Monday, August 29, 2016

ဆင်သေဆည် ရေပြည့်ရန် ၁၈ ပေကျော်လို၊ ဆည်ကျိုးကျသည်ဆိုသည်မှာ ကောလာဟလသာဖြစ်


သတင်း - ကျော်သူဝင်း၊ ဓာတ်ပုံ - သက်ထက်၊ တင်စိုးလွင်

တပ်ကုန်း သြဂုတ် ၂၈

နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းကာ ဆင်သေချောင်းရေကြီးမှုကြောင့် လူနေအိမ် ၂၂ လုံးနှင့်အတူ မျောပါမှုဖြစ်ပွားပြီးနောက် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆင်သေဆည် ကျိုးပေါက်သည်ဟူသော ကောလာ ဟလများ ထွက်ပေါ်ခဲ့ကာ ဒေသခံများပြောင်းရွှေ့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာများတွင် ဆင်သေဆည်ကျိုးပေါက်သည် ဟူသော ကောလာဟလများကြောင့် မြို့ပေါ်ရှိ ဈေး၊ ရပ်ကွက်နှင့် ကျေးရွာများတွင် ရောင်းဝယ်ဖောက်ကားမှုများ အနှောင့်အယှက်ဖြစ်ခဲ့ရပြီး ဒေသခံများ စိုးရိမ်စိတ် များခဲ့ကြရသည်။ 

သြဂုတ် ၂၇ ရက်တွင် ဆည်ကျိုးပြီဟူသော ကောလာဟလကြောင့် ဒေသခံများ နေအိမ်ရှိပစ္စည်းများ သယ်ယူပြောင်းရွှေ့ သွားလာနေကြခြင်းကြောင့် သက်ဆိုင်ရာ မြို့ပေါ် ရပ်ကွက်၊ ကျေးရွာတာဝန်ရှိသူများက ဆည်ကျိုးပေါက်မှုမရှိကြောင်း ပြည်သူ များသိရှိရန် အသံချဲ့စက်များဖြင့် လိုက်လံအသိပေးမှုများ ပြုခဲ့ကြရသည်။
''သြဂုတ် ၂၆ ရက် နံနက်က ရိုးမတောင်တန်းပေါ်မှာ မိုးများစွာရွာသွန်းခဲ့ပြီး ဆင်သေချောင်းထဲကို ရေတွေတိုးဝင်လာတာကြောင့် သံပုရာကုန်းကျေးရွာအုပ်စုရှိ သံပုရာကုန်းရွာနဲ့ လက်ပံအိုင့်ကျေးရွာတို့မှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီရေကြီးရေလျှံမှုကြောင့် အိမ်ခြေ ၂၂ လုံး မျောပါခဲ့တယ်။ ချောင်းရေကြီးမှုက ဒီနေ့မှာ ရေကျသွားပါပြီ။ ဒါပေမယ့် ဒေသခံတွေကတော့ စိုးရိမ်နေကြပါတယ်။ ဒီလို ကျေးရွာမှာ အိမ်ခေါင်မိုးအထိ ရေနစ် မြုပ်တာ ကျွန်တော့်တစ်သက် တစ်ခါမှ မဖြစ်ဖူးပါဘူး။ ရွာလုံးကျွတ်ရေမြုပ်မှု ကြောင့် ဆည်ကျိုးပြီဆိုတဲ့ ကောလာ ဟလတွေ ထွက်နေတာပါ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း လိုက်လံ ကြေညာပေးနေပါတယ်''ဟု လက်ပံအိုင့် ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
သြဂုတ် ၂၆ ရက် နံနက် ၂ နာရီတွင် ဆင်သေချောင်းရေ ရုတ်တရက်စီးဆင်း လာသောကြောင့် တပ်ကုန်းမြို့နယ်ရှိ သံပုရာကုန်းကျေးရွာနှင့် လက်ပံအိုင့် ကျေးရွာတို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ရာတွင် လူနေအိမ် ၂၂ လုံး ရေစီး နောက် မျောပါခဲ့ပြီး အိမ်ခြေ ၂၄ဝ နစ်မြုပ် ကာ သိုလှောင်ထားသည့် ဆန်စပါးနှင့် အိမ်တွင်းပစ္စည်းများ မျောပါပျက်စီးဆုံးရှုံး ခဲ့သည်။ လူနှင့်တိရ္ဆာန် ပျောက်ဆုံးမှုမရှိ ကြောင်း သိရသည်။ အဆိုပါ ရေကြီးမှုကို အကြောင်းပြုပြီး ဆင်သေဆည် ကျိုး ပေါက်မှုဖြစ်ပွားသည်ဟု ကောလာဟလ များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ရေဘေး သင့် အိမ်ထောင်စုများကို လက်ပံအိုင့် ကျေးရွာ ဘုန်းကြီးကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ် ထားရှိကာ အလှူရှင်များ၊ လူမှုအဖွဲ့ အစည်းများက လာရောက်လှူဒါန်း လျက်ရှိသည်။

''ကျွန်တော်တို့ ကယ်ဆယ်ရေး စခန်းကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ စေတနာ ရှင်တွေက နေ့စဉ်လာရောက်လှူဒါန်း နေပါတယ်။ ကျောင်းသားလေးတွေ အတွက် အခက်အခဲဖြစ်နေပါတယ်၊ စာအုပ်စာတမ်းတွေအကုန်လုံး ရေမြုပ် တဲ့အထဲ ပါကုန်ပါတယ်။ ကျောင်းတက်ဖို့ အတွက် ကျောင်းသုံးစာအုပ်နဲ့ ဗလာ စာအုပ်တွေတော့ လိုပါတယ်။ ရွာမှာရှိတဲ့ ကျောင်းသားတွေရဲ့ ကျောင်းစာအုပ်တွေ အကုန်လုံးနီးပါး ရေနောက်ပါသွားပါ တယ်'' ဟု ရေဘေးသင့်ဒေသခံတစ်ဦး က ပြောပြသည်။

အဆိုပါ ယာယီကယ်ဆယ်ရေးစခန်း သို့ နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဗဟိုအဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရေကြီးရေလျှံမှုဖြစ် သော ကျေးရွာနှစ်ရွာမှ ဒေသခံပြည်သူ များအား လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရ သည်။
မြို့ပေါ်၊ ရပ်ကွက်၊ ကျေးရွာများတွင် ကောလာဟလများကြောင့် နောက်ပိုင်း တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ ပြန်လွှတ် ကာ ခေတ္တပိတ်ခဲ့ရသည်။ အဆိုပါ ဆည်ကျိုးသည်ဟူသော ကောလာဟလ သည် ဖေ့ဘုတ်လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ လာသောကြောင့် ဒေသခံများ စိုးရိမ်ခဲ့ရ သည်။ ဆင်သေချောင်းရိုးတစ်လျှောက်ရှိ ကျေးရွာများတွင် လူနှင့် တိရ္ဆာန်များ ပြောင်းရွှေ့ နေကြကြောင်း ဒေသခံများ၏ ပြောပြ ချက်အရ သိရသည်။
ဆင်သေဆည်သည် တပ်ကုန်းမြို့ နယ်တွင် အကြီးဆုံးဆည်ဖြစ်ပြီး ရေလှောင်ပမာဏမှာ ၁၄၃ဝဝဝ ကျော် ဧကပေရှိကာ လယ်ဧကများစွာကို တစ်နှစ်ပတ်လုံး ရေများထုတ်လွှတ်ပေး လျက်ရှိသည်။ ယခု မိုးရာသီတွင် မိုးရွာ သွန်းမှု များလာသောကြောင့် ရေများ ပိုမိုဝင်ရောက်လာသော်လည်း ဆည်ရေပြည့်ရန် ၁၈ ပေကျော်လို ကြောင်း၊ ယခု ရေကြီးရေလျှံမှုမှာ ဆည်မှထုတ်လွှတ်သည့် ရေမဟုတ်ဘဲ မိုးရေများသာဖြစ်ကြောင်း၊ အနောက် ရိုးမပေါ်တွင် မိုးများပြီး ဆင်သေချောင်း ထဲသို့ စီးဝင်လာကာ အနိမ့်ပိုင်းတွင် ရှိသည့် ကျေးရွာနှစ်ရွာအား ရေများ ဝင်ရောက်လာ၍ နစ်မြုပ်ခြင်းဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ တပ်ကုန်းမြို့နယ် မှာရှိတဲ့ ဆင်သေဆည်ကျိုးတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ရေဖောက်ချတယ် ဆိုတာလည်း မဟုတ်ပါဘူး။ ဆည်ရေ ပြည့်ဖို့တောင် ၁၈ ပေကျော် လိုနေသေး ပါတယ်။ ဆည်ကျိုးတယ်ဆိုတာ ကောလာ ဟလပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆည်မြောင်းဦးစီးဌာနက တာဝန်ရှိသူ တွေကလည်း ဆည်ခံနိုင်ရည် ရှိ မရှိ အမြဲစစ်ဆေးနေပါတယ်။ အနောက်ရိုးမ ရေပိုရေလွှဲဧရိယာမှာ မိုးရွာသွန်းမှုတွေ များပြီး ဆင်သေချောင်းထဲ ရေတွေ ဒလဟော စီးဆင်းတာဖြစ်ပါတယ်။ ဆင်သေချောင်း အရင်းပိုင်းမှာသာ ရေကြီးမှုတွေဖြစ်ပေါ်ပြီး ချောင်းဖျားပိုင်း မှာ ဘာမှမဖြစ်ပါဘူး။ ကျေးရွာနှစ်ရွာ ရေကြီးတယ်ဆိုတာကလည်း ချောင်းရေ ကြီးတာကြောင့် ဖြစ်ပါတယ်။ ဆင်သေ ဆည်ဟာ ၂ဝဝ၅ ခုနှစ်မှာ ရေပြည့်မှတ် ရောက်ခဲ့ပေမယ့် စိုးရိမ်ဖွယ်ရာ မရှိခဲ့ပါဘူး။ 

လူမှုကွန်ရက်စာမျက်နှာ တွေမှာ ဆင်သေဆည် ကျိုးကျတယ် ဆိုတာ အမှန်တကယ် မဟုတ်ပါဘူး။ ဆည်အက်ကွဲတာတို့၊ ကတွက်ပေါက်တာ တို့လည်း မဖြစ်ပါဘူး။ ကျွန်တော်တို့ ဆည်မြောင်းအဖွဲ့က နေ့ညမပြတ် ဆင်သေဆည်ကြံ့ခိုင်မှု ရှိ မရှိ အမြဲ စစ်ဆေးနေပါတယ်'' ဟု တပ်ကုန်းမြို့နယ် ဆည်မြောင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနန်းအောင်က ပြောသည်။
အဆိုပါ ဆင်သေချောင်းရေကြီး မှုကြောင့် ချောင်းအနီးရှိ စိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ဆင်သေချောင်း သည် ရေကြီးရေလျှံမှု မဖြစ်ပေါ်သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်း၊ ချောင်းရိုးတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများ စိုက်ပျိုးထားသော ပြောင်း၊ ငရုတ်၊ မုန်လာဥ စသည်တို့ ရေကြီးမှု ကြောင့် ပျက်စီးခဲ့ရကြောင်း ဒေသခံများ ၏ ပြောပြချက်အရ သိရသည်။
ဆင်သေဆည်သည် စတင်တည် ဆောက်စဉ်မှ ယခုအချိန်ထိ ရေကြီး ရေလျှံမှု တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူး ခြင်းကြောင့် ဒေသခံများအနေဖြင့် ဆည်ကျိုးသည်ဟူသော ကောလာဟလ များကို မယုံကြည်ဘဲ ပြည်သူများ အနေဖြင့် သက်ဆိုင်ရာက ထုတ်ပြန် ကြေညာအသိပေးမှုများကိုသာ အမြဲ မပြတ် သတိပြုကြရန် လိုအပ်ကြောင်း ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

No comments:

Post a Comment