Friday, July 29, 2016

ဂျပန်နိုင်ငံ JACOM Co., Ltd. က ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများအတွက် ပညာသင်ဆုများပေးအပ်မည်



The Mirror Daily's photo.
ရန်ကုန် ဇူလိုင် ၂၈
ဂျပန်နိုင်ငံ JACOM Co., Ltd. က ရန်ကုန် ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများအတွက် ပညာသင်ဆုများပေးအပ်မည့် သဘောတူညီမှု လက်မှတ်ရေးထိုးပွဲကို ဇူလိုင် ၂၆ ရက် နံနက် ၁ဝ နာရီက ရွှေပြည်သာမြို့နယ်ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ ပညာသင်ဆုမှာ ၂ဝ၁၆ ဒီဇင်ဘာ ၁ ရက်တွင် စတင်အသက်ဝင် မည်ဖြစ်ပြီး ယခုနှစ် ကျောင်းဖွင့်ရာသီ ဒီဇင်ဘာလတွင် စတင်တက်ရောက်မည့် ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသား ကျောင်းသူများအား ရွေးချယ်ပေးအပ် သွားမည်ဖြစ်ပြီး တစ်လလျှင် ငွေကျပ်ငါးသောင်းနှုန်းဖြင့် တစ်နှစ်အတွက် ငွေကျပ်ခြောက်သိန်းနှုန်းကို ဘွဲ့ရသည်အထိ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
''ပညာထူးချွန်ပြီး ပညာသင်စရိတ်အတွက် ငွေကြေးအခက်အခဲရှိတဲ့ ကျောင်းသား ကျောင်းသူတွေ လွတ်လွတ်လပ်လပ် စာကြိုးစားနိုင်အောင်နဲ့ ဘွဲ့ရပြီးရင် ဒီ JACOM ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားတယ်ဆိုရင် အလုပ်ခန့်ပေးမယ်။ မြန်မာနဲ့ ဂျပန် ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာစေဖို့ ပံ့ပိုးပေးတာဖြစ်ပါတယ်''ဟု ဂျပန်နိုင်ငံ JACOM Co., Ltd. မှ Director and Chief Operating Officer, Mr. Kazuo Kawasaki က ပြောသည်။
အဆိုပါအခမ်းအနားတွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မီမီသက်သွင်နှင့် JACOM Co., Ltd. မှ Director and Chief Operating Officer, Mr. Kazuo Kawasaki တို့က သဘောတူညီမှုကို လက်မှတ်ရေးထိုးကြသည်။
ရန်ကုန်ကွန်ပျူတာတက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာခိုင်မိုးနွယ်က ''ဒီပညာသင်ဆုက ကျောင်းသား ကျောင်းသူတွေအတွက် စာအုပ်စာတမ်းကြေး ကုန်ကျစရိတ်နဲ့ ကျောင်းဖယ်ရီခ စတဲ့ လိုအပ်တဲ့အပိုင်းလေးတွေကို လုံလောက် မှုရှိစေဖို့အထောက်အပံ့ပြုနိုင်မှာဖြစ်ပြီး အဓိကကတော့ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေဖို့ JACOM Co., Ltd. က တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီပံ့ပိုးပေးတာဖြစ်ပါတယ်။ ပညာသင်ဆု အပြင် ဘွဲ့ရပြီးပါကလည်း ဂျပန်နိုင်ငံက JACOM Co., Ltd. မှာ သွားရောက် လုပ်ကိုင်နိုင်မယ့်အခွင့်အရေးလည်း ရရှိနိုင်မှာဖြစ်ပါတယ်''ဟု ဆိုသည်။
ယင်းပညာသင်ဆုကို ၂ဝ၁၆ ပညာသင်နှစ်မှ ၂ဝ၁၉ ပညာသင်နှစ်အထိ ထောက်ပံ့ပေးသွားမည်ဖြစ်ရာ ၂ဝ၁၆ ပညာသင်နှစ်တွင် ပထမနှစ်နှင့် ဒုတိယ နှစ် ကျောင်းသား ကျောင်းသူ နှစ်ဦး၊ ၂ဝ၁၇ ပညာသင်နှစ်၊ ၂ဝ၁၈ ပညာသင်နှစ်၊ ၂ဝ၁၉ ပညာသင်နှစ်တို့တွင် တစ်နှစ်လျှင် တစ်ဦးစီတိုး၍ သတ်မှတ်ရွေးချယ် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ပညာသင်ကာလပြီးဆုံး၍ ဘွဲ့ရသည်အထိ နှစ်ရှည်ထောက်ပံ့ပေးသွားမည် ဖြစ်သည်။ အဆိုပါပညာသင်ဆုကို ပညာသင် နှစ်စတိုင်း JACOM Co., Ltd. က ရွေးချယ်ပေးအပ်သွားမည်ဖြစ်သည်။ JACOM Co., Ltd. သည် ၁၉၇၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ ရှင်ဂျူကုအရပ်၌ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ငွေကြေးဆိုင်ရာကဏ္ဍများတွင် ဆော့ဖ်ဝဲလ်များရေးဆွဲနေသည့် ကုမ္ပဏီဖြစ်ပြီး ယင်းကုမ္ပဏီ၌ မြန်မာနိုင်ငံ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသား နှစ်ဦး လက်ရှိ လုပ်ငန်းခွင်၌ ဝင်ရောက်လုပ်ကိုင်နေကြောင်း သိရသည်။
(ဝင်းဝင်းမော်)

No comments:

Post a Comment