Wednesday, August 3, 2016

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေမှုများ၊ အုပ်စုလိုက်မူးယစ်ဆေးဝါးသုံးစွဲသည့်နေရာများအား အမြစ်ပြတ်ရှင်းလင်းဖယ်ရှားရေးအဆိုကို အတည်ပြု



The Mirror Daily's photo.
နေပြည်တော် သြဂုတ် ၂
''မြန်မာနိုင်ငံအနှံ့အပြားတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား နေမှုများ၊ အုပ်စုလိုက်မူးယစ်ဆေး ဝါးသုံးစွဲသည့် နေရာများအားအမြစ် ပြတ်ရှင်းလင်းဖယ်ရှားရေးနှင့် မူးယစ် ဆေးဝါးအန္တရာယ် ပညာပေးမှုများ ရပ်ကွက်၊ ကျေးရွာမကျန် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေးနှင့် မူးယစ်ဆေးဝါး သုံးစွဲသူများအား ပြုစုကုသရေးနှင့် ပြန်လည်ထူထောင် ရေးစခန်းများ လိုအပ်သည့်နေရာများတွင် ဖွင့်လှစ်ပေးရေး'' အဆိုကို အတည်ပြုခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးစိုင်းဝမ်းလှိုင်းခမ်း တင်သွင်းထားသည့် အထက်ပါအဆို နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးခြင်း၊ သက်ဆိုင် ရာဝန်ကြီးဌာနက ရှင်းလင်းဖြေကြားခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ် ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ယင်း အဆိုကို အတည်ပြုခဲ့ခြင်းဖြစ်သည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်းက ယင်းအဆိုနှင့်စပ်လျဉ်း၍ မူးယစ်ဆေးဝါးရောင်းချသူများ၏ အဓိကပစ်မှတ်သည် လူငယ်ထုဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ပညာပေးခြင်း လုပ်ငန်း၏ ပစ်မှတ်ကိုလည်း လူငယ် ထုကိုသာ ဦးတည်ရမည်ဖြစ်ပါကြောင်း၊ လူငယ်အများဆုံး နေရာများဖြစ်သည့် စာသင်ကျောင်းများတွင် မူးယစ်ဆေးဝါးပညာပေး လုပ်ငန်းများဖြစ်သည့် ဟောပြောပွဲ၊ အက်ဆေးပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲ စသည်တို့ကို စာသင်ကျောင်းများတွင် အကြိမ်ရေများများဖြင့် ခပ်စိပ်စိပ်ဆောင်ရွက်သင့်သည့်အပြင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများ၏ အကူအညီကို ရယူပြီး ရပ်ကွက်၊ ကျေးရွာအဆင့်အထိ ပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကား သုံးစွဲနေမှုများကို အလွယ်တကူတိုင်ကြားနိုင်သည့် ဖုန်း နံပါတ်များဖော်ပြထားသည့် နံရံကပ် ပိုစတာများကို ကပ်ခြင်းဖြင့် မသမာသူ များကို စိုးရိမ်စိတ်ကြီးထွားစေခြင်း စသည့် နည်းလမ်းပေါင်းစုံသုံး၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်သင့်ပါကြောင်း။
မူးယစ်ဆေးဝါး အန္တရာယ်သည် မြန်မာတစ်မျိုးသားလုံးကို ခြိမ်းခြောက်သည့်အဆင့်ကို ကျော်လွန်ပြီး အန္တရာယ်ပေးသည့်အဆင့် ရောက်ရှိ နေပြီဖြစ်သည့်အတွက် အစိုးရအနေ ဖြင့် ပြည်သူလူထု၏ အားကိုယူ၍ အလျင်အမြန်တားဆီးနှိမ်နင်းရမည့် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်ကြောင်း ဆွေးနွေးသည်။
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးသက်ဝင်းက ပြည်သူလူထု အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်များအတွင်း တက်ကြွစွာပါဝင်လာကြသည်ကို ကြိုဆိုရမည် ဖြစ်သော်လည်း ကမ္ဘာ့ကုလသမဂ္ဂနှင့် UNODC တို့က ချမှတ်ထားသည့် မူဘောင်များ၊ နိုင်ငံတော်၏ အချုပ် အခြာအာဏာ၊ တည်ဆဲဥပဒေတို့နှင့် ညီညွတ်စွာဆောင်ရွက်ပါက လုပ်ငန်း စဉ်များပိုမိုအောင်မြင်ပြီး ဘိန်းစိုက်ပျိုးသည့် ဒေသများအတွင်းရှိ တိုင်းရင်းသားညီအစ်ကိုများ၏ လူမှု စီးပွားဘဝတိုးတက်လာကာ ဘိန်းကင်းစင်နယ်မြေများ ရေရှည်တည် တံ့နိုင်မည်ဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရ အဆက်ဆက်တွင် မူးယစ်ဆေးဝါးပပျောက်ရေး အတွက် တိုင်းရင်းသားအဖွဲ့အစည်း များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေသည်ကို လည်း သိရှိပြီးဖြစ်ကြောင်း၊ မြန်မာ နိုင်ငံတွင် မူးယစ်ဆေးဝါးပပျောက် ရေးသည် အမျိုးသားရေးတာဝန် တစ်ရပ်ဖြစ်ပြီး မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ငန်းများတွင် တပ်မတော်အနေဖြင့် နိုင်ငံတော် အစိုးရက ချမှတ်သောလမ်းစဉ်များအတိုင်း တက်ကြွစွာ ပါဝင်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ် တစ်ခုတည်းအတွက်မဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးလှဦးက မြန်မာရှေး ဘုရင်များ လက်ထက်မှစ၍ ယနေ့ အချိန်ထိ မူးယစ်ဆေးဝါးအန္တရာယ်သည် ကြီးမားစွာကျရောက်လျက်ရှိ နေကြောင်း၊ ရည်ရွယ်ချက်ကောင်းသည့် ဥပဒေများ၊ အမိန့်များ ပြဋ္ဌာန်း ထုတ်ပြန်ခဲ့သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ထိရောက်သည့် ဖမ်းဆီးအရေးယူခြင်း မရှိခဲ့သည့် အတွက် ယနေ့မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်အပါအဝင် ကျေးလက် ဒေသများပါမကျန် နေရာအနှံ့တွင် ရောင်းချခြင်း၊ သုံးစွဲခြင်း၊ သယ်ယူ ဖြန့်ဖြူးခြင်း၊ ထုတ်လုပ်ခြင်းများသည် လိုင်စင်ရ တရားဝင်ဆိုင်များကဲ့သို့ ဖြစ်နေပါကြောင်း။
မြန်မာနိုင်ငံတွင် ကြီးမားစွာ အန္တရာယ်ကျရောက်နေသည့် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကို ပြဋ္ဌာန်းထား သည့် ဥပဒေများနှင့်အညီ အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ် ၍ အရေးတကြီး အဆောတလျင် ထိရောက်စွာ ဖမ်းဆီးအရေးယူပြီး ပြည်သူတစ်ရပ်လုံးအား အသိပညာ ပေးခြင်း၊ ဆေးစွဲသူများကို ပြန်လည် ပြုစုပျိုးထောင်သည့်စခန်းများ ဖွင့် လှစ်၍ ဆေးဝါးကုသပေးခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင် ရေးအတွက် အစိုးရအားလွှတ်တော် က တိုက်တွန်းသင့်ပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး တင်လင်းဦးက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရာတွင် လုပ်ဆောင်ရမည့် နည်းလမ်းများ အနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ် ရာတွင်အသုံးပြုသော ဓာတုဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို မိမိ နိုင်ငံအတွင်းသို့ ဝင်ရောက်လာနိုင် သော လမ်းကြောင်းများကို ပိတ်ဆို့ ခြင်း၊ စစ်ဆေးရှာဖွေခြင်း၊ ဖမ်းဆီး အရေးယူခြင်းများ ပြုလုပ်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ဘိန်းစိုက်ပျိုး သည့်နေရာများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်သည့်နေရာများကို သတင်းစုံစမ်းဖော်ထုတ်ပြီး ဖျက်ဆီးရှင်းလင်း ရမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးခြင်း ပြုလုပ်နေသော ပင်ရင်းဌာန၊ နေရာများကိုလည်း ပြည်သူလူထုနှင့် ပူးပေါင်းဖော်ထုတ်၍ ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မူးယစ် ဆေးဝါးသုံးစွဲနေသူများကို ပြည်သူလူထုအကူအညီ ရယူဖော်ထုတ်ပြီး လူငယ်ပြုစု ပျိုးထောင်ရေးဌာနများ၊ ဆေးရုံများသို့ပို့ဆောင်၍ ဆေးကုသမှု ခံယူစေခြင်း၊ ပြုစုပျိုးထောင်ခြင်းများ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မြို့နယ်၊ ရပ်ကွက်များတွင်သာမက ကျေးလက်ဒေသများအထိ ပြည်သူ လူထုကို အသိပညာပေးဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
မူးယစ်ဆေးဝါးသည် လူသားအားလုံး၏ ပကတိစစ်မှန်သော ရန်သူကြီးဖြစ်သည်ဟု ခံယူလျက် မူးယစ်ဆေးဝါးများ ကမ္ဘာ့မြေပြင်မှ လုံးဝချုပ်ငြိမ်းပပျောက်သွားရေးကို နိုင်ငံတကာမှ လူသားအားလုံးက ဘုံရည်မှန်းချက်အဖြစ်ထားရှိလျက် လက်တွဲညီညီ တိုက်ဖျက်သွားရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာ နိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက် ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် အသိအမှတ်ပြုခံယူလျက် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုအောက်တွင် တပ်မတော်အနေဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် တစ်ခဲနက်ပါဝင်ကာ အားသွန်ခွန်စိုက် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန်တိုက်တွန်းပါကြောင်း ဆွေးနွေးသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်၏ ''မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်းရှိ သီရိမြိုင်ရပ်ကွက် အပါအဝင် သီရိမင်္ဂလာရပ်ကွက်၊ မုပွန်ရပ်ကွက်၊ ဇေယျာသီရိရပ်ကွက်နှင့် ရွှေမြိုင် သီရိရပ်ကွက်ကြီးများရှိ လူနေအိမ်ရာ မြေကွက်များကို နိုင်ငံတော်မှ အနှစ် (၃ဝ) အငှားဂရန်ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ'' မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက မြေယာအရှုပ် အရှင်းကင်းရှင်းသူများကိုသာ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးက အထက် မြန်မာပြည် မြေနှင့်အခွန်နည်းဥပဒေ နှင့် အောက်မြန်မာပြည် မြို့နှင့် ကျေးရွာများ နည်းဥပဒေတို့အရ လျှောက်ထားသူ၏ မြေပေါ်ရှိ အဆောက်အအုံ ခိုင်မာမှုအပေါ် မူတည်ပြီး ၁ဝနှစ် နှစ်တိုမြေငှားဂရန်၊ နှစ် ၃ဝ နှစ်ရှည်မြေငှားဂရန်များ ထုတ်ပေးလျက်ရှိကြောင်း ဖြေကြားခဲ့သည်။
ဒုတိယဝန်ကြီးက ရပ်ကွက်တိုးချဲ့ မြေများတွင် မြေကွက်စတင်ချထား ပေးစဉ်ကပင် ပိုင်ဆိုင်မှုအထောက်အထား ထုတ်ပေးထားခြင်းမရှိသော မြေကွက်များနှင့်ပတ်သက်၍ မရွှေ့ မပြောင်းနိုင်သော ပစ္စည်းများကို ရောင်းဝယ်၊ လွှဲပြောင်း၊ ပေးအပ်ခြင်း စသည့်ကိစ္စများအတွက် စာချုပ် စာတမ်းမှတ်ပုံတင်ရုံး၌ မှတ်ပုံတင်ခဲ့ သည့် စာချုပ်အထောက်အထားများ ဖြင့်လည်းကောင်း၊ အမွေဆက်ခံမှု၊ အမွေပုံစီမံခန့်ခွဲမှု ကိစ္စများအတွက် တရားရုံး၏ အမိန့်ဒီကရီများဖြင့် လည်းကောင်း၊ မြေပိုင်ဆိုင်မှု၊ အငြင်းပွားခြင်း ကိစ္စများအတွက် သက်ဆိုင်ရာတရားရုံးများ၏ လက်ရောက်ရရှိစေမှု၊ ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာပေးမှုစသည့် အမိန့် ဒီဂရီများဖြင့်လည်းကောင်း၊ ဂရန် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များဖြင့်လည်းကောင်း ပြည့်စုံစွာလျှောက်ထားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက် သီရိမင်္ဂလာ ရပ်ကွက်၊ မုပွန်ရပ်ကွက်၊ ဇေယျာသီရိ ရပ်ကွက်နှင့် ရွှေမြိုင်သီရိရပ်ကွက်များရှိ တိုးချဲ့လူနေအိမ်ရာမြေကွက်များကို မြေနေရာချထားခဲ့သည့် အချိန်တွင် မြေကွက်ဖော်ထုတ်၍ မဲနှိုက်စနစ်ဖြင့် နေရာချထားပေးခဲ့သော်လည်း မြေပိုင်ဆိုင်မှုအထောက် အထားထုတ်ပေးခဲ့မှုမရှိခြင်း၊ ၎င်း ပုဂ္ဂိုလ်များနှင့် လက်ရှိနေထိုင်သူတို့အကြား အောက်ခြေအရပ်စာချုပ် အဆင့်ဆင့်ဖြင့် လွှဲပြောင်းဝယ်ယူ၍ နေထိုင်ခြင်း၊ မြေပိုင်ဆိုင်မှု အထောက်အထားမရှိသော မူလနေရာချထား ပေးခြင်းခံရသူများ ကွယ်လွန်ခြင်း၊ ပြောင်းရွှေ့သွား၍ ၎င်းတို့၏ အမွေ ဆက်ခံသူများမှနေထိုင်ပြီး အမွေပိုင် ဆိုင်မှု အရှုပ်အရှင်းများရှိခြင်း၊ မူလနေရာချထားခြင်းခံရသူက ပုံစံအမျိုးမျိုးဖြင့်လွှဲပြောင်း၍ နေထိုင်ခြင်းတို့ကြောင့် လက်ရှိနေထိုင်သူများကိုသာ အခြေပြု၍ မြေငှားဂရန်ချထားမည် ဆိုပါက မြေယာပိုင်ဆိုင်မှု အငြင်းပွား ခြင်းကိစ္စရပ်များအတွက် တိုင်ကြားမှု အများအပြားရှိလာမည်ဖြစ်ပါကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment