Friday, July 1, 2016

လူထုဗဟိုပြုစီမံကိန်းကို မြို့နယ် ၂၇ ခုတွင် ဆောင်ရွက်လျက်ရှိပြီး မြို့နယ်ပေါင်း ၆၃ ခုအထိ တိုးချဲ့ဆောင်ရွက်မည်



The Mirror Daily's photo.


နေပြည်တော် ဇွန် ၃ဝ

လူထုဗဟိုပြုစီမံကိန်းကို ၂ဝ၁၃ ခုနှစ် မှစ၍ ယနေ့တိုင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် သုံးနှစ်တာကာလကျော် ရှိခဲ့ပြီဖြစ်သည်။ စီမံကိန်းကို မြို့နယ် သုံးမြို့နယ်မှစတင်ခဲ့ကာ ယခုအခါ ၂၇ မြို့နယ်အထိ တိုးချဲ့ဆောင်ရွက် နိုင်ခဲ့သည်။ စီမံကိန်းစတင်ချိန်တွင် ကမ္ဘာ့ဘဏ်၏ ထောက်ပံ့ငွေဖြင့် စတင်ခဲ့ပြီး ယခုအခါ စီမံကိန်း၏အောင်မြင်မှုများကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ထောက်ပံ့ငွေအပြင် အီတလီချေးငွေများ၊ နိုင်ငံတော်ထည့်ဝင်ငွေများ၊ ကမ္ဘာ့ဘဏ်၏ချေးငွေတွေပါ ပါဝင်လာသည့်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၃၂ သန်းဖြင့် မြို့နယ်ပေါင်း ၆၃ မြို့နယ်ထိ တိုးချဲ့၍ ၂ဝ၂၁ ခုနှစ်ထိလျာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက အကောင်အထည် ဖော်ဆောင်ရွက်သည့် လူထုဗဟိုပြု စီမံကိန်း(CDD)သုံးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က အမှာစကားပြောကြားသည်။

ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် ယခုလက်ရှိ တွင် စီမံကိန်းမြို့နယ်ပေါင်း ၂၇ မြို့နယ်၊ ကျေးရွာအုပ်စုပေါင်း ၁၂၁ဝ၊ ကျေးရွာပေါင်း ၅၄၂၇ ရွာ၊ စီမံကိန်း လုပ်ငန်းခွဲပေါင်း ၃၆၂၂ ခုကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂ဝ၁၆ ခုနှစ် စက်တင်ဘာလတွင် ပြည်ထောင်စုအဆင့် သက်ဆိုင်ရာ အဖွဲ့အစည်းများပါဝင်သော သုံးသပ် ဆွေးနွေးပွဲအခမ်းအနား (Union MSR)ကို နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယင်းသုံးသပ် ဆွေးနွေးပွဲမတိုင်မီ မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲများကို အပြီးလုပ်ဆောင်သွားရမည်ဖြစ်ပြီး မြို့နယ်အဆင့်ဆွေးနွေးပွဲများ ကျင်းပရန် အတွက် ၆ဝ ရာခိုင်နှုန်း Social Audit ပြီးရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် အစည်းအဝေးတွင် မိုးတွင်းချိန်ခါ စီမံကိန်းလုပ်ငန်းခွဲများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့်အခက်အခဲများအတွက် ကြိုတင်အဖြေရှာသုံးသပ် ဖော်ထုတ်သွားရန် ဖြစ်ကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကမ္ဘာ့ဘဏ်၊ ပြည်ထောင်စုအဆင့် နည်းပညာ အကြံပေးအဖွဲ့၊ INGO/NGO ၊ မြို့နယ်နည်းပညာအကြံပေးအဖွဲ့များ မှကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စီမံကိန်းမြို့နယ် တာဝန်ခံများက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးကြပြီး ဆွေးနွေးမှုများအပေါ် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment