်ဆင့် ဖန်တီးပေးမည့်ပြည်တွင်း ငြိမ်းချမ်းရေးသည် ပြည်ထောင်စုသားသွေးချင်းညီနောင်တို့၏ အသက် သွေးတို့ အချည်းနှီးဆုံးရှုံးစတေးခံရနေရခြင်းတို့ကို ရပ်တန့်စေမည် ဖြစ်ပါသည်။ အိုးအိမ်ပိုင်ဆိုင်ပစ္စည်းတို့ကို လက်လွှတ်၊ နေရပ်ကိုစွန့်ခွာ ထွက်ပြေးနေကြရသော ပြည်ထောင်စုသား သွေးချင်းညီနောင်တို့၏ သောကပရိဒေဝတို့ကို ငြိမ်းအေးစေမည်ဖြစ်ပါသည်။ ပြည်ထောင်စုဝင်သွေးချင်းညီနောင်တို့၏ဒေသအားလုံး ဟန်ချက်ညီညီတိုးတက်ရေးအား တက်ညီလက်ညီ ဆောင်ရွက်နိုင်စေမည့် အခွင့်အလမ်းတို့ကို ဖန်တီးပေး မည်ဖြစ်ပါသည်။ ပြည်ထောင်စုကြီး ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရေး ဖန်တီးနိုင်မှသာ အာဆီယံစီးပွားရေးရိပ်မြုံ (ASEAN Economic
Community-AEC)ကဲ့သို့သော ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးလုပ်ငန်းစဉ်များ၌ ခွန်ပြည့်အားပြည့်စွမ်းဆောင်ရည်ရှိရှိ လက်တွဲ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ဤမြင်ကွင်းတို့ကို ဆက်စပ်၍ ဖြစ်ထွန်း ပေါ်ပေါက်လာမည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို စိတ်အာရုံ တွင်ပုံဖော်ကြည့်ပါက တဒင်္ဂအတွင်းမှာပင် (၂၁) ရာစုပင်လုံညီလာခံ အောင်မြင်စေရမည်ဟူသော နိုင်ငံရေးသန္နိဋ္ဌာန်တို့ကို နှလုံးသား၌ စွဲမြဲ ခိုင်မာလာစေမည် ဖြစ်ပါသည်။
တချို့သောအင်အားစုတို့က (၂၁) ရာစုပင်လုံညီလာခံသည် ခမ်းနား ကြီးကျယ်သော ညီလာခံဖွင့်ပွဲကြီးသာဖြစ်၍ နိုင်ငံရေးအရ၊ တစ်စုံတစ်ရာ ထိရောက်အကျိုးရှိသောရလဒ်တို့ကို ဖြစ်ပေါ်စေမည်မဟုတ်ဟု ဝေဖန် စကားဆိုကြပါသည်။ တီးတိုးစကားဆိုကြပါသည်။ ပထမဦးဆုံး တင်ပြ လိုသည်မှာ (၂၁) ရာစုပင်လုံညီလာခံသည် တိုင်းပြည်၏အချုပ်အခြာ အာဏာကိုစွဲကိုင်ကျင့်သုံးရသော အစိုးရတစ်ရပ်က လုပ်ပိုင်ခွင့်အာဏာ ကျင့်သုံး၍ ကြီးမှူးခေါ်ယူကျင်းပသော ညီလာခံမျိုးမဟုတ်ဟူသော အချက်ဖြစ်ပါသည်။ လူထုအစိုးရသစ်၊ တပ်မတော်နှင့် တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများ အပြန်အလှန်အကျေအလည် ညှိနှိုင်း၍ ခေါ်ယူကျင်းပခဲ့သော ညီလာခံဖြစ်ပါသည်။ ပြည်တွင်းငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်၌ ပါဝင်ပတ်သက်နေသော အဖွဲ့ အစည်း အားလုံးတို့က မူအရလက်ခံထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုလည်း ဆုပ်ကိုင်ထားပြီးဖြစ်ပါ သည်။ ပြည်ထောင်စုသားသွေးချင်းညီနောင်အားလုံးတို့က ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးထူထောင်ရန် သန္နိဋ္ဌာန် ချမှတ်ထားပြီး ဖြစ်ပါသည်။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး မည်သို့မည်ပုံ တည်ဆောက်မည်ဟူသော အရေးကြီးသည့် အခြေခံမူတို့ကို အပြန်အလှန် ဆက်ညှိနှိုင်းဆွေးနွေးကြရဦးမည်ဖြစ်သော်လည်း၊ လွတ်လပ်ရေးလွန် ကာလ နှစ်ပေါင်း ၇ဝ ကာလအတွင်း ဤမျှကျယ်ပြန့်ပြည့်စုံသော သဘော တူညီချက်တို့ကို စုစည်းရယူနိုင်ခဲ့ခြင်းသည် နိုင်ငံ့သမိုင်း၌ပထမဆုံးအကြိမ် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ (၂၁) ရာစုပင်လုံညီလာခံကြီးသည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး၏ အခြေခံအုတ်မြစ်ကို ချလိုက်ခြင်းသာ ဖြစ်ပါသည်။ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်က ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး၏အုတ်မြစ်ချခြင်းကို အရေးမပါဟု ဆိုငြားအံ့၊ ထိုသူ သည် ပြည်ထောင်စုကြီးအပေါ် မရိုးသားသော စိတ်ထားတို့ရှိနေသည် ဟူ၍သာဆိုရမည်ဖြစ်ပါသည်။

(၂၁) ရာစုပင်လုံညီလာခံ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို မမေ့မလျော့မှတ်တမ်း တင်ရမည်ဖြစ်ပါသည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပေါ် တိုင်းရင်းသားခေါင်းဆောင်တို့၏ ယုံကြည်ကိုးစားမှုသည် ပင်လုံ ညီလာခံကိုဖြစ်ပေါ်စေခဲ့ပြီး တိုင်းပြည်လွတ်လပ်ရေးကို ဆုပ်ကိုင်ရယူပေး ခဲ့ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် တိုင်းရင်းသားလူမျိုးစုတို့၏ ယုံကြည်ကိုးစားမှုသည်လည်း (၂၁) ရာစုပင်လုံ ညီလာခံကို ဖြစ်ပေါ် စေခဲ့ပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ဆုပ်ကိုင်ရယူပေးမည်ဟု ယုံကြည်ပါသည်။ ဆေးပေါင်းခမည့် (၂၁) ရာစုပင်လုံ ညီလာခံဟုသာ ထပ်မံကျူးရင့်ဖော်ပြလိုပါသည်။ ။







No comments:

Post a Comment