Tuesday, August 30, 2016

30.8.2016...ကြေးမုံ စာတည်းရှုထောင့်



ညီညာမှ ပြည်သာ


မြန်မာတို့၏ ကံဇာတာတက်ချိန်သည် လူထုခေါင်းဆောင်၏ဦးဆောင်မှုဖြင့် တစ်နိုင်ငံလုံးစည်းရုံးမိချိန်ဖြစ်သည်။ မျက်မှောက်ကာလမှာ နှစ်ပေါင်း ငါးဆယ်ကျော်ကာလအတွင်း လူထုကရွေးချယ်တင်မြှောက်ခဲ့သော ပထမဆုံး လူထုအစိုးရဖြစ်သည်။ လူထုခေါင်းဆောင်တို့ တာဝန်ယူ ဆောင်ရွက်နေသော အချိန်ကာလတွင် နိုင်ငံနှင့် လူထုအကျိုးကို အလေး ထားဆောင်ရွက်နေကြသည်ကို လူထုအများစုအသိပင်ဖြစ်သည်။
လူထုအစိုးရက နိုင်ငံတော်နှင့်လူထုအကျိုးကို ရှေးရှုဆောင်ရွက်ကြရာတွင် ရိုးသားပွင့်လင်းစွာဖြင့် ကိုယ်ကျိုးမဖက် အများအကျိုးအတွက် ဆောင်ရွက်ခဲ့ကြရာ အားသာချက်များရှိသလို ပိုမိုအားသာအောင်လည်း ဆောင်ရွက်လျက်ရှိသည်။ အားနည်းချက်များရှိသလို ထိုအားနည်းချက်များ ကိုလည်း ပွင့်ပွင့်လင်းလင်းဖွင့်ဟဝန်ခံ၍ ပြုပြင်ပြောင်းလဲဆောင်ရွက်ပေးခြင်းမှာ ရိုးသားခြင်း၏လက္ခဏာပင်ဖြစ်သည်။
ရိုးသားခြင်းသည် ယုံကြည်မှုတည်ဆောက်ခြင်းအတွက် အဓိက လိုအပ်ချက်ဖြစ်၍ အသွင်တူ၊ အသွင်မတူ အဖွဲ့အစည်းများကြားတွင်သာမက ပြည်သူလူထုတစ်ရပ်လုံးအပေါ်တွင်လည်း အကျိုးသက်ရောက်မှု ဖြစ်စေသည်။ လူထုအစိုးရ နိုင်ငံ့တာဝန်စတင်ယူသည့်အချိန်မှစ၍ အမြင်မတူ ကွဲပြားခြားနားမှု အမျိုးမျိုးတို့ကို ချုပ်ငြိမ်းစေလိုသောအားဖြင့် အမျိုးသား ရင်ကြားစေ့ရေးလုပ်ငန်းစဉ်ကို ဦးစားပေးဆောင်ရွက်ခဲ့ရာ အထူးအားဖြင့် တိုင်းရင်းသားအရေးကို ဦးစားပေးနေသည်ကို တွေ့ရသည်။
တစ်နိုင်ငံလုံး၏ လွတ်လပ်ရေးကိုသာ မျှော်မှန်းခဲ့သောအချိန်က အားလုံးညီညာစွာချီတက်ခဲ့ကြသည်။ မြန်မာဟု ခြုံငုံ၍ခေါ်ဆိုရသော မြန်မာအမျိုးသားအပေါင်းတို့သည် ရာဇဝင်သမိုင်းတွင် မကြုံဖူးအောင် စည်းလုံးခဲ့ကြပေသည်။ ရှမ်းတို့သည်လည်းကောင်း၊ ကရင်၊ ကချင်၊ ချင်းတို့ သည်လည်းကောင်း၊ မွန်၊ ရခိုင်၊ ကယားတို့သည် လည်းကောင်း ကျဉ်းမြောင်းသော လူမျိုးရေးကိုမေ့၍ ကျယ်ပြန့်သောမြန်မာအမျိုးသားရေးကိုသာလျှင် အဓိကထားခဲ့ကြသည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလက-
''လွတ်လပ်ရေးသည် သူတောင်းစား၏ခွက်ထဲသို့ ပစ်ချခံရသည့် အသပြာကြေးပြားကဲ့သို့ ကျရောက်လာမည့် စွန့်ကြဲခြင်းမျိုးမဟုတ်။ စွန့်စား ကြိုးပမ်း၍ ဆွတ်ယူရမည့်အောင်ပန်းဖြစ်သည်''ဟု ဗိုလ်ချုပ်အောင်ဆန်း က ဆိုခဲ့သည်။

ထိုအောင်ပန်းကို ဆွတ်ယူရန်အတွက် ဆယ်နှစ်လည်းစောင့်၍မနေ။ ငါးနှစ်လည်းစောင့်၍မနေ။ တစ်နှစ်အတွင်းအရယူရန် မလျှော့သောဇွဲဖြင့် ကြိုးပမ်းကြမည်။ စွန့်စားကြမည်။ စည်းရုံးညီညာကြမည်။ ထိုသို့ ဗိုလ်ချုပ် အောင်ဆန်းက ညာသံပေးလေရာ မြန်မာတို့က ညီညာစွာ တစ်နှစ်အတွင်း လွတ်လပ်ရေးသို့ဟု သံပြိုင်ကြွေးကြော်၍ ချီတက်ကြလေသည်။ မြန်မာတို့သည် လူမျိုး၊ ဘာသာ၊ ကျား၊ မ မရွေး ညီညာခဲ့ကြသည်။ တစ်နှစ်အတွင်းပင် တောင့်တသော လွတ်လပ်ရေးကို ရကြသည်။
မျက်မှောက်ကာလတွင်လည်း ဤသဘောပင်ဖြစ်သည်။ အမျိုးသား ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင် ကြိုးပမ်းမှုကြောင့် လွတ်လပ်ရေးရပင်ရငြားသော်လည်း လွတ်လပ်ရေးနှင့် အတူပေါက်ဖွားခဲ့သော ပြည်တွင်းမငြိမ်းချမ်းမှုမှာ နှစ်ပေါင်း ၆ဝ ကျော်ကြာ သက်ဆိုးရှည်နေဆဲဖြစ်သည်။ တိုင်းပြည်မငြိမ်းချမ်းသရွေ့ ပြန်လည်ထူထောင်ရေး၊ တစ်တိုင်းပြည်လုံးဖွံ့ဖြိုးရေးကို ထိရောက်အောင်လုပ်ဆောင်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ငြိမ်းချမ်းရေးကို အလေးအနက်ထား၍ လွတ်လပ်ရေးကြိုးပမ်းမှုကာလကကဲ့သို့ တစ်နှစ်အတွင်းရရှိရေးအတွက် မဖြစ်မနေရရှိနိုင်ရန် အားလုံးညီညွတ်ကြရမည်။
စစ်ဘေးအန္တရာယ်များကြားတွင် တို့တစ်တွေသည် လွတ်လပ်သော မြန်မာပြည်ကို ထူထောင်ခဲ့ကြသည်။ တို့အစိုးရ၊ တို့တပ်မတော်၊ တို့တရား ရုံး၊ တို့အုပ်ချုပ်ရေးတို့ရှိခဲ့သည်။ စစ်ဘေးအန္တရာယ် လုံးဝကင်းစင်သော အခါဝယ် တို့မြတ်နိုးသောလွတ်လပ်ရေးကို ဆက်လက်ထိန်းသိမ်းရင်း တို့လူထုတစ်ရပ်လုံး ငြိမ်းချမ်းသာယာဖွံ့ဖြိုးရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နိုင်ရန် တို့တစ်တွေအားလုံးညီညွတ်ဖို့ အချိန်တန်ပြီ။
လူထုခေါင်းဆောင်၏ ဦးဆောင်မှုဖြင့် ညီညွတ်ချိန်၊ ညီညာမှ ပြည်သာချိန်သို့ရောက်ရှိမှသာ လူထုအားလုံးမျှော်လင့်နေသည့် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံအဖြစ်သို့ တက်လှမ်းရောက်ရှိမည်ဖြစ်ပါသည်။ ။

No comments:

Post a Comment