Friday, July 1, 2016

မြန်မာဇာတ်ကားသစ် 'ပြန်ခေါ်သက်သေ' စတင်ရုံတင်ပြသ

The Mirror Daily's photo.
ယခုတစ်ပတ်တွင် မြန်မာဇာတ်ကားသစ် ကြည့်ရှုလိုသူ ပရိသတ်ကြီးအတွက် မြန်မာ ဇာတ်ကားသစ်ဖြစ်သည့် 'ပြန်ခေါ်သက်သေ'အမည်ရှိ အိမ်ထောင်ရေးဇာတ်ကားသစ်ကို ကြည့်ရှုခံစားနိုင်ကြမည်ဖြစ်သည်။
ယင်းဇာတ်ကားသည် အမူအရာ၊ ဓလေ့စရိုက်ချင်း ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်ကာ သဘော ထားကွဲလွဲနေသည့် အိမ်ထောင်သက် ငါးနှစ်ကျော် ခြောက်နှစ်ခန့်ရှိသည့် လင်မယားစုံတွဲတစ်တွဲ အကြောင်းကို အခြေခံကာ ဟာသဇာတ်လမ်း ဇာတ်ကွက်များဖြင့် ပုံဖော်ခြယ်မှုန်းထားသည့် ဇာတ်ကားတစ်ကားဖြစ်သည်။
ယင်းဇာတ်ကားသည် မင်းလူ၏ဝတ္ထုကို ဇာတ် ညွှန်း မိုးနီလွင်က ရေးသားကာ ဒါရိုက်တာမီးပွားက ပုံဖော်ရိုက်ကူးထားခြင်းလည်းဖြစ်သည်။
ယင်းဇာတ်ကားသစ်တွင် မင်းသား ဟိန်းဝေယံ၊ မင်းသမီး သက်မွန်မြင့်တို့က အဓိက သရုပ်ဆောင်ကာ သားညီ၊ စူးရှ၊ ကျော်ကျော်နှင့် သရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ထားကြသည်။
ယင်းဇာတ်ကားကို သမ္မတ၊ သွင်၊ မင်္ဂလာ(၁) သိမ်ကြီးဈေး၊ တော့ရွိုင်ရယ်(စိန်ဂေဟာပါရမီ)၊ မင်္ဂလာစံပြ၊ ဝင်းလိုက်၊ မြို့မနှင့် မင်္ဂလာထွန်းသီရိ ရုပ်ရှင်ရုံတို့တွင် ဇူလိုင် ၁ ရက်(ယနေ့)မှ စတင် ကာ ရုံတင်ပြသသွားမည်ဖြစ်သည်။
ထို့အပြင် ဇေရဲထက်၊ ရာဇာနေဝင်း၊ ထွန်းထွန်း၊ စိုးမြတ် သူဇာနှင့် ရွှေမှုန်ရတီတို့ ပါဝင်သရုပ်ဆောင် ထားသည့် ဟာသဇာတ်ကား 'ကျွန်တော် ကျွန်မ ယောက်ျား ဗိုက်ကြီးသယ်' ဇာတ်ကားကိုလည်း ဆက်လက်ရုံတင်ပြသသွားမည်ဖြစ်ပြီး ရှေ့ဆောင် (၂)ရုပ်ရှင်ရုံနှင့် မင်္ဂလာ ဝဇီရာ(လှိုင်သာယာ)တို့တွင် ဆက်လက်ပြသသွားမည်ဖြစ်သည်။
ဆက်လက်ပြီး နိုင်ငံခြားဇာတ်ကားအနေဖြင့် ပြသဆဲ ဇာတ်ကားများအပြင် သိပ္ပံဇာတ်ကား ကြိုက်နှစ်သက်သူများအတွက် Independence Day: Resurgence သရီးဒီသိပ္ပံအက်ရှင်ဇာတ်ကား ကို အသစ်ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။
ယင်းဇာတ်ကားသစ်ကို မင်္ဂလာ(၂)၊ ဒဂုံစင်တာ (၂)မြေနီကုန်း၊ နေပြည်တော် Cineplex 1 2 3၊ မင်္ဂလာစံပြ၊ မင်္ဂလာဒိုင်းမွန်းနှင့် မင်္ဂလာထွန်းသီရိ ရုပ်ရှင်ရုံများတွင် ဇူလိုင် ၁ ရက်မှ စတင်ကာ ပြသသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ပြသဆဲဇာတ်ကားများအနေဖြင့် နာမည်ကြီးဘောလိဝုဒ်ဇာတ်ကားHousefull 3 အပြင် Now You See Me(2) နှင့် သည်းထိတ် ရင်ဖိုဇာတ်ကားတို့ကို နေပြည်တော်၊ ရှေ့ဆောင် နှင့် မင်္ဂလာဒိုင်းမွန်း Cineplex 1 2 3 ရုပ်ရှင်ရုံတို့ တွင် ဆက်လက်ကြည့်ရှုနိုင်ကြမည်ဖြစ်ပါကြောင်း တစ်ပတ်အတွင်း ရုပ်ရှင်အညွှန်းကဏ္ဍမှ ညွှန်းဆို တင်ဆက်လိုက်ရပါသည်။
ဖြိုးစန္ဒာမြင့်

No comments:

Post a Comment