Saturday, July 2, 2016

ပည်တွင်းလုပ် တိုက်လေယာဉ်အုပ်စု အိန္ဒိယလေတပ်တွင် စတင် တာဝန်ချထား



The Mirror Daily's photo.


နယူးဒေလီ ဇူလိုင် ၁

အိန္ဒိယပြည်တွင်းလုပ် စစ်ပစ္စည်းများ တိုးမြှင့်သုံးစွဲရေးဟူသည့် အစိုးရက ချမှတ်ထားသောမဟာဗျူဟာအရ ပြည်တွင်းထုတ် အပေါ့စား တိုက်လေယာဉ် အုပ်စုတစ်စုအား ပထမဆုံးအကြိမ် တာဝန်ချထားမှုကို ဘင်္ဂလောရှိ အိန္ဒိယလေတပ်အခြေစိုက်စခန်းတစ်ခုတွင် ဇူလိုင် ၁ ရက် က ပြုလုပ်ခဲ့သည်။ တာဝန်ချထားသော လေယာဉ်အမျိုးအစားမှာ တေဂျပ်စ်အမျိုးအစား အပေါ့စားတိုက်ခိုက်ရေး ဂျက်လေယာဉ်များ ဖြစ်သည်။

အိန္ဒိယနိုင်ငံတောင်ပိုင်း ဘင်္ဂလောမြို့ရှိ လေတပ်အခြေစိုက် စခန်းတွင် တေဂျပ်စ်အမျိုးအစား အသံထက်မြန်သော အပေါ့စား တိုက်လေယာဉ်နှစ်စင်းအား လေတပ်သို့လွှဲအပ်ခဲ့သည်။ ပျံသန်းနေသော ဓားမြောင်များဟု အမည်မှည့်ခေါ်ထားသည့် လေယာဉ်အုပ်စုအား တေဂျပ်စ်အမျိုးအစား လေယာဉ်များဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယနေ့လွှဲအပ်သော လေယာဉ်နှစ်စင်းမှာ အဆိုပါလေယာဉ်အုပ်စု၏ ပထမဆုံးသော အစိတ်အပိုင်းဖြစ်သည်။ ဇူလိုင် ၁ ရက်တွင် ကျင်းပသော တေဂျပ်စ်လေယာဉ်များ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားသည် ၃၃ နှစ်ကြာမျှ စောင့်ဆိုင်းခဲ့ရသော ပြည်တွင်းလုပ်တိုက်လေယာဉ်များ အိန္ဒိယလေတပ်တွင် အသုံးပြုနိုင်ရေးကာလကို အဆုံးသတ်နိုင်ခဲ့ သော်လည်း ပြည်တွင်းလုပ် တေဂျပ်စ်တိုက်လေယာဉ် တည်ဆောက်ရေးတွင် အဓိကကျသော လေယာဉ်အင်ဂျင်ကို အမေရိကန်နိုင်ငံ ဂျီအီးကုမ္ပဏီမှ ဝယ်ယူရပြီး အခြားအစိတ်အပိုင်း အများအပြားကို ပြည်ပမှ မှာယူတင်သွင်းနေကြဆဲဖြစ်ကြောင်း တိုင်းမ်စ်(အော့ဖ်) အင်ဒီးယားသတင်းစာက ရေးသားဖော်ပြသည်။

ပျံသန်းနေသော ဓားမြောင်များအမည်ရှိ တိုက်လေယာဉ်အုပ်စုသည် အင်အားပြည့် တည်ဆောက်နိုင်ရန်အတွက် ၂ဝ၁၈ မှ ၂ဝ၂ဝ ထိတိုင် အချိန်ယူရမည်ဟု မျှော်လင့်ထားပြီး တေဂျပ်စ်အမျိုးအစား တိုက်လေယာဉ် ခြောက်စင်းကျော် အဆိုပါ လေယာဉ်အုပ်စုတွင် တပ်တော်ဝင်ရေးမှာ ယခုဘဏ္ဍာရေးနှစ်အကုန် ၂ဝ၁၇ ခုနှစ် မတ်လတွင် ဖြစ်နိုင်သည်ဟု မျှော်လင့်ထားသည်။
ဆင်ဟွာ။

No comments:

Post a Comment